လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဒေသရှိ ပုဒ်မ ၁၄၄ ထုတ်ထားသော ဆားလင်းကြီးမြို့နယ် ဇီးတော ကျေးရွာ သို့ ယနေ့ နံနက် ၂ နာရီခန့်က လုံထိန်း ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်း၍ ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း သတင်း ရရှိသည်။
“မနက် ၁ နာရီ ၄၅ မိနစ်လောက်က ယူနီဖောင်းဝတ် ရဲတွေက လုံထိန်း ကား ၂ စီး၊ ဆိုင်ကယ် ၁၀ စီးနဲ့ ဇီးတော ကျေးရွာကို ဝင်စီးတာ”ဟု ဒေသခံများကို ကူညီပေးနေသော လက်ပံတောင်း ဒေသရှိ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုထက် က ဧရာဝတီကို ပြောသည်။
လုံထိန်း ၃၀ ဝန်းကျင်ခန့်က ဇီးတောရွာ ကင်းတဲရှိ ကိုမောင်တူး နှင့် ကိုတင်လင်း တို့ကို ပထမ ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း၊ ဖမ်းဆီးခံရသူ စုစုပေါင်း ၄ ဦးရှိပြီး ၂ ဦး ပြန်လည် ထွက်ပြေး လွတ်မြောက် လာကြောင်း၊ ဇီးတောရွာ စမ်းမြ ဝတီ ကျောင်းတိုက်သို့ စစ်ဖိနပ်များ စီးကာ ခွင့်ပြုချက် မရဘဲ ကျောင်းထိုင် ဆရာတော်၏ အခန်းကို ဝင်ရောက် ဖျက်ဆီး သွားကြောင်းလည်း သူက ဆက်ပြောသည်။
အဆိုပါ ကျောင်းတိုက်မှ သက်တော် ၃၄ နှစ်၊ ဝါတော် ၁၄ ဝါရှိ ကျောင်းထိုင် ဆရာတော် ဦးအာလောက က လုံခြုံရေး တပ်ဖွဲ့များ ကျောင်းတိုက်သို့လာရောက် စီးနင်းစဉ် ကျောင်း၌ မရှိခဲ့ကြောင်း၊ ယနေ့ နံနက်မိုးလင်းပြီးမှ အကျိုးအကြောင်းများ ပြန် လည် သိရှိရကြောင်းနှင့် ကျောင်းသို့ စီးနင်း ဖျက်ဆီးသွားသူ လုံခြုံရေး တပ်ဖွဲ့အင်အား ခန့်မှန်းခြေ ၃၀ ခန့်ရှိသည်ဟု သိရကြောင်း ဧရာဝတီကို မိန့်ကြားသည်။
“ရဲ ၃၀ လောက်က ဦးပဉ္စင်း တို့ ကျောင်းကို ၂ နာရီလောက် လာပြီး အကြမ်းဖက်တာပေါ့။ ဦးပဉ္စင်း နေတဲ့ အခန်းကို မှန်ကို ရိုက်ခွဲပြီး သော့ခလောက်ကို ဖွင့်သွားတယ်”ဟု ဦးအာလောက က မိန့်သည်။
ဘုန်းကြီးကျောင်း ဝေယျာဝစ္စ လုပ်ကိုင်ပေးနေသည့် ကျောင်းစောင့် လူငယ်လေးများကို လက်ထိပ်နောက်ပြန်ခတ်၍ ရိုက်နှက် ညှဉ်းပန်းကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ လက်ထိပ် တွဲခပ်ခံထားရသူ ကိုဖိုးလုံး ခေါ် ဖိုးကုလား၊ အသက် ၁၇ နှစ်ရှိ ဆရာတော်၏ ဝေယျာဝစ္စ ကူညီပေးနေသူ ရဲထက်အောင်တို့ ၂ ဦးပြန်လည် လွတ်မြောက်လာပြီး ကျန် ရွာသား ၂ ဦး၏ သတင်းအစအန ယခုအထိ မရသေး၍ မိသားစုဝင်များ စိုးရိမ်နေကြောင်း ဆရာတော်က ဆက်၍ မိန့်ကြားသည်။
ဆရာတော်က“အဓိက က ရန်ကုန်ကလာပြီး ကူညီဆောင်ရွက်ပေးကြတဲ့ ကိုဟန်ဝင်းအောင်တို့၊ ကိုဗထူးတို့၊ ကိုထက် တို့ကို မေးတယ်ပေါ့ဗျာ၊ အဲဒါတွေကို မေးတာ မဖြေတဲ့အတွက် ဒီမှာ ကျောင်းစောင့်နေတဲ့ ကျောင်းသားလေးတွေကို ပါးနားရိုက် တယ်၊ စစ် ဖိနပ်တွေနဲ့ ရိုက်၊ ဘက်နက်တွေနဲ့ ရိုက်ပေါ့”ဟု ဆရာတော်က မိန့်သည်။
မကြာသေးခင်က လက်ပံတောင်း အစီရင်ခံစာ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးလှထွန်းက လက်ပံတောင်း ကြေးနီစီမံကိန်း နယ်မြေတွင်းက ဒေသခံ ရွားသားအများစုက မြေယာနှင့် သီးနှံလျော်ကြေး ငွေများ လာရောက်ထုတ်ယူမှု မရှိခြင်းသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တချို့၏ ပယောဂကြောင့်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
လက်ပံတောင်း စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများဖြစ်သည့် ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုမောင်စန်း တို့ ၃ ဦးသည် ယခု အထိ ဖမ်းဆီး ထိန်းသိမ်း ခံနေရဆဲဖြစ်ပြီး ဆန္ဒပြမှုဖြစ်စဉ်တွင် အားပေးကူညီသည်ဆိုသော ကွန်ရက်အဖွဲ့ဝင် တချို့နှင့် ဒေသ ခံတချို့ကို ဖမ်းဝရမ်းများ ထုတ်ထားသည့်အပြင် စီမံကိန်း ဒေသတချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ပြန်လည် ရုပ်သိမ်း ရေး အစီအစဉ်လည်း မရှိသေးကြောင်း သိရသည်။
ထိုကဲ့သို့ ဇီးတောကျေးရွာကို ညအချိန် လုံခြုံရေးအင်အား ခန့်မှန်းခြေ ၃၀၀ ခန့် က စီးနင်းချိန်တွင် အနီးရှိ ဆည်တည်း၊ တုံရွာ နှင့် မိုးကြိုပြင်ရွာတို့မှလည်း သံချောင်းများ ခေါက်ကာ ကျေးရွာလုံခြုံရေး ကာကွယ်ပြီး အကြမ်းဖက်စီးနင်းမှုကို လက်မခံနိုင်ကြောင်း အော်ဟစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားကြကြောင်း ဒေသခံရွာသားများက ပြောသည်။
အခင်း ဖြစ်ပွားသည့်အခြေအနေ သိလို၍ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းများသို့ မေးမြန်းရန် ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရရှိသေးပေ။
လက်ပံတောင်း အစီရင်ခံစာထွက်ပေါ်ပြီးနောက် ဒေသခံများအား ဆွေးနွေးညှိနှိုင်းမှု မရှီဘဲ မကြာသေးခင်က စာချုပ်အသစ် ပြန်လည်ချုပ်ဆိုခဲ့သည်ကိုလည်း ဒေသခံများက မကျေနပ်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
“လက်ပံတောင်းတောင် ကိစ္စကြီးမှာ ဒီလို အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်း အားဖြင့် ပြေလည်ရာပြေလည်ကြောင်း ဆွေးနွေးတဲ့ နည်းလမ်းကို သက်ရောက်သလားဆိုတာ ဦးပဉ္စင်းအနေနဲ့ နိုင်ငံတော် သမ္မတကြီးကို ပြောကြားချင်ပါတယ်”ဟု ဇီးတောရွာမှ ဦးအာလောက က မိန့်ကြားသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့တပ်မတော်၏ ဦးပိုင် ကုမ္ပဏီ တို့က ဦးဆောင် လုပ်ကိုင်နေကြပြီး ဒေသခံများက မြေယာ အဓမ္မသိမ်းဆီးခံရမှုများ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုများ၊ လူမှု ဘ၀ ထိခိုက် နစ်နာမှုများကြောင့် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်မှောက်မှုများ လုပ်ဆောင်ခဲ့စဉ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာသို့ လာရောက်သည့် ယမန် နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲခဲ့သည်။
ထိုအကြမ်းဖက်ဖြိုခွဲမှုကြောင့် ရဟန်းသံဃာတော်များအပါအဝင် ဒေသခံ လူ ၇၀ ကျော် မီးလောင်ဒဏ်ရာနှင့် ထိခိုက် ဒဏ်ရာ များ ရခဲ့ကြကာ သံဃာ ၂ ပါး၏ မီးလောင်ဒဏ်ရာ ပြင်းထန်မှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူခဲ့ရ သည်။
ရန်ကုန်ရှိ အမည်မဖော်လိုသူ နိုင်ငံရေး လေ့လာသူ တဦးကလည်း ယခုကဲ့သို့ လက်ပံတောင်း ဒေသ ကျေးရွာအား လုံခြုံရေး တပ်ဖွဲ့ဝင်များ က ည အချိန်မတော် စီးနင်းမှုသည် ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနားများ စတင်ကျင်းပကြချိန်နှင့်လည်း တိုက်ဆိုင်နေသည်ဟု ပြောသည်။
“အခုလို အကြမ်းဖက် စီးနင်းမှုတွေနဲ့ပတ်သက်ပြီးပြောချင်တာက အမြဲ တိုက်ဆိုင်နေတာ ထူးဆန်းနေတယ်။ ကျနော်တို့ လည်း တဖြည်းဖြည်း မလုံခြုံတော့သလို ခံစားရတယ်။ အခုအထိ စစ်အစိုးရလက်ထက်က လုပ်ပုံလုပ်နည်းတွေအတိုင်း လုပ်နေဆဲပဲ၊ မြေယာနဲ့ဘ၀ ရင်းနှီးစားသောက်နေရတဲ့ သူတွေက စီမံကိန်းကြောင့် မြေမဲ့၊ ယာမဲ့ဖြစ်သွားရတာကိုလည်း ထည့်စဉ်းစားဖို့ လိုမယ်”ဟုလည်း သူက ပြောဆိုသည်။