ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့နယ်ခွဲ အခြေစိုက် အမှတ် (၃၄၄) တပ်ရင်းမှူးက အရပ်သားတဦးကို ဆဲဆို ရိုက်နှက်သည့်အတွက် ကုန်းပြင် ရဲစခန်း၌ အမှုဖွင့်ထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့လည်း တိုင်ကြားမည်ဟု သတင်းရရှိရသည်။
ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းက ကားသမား ကိုစိုးလှိုင်သည် ငါးသိုင်းချောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့သို့ Light Truck ကားဖြင့် ခရီးသည်နှင့် ကုန်စည်များ တင်ဆောင် မောင်းနှင်လာခဲ့ရာ မြောက်စန်းကျေးရွာ အရောက်တွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး လူ ၂ ဦးက လမ်းကြောအလယ် ပိတ်ဆို့၍ မောင်းနှင်နေသဖြင့် ဟွန်းတီး၍ လမ်းတောင်းခဲ့ကြောင်း၊ ဆိုင်ကယ်သမားက ဖယ်ရှားမပေးဘဲ ၅ မိနစ်ခန့် ဆက်လက် မောင်းနှင်နေသည့် အတွက် ကျော်တက်ရာမှ ပြဿနာ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်က ကျနော့်ကားနဲ့ ထော်လာဂျီ ကြားထဲကနေ ကျော်တက်သွားတယ်။ ပြီးတော့ လမ်းလယ်ခေါင် ယာဉ်ကြောကနေ ပိတ်မောင်းနေတော့ ကျနော်က ဟွန်းအကြိမ်ကြိမ်တီးပြီး လမ်းတောင်းတယ်။ မဖယ်ပေးဘူး။ ဖြည်းဖြည်းပဲ နောက်က မောင်းပြီး လိုက်တာ ၅ မိနစ်လောက် ကြာတယ်။ မဖယ်ပေးတော့ လမ်းကျယ်တဲ့ နေရာရောက်တော့ ကျနော်က ဘေးကနေ ကျော်တက်ပြီးတော့ စိတ်တိုနေတာနဲ့ မင်းတို့ ***လို မောင်းနေတာလားလို့ ဆဲလိုက်မိတယ်။ အဲဒီမှာ ဆိုင်ကယ်ကို ကျနော့် ကားရှေ့မှာ ပိတ်ရပ်ပြီးတော့ ကားထဲမှာ ထိုင်နေတဲ့ကျနော့်ကို ပါးပိတ်ရိုက်ပြီး မင်းငါ့ကို ဘာမှတ်နေလဲ။ ငါတပ်ရင်းမှူးကွလို့ ပြောတယ်” ဟု ကားသမားကိုစိုးလှိုင်က ပြောသည်။
ထိုသို့ ရိုက်နှက်ခံနေသည့်အတွက် ကားသမား ကိုစိုးလှိုင်နှင့် ခရီးသည်များကပါ တောင်းပန်သော်လည်း တပ်ရင်းမှူး ဗိုလ်မှူး စိုးမြင့်က မကျေနပ်ဘဲ ကားမောင်းလိုင်စင်နှင့် ကားလိုင်စင်များကိုပါ အဓမ္မ သိမ်းဆည်းသွားခဲ့ကြောင်း အခင်းဖြစ်ပွားချိန်တွင် ကားပေါ်၌ အတူလိုက်ပါခဲ့သူ ကိုစိုးလှိုင်၏ဇနီး မနှင်းဆီက ပြောသည်။
သူက ဆက်လက်၍ “တပ်ရင်းမှူးက မေးတယ်။ မင်း ဘယ်က ကားလဲဆိုတော့ ကျနော် ငါးသိုင်းချောင်းက ကားပါလို့ ကိုစိုးလှိုင်က ပြန်ဖြေတယ်။ အဲဒီမှာ အမေတွေ နှမတွေ အကုန်တပ်ပြီး ဆဲတော့တာပဲ။ ကျမက တပ်ရင်းမှူးမှန်း မသိလို့ပါဆိုပြီး လက်အုပ်ချီပြီး တောင်းပန်တယ်။ ကိုစိုးလှိုင်ကလည်း တောင်းပန်တယ်။ ဒါပေမယ့် မရဘူး။ သူက ကားတံခါးကို ဆွဲဖွင့်ပြီး ပေးစမ်း မင်းရဲ့ လိုင်စင်တွေ ဝှီးတက်တွေဆိုတော့ ကိုစိုးလှိုင်က ပိုက်ဆံအိတ်ထဲကနေ ထုတ်နေတုန်း အိတ်ကို အတင်း လုယူပြီး လိုင်စင်နဲ့ ဝှီးတက်ကို ယူထားပြီး ပိုက်ဆံအိတ်ကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့ မင်းတို့ကားကို ၅၆၂ တပ်ကို ဖမ်းခိုင်းထားလိုက်မယ်လို့ ပြောတာနဲ့ ကျမတို့လည်း နောက်ကြောင်း ပြန်လှည့်လာပြီးကုန်းပြင်ရဲစခန်းမှာ ဝင်ပြီး အမှုဖွင့်ခဲ့တာ” ဟု ပြောသည်။
အဆိုပါ အမှုအား ရေကြည်မြို့နယ် ကုန်းပြင်ရဲစခန်းက ပြစ်မှု နံပါတ် – ၁၅/၂၀၁၃ ဖြင့် လက်ခံ၍ အမှုဖွင့်ပေးထားပြီး တပ်ရင်းမှူး ဗိုလ်မှူး စိုးမြင့်အား ပုဒ်မ ၂၉၄ (ဆဲဆိုမှု)၊ ၃၂၃ (နာကျင်စေမှု) တိုဖြင့် ကားသမား ကိုစိုးလှိုင်က တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။ ကိုစိုးလှိုင်၏ တိုင်တန်းမှုကြောင့် ကုန်းပြင်ရဲစခန်းက ခလရ (၃၄၄) တပ်ရင်းမှူးအား စခန်းသို့ ခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းစစ်ဆေးခဲ့ပြီး တပ်ရင်းမှူးကလည်း ကိုစိုးလှိုင်အား ပုဒ်မ ၂၉၄ (ဆဲဆိုမှု)ဖြင့် တန်ပြန် အမှုဖွင့်ထားကြောင်း ကုန်းပြင် ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။
“စခန်းက ချက်ခြင်း အမှုဖွင့်ပေးခဲ့ပြီး ကိုစိုးလှိုင်ကိုလည်း ကုန်းပြင်ဆေးရုံမှာ ညတွင်းချင်း ဆေးစစ်ချက် ယူခိုင်းခဲ့တယ်။
တပ်ရင်းမှူးကိုလည်း စခန်းကိုခေါ်ပြီးတော့ ရဲလုပ်ထုံးအရ စစ်ချက်နဲ့ သက်သေခံ ပစ္စည်းသိမ်းယူတာတွေ လုပ်တယ်။ အခုက တရားခံက စစ်သား ဖြစ်နေတော့ တရားလို တရားခံ စစ်ချက်တွေနဲ့ သက်သေတွေ ပေါ်ပေါက်ချက်တွေ ရယူပြီးတာနဲ့ သူ့
သက်ဆိုင်ရာတပ်ကို အကြောင်းကြားတာတွေ လုပ်ပေးမယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ရဲစခန်းက တပ်ရင်းမှူးထံမှ သက်သေခံ ပစ္စည်းအဖြစ် ကိုစိုးလှိုင်ထံမှ သိမ်းယူသွားသည့် ကားမောင်းလိုင်စင်နှင့် ကားလိုင်စင်၊ ဆိုင်ကယ် စီးနင်းစဉ်က ဝတ်ဆင်ခဲ့သည့် အရပ်သား ဝတ်စုံတို့ကို သိမ်းဆည်းထားကြောင်း သိရသည်။
“ဖြစ်သွားတဲ့ ကိစ္စက တပ်ရင်းမှူး တယောက်အနေနဲ့ လူသား တယောက်အပေါ်မှာ လူသားမဆန်တဲ့ ဆက်ဆံမှုမျိုး လုပ်ဆောင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာ ကာချုပ် အထိ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အထိ ကျနော်တို့ တင်ပြပြီးတော့ အရေးယူ ဆောင်ရွက်ပေးဖို့ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်” ဟု ပုသိမ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့ဝင် ဦးထွန်းရွှေက ပြောသည်။
ဒီမိုကရေစီ အပြောင်းအလဲကာလတွင် ယခုကဲ့သို့ ဖြစ်ရပ်များမှာ တပ်မတော်နှင့် ပြည်သူကြား အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု ပိုမို ကျဆင်းစေကြောင်း ပုသိမ်အခြေစိုက် အမျိုးသား ဒီမိုကရေစီကွန်ရက်မှ ဒေါက်တာ သန်းထိုက်က ပြောသည်။
“ဒီဖြစ်ရပ်ကို ကြည့်ပြီးတော့ တပ်မတော်သားတွေဟာ အခုထက်ထိ သူတို့ကိုယ်သူတို့ အခွင့်ထူးခံ လူတန်းစားအဖြစ် ခံယူ နေသလားလို့ ကျနော် သံသယ ရှိပါတယ်။ လမ်းတောင်းတာကို လမ်းမပေးဘဲ ညစ်ပြီးတော့ မောင်းတာကိုက သူတို့ကိုယ်သူတို့ အခွင့်ထူးခံဆိုတဲ့ သဘောမျိုး ခံယူသုံးသပ်ပုံရတယ်” ဟု ဆိုသည်။
သူ့ရဲ့ရာထူးကို ဖော်ပြပြီးတော့ ကိုယ်ထိလက်ရောက် ရိုက်တယ်ဆိုတာက လူမှုရေး ရှုထောင့်အရရော၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲ နိုင်ငံရေး အခင်းအကျင်းအရပါ လက်ခံလို့ မရပါဘူး” ဟု ဒေါက်တာ သန်းထိုက်က ဆက်ပြောသည်။
ယင်းသို့ တပ်ရင်းမှူး၏ ရိုက်နှက်ခံရသည့် ဖြစ်စဉ်ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကိုစိုးလှိုင်နှင့် ဇနီးဖြစ်သူ မနှင်းဆီတို့က ပုသိမ်မြို့ရှိ အမျိုးသား ဒီမိုကရေစီ ကွန်ရက်ရုံးခန်းတွင် သြဂုတ်လ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ကာ မီဒီယာများ၊ လူမှုကွန်ရက်များနှင့် စိတ်ပါဝင်စားသည့် ပြည်သူများသို့ ရှင်းပြခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ပုသိမ်လေတပ် စခန်းဌာနချုပ်မှ ဗိုလ်ကြီး ဖြိုးပြည့်အောင် ကိုယ်ပိုင်အမှတ် (လေ – ၃၂၆၂) က နေအိမ်ရှေ့တွင် ကားလာရပ်သည့် ဦးမျိုးဝေနှင့် ဇနီးဖြစ်သူအား ရိုက်နှက်ခဲ့သဖြင့် အဆိုပါ ဗိုလ်ကြီးအား တပ်မတော်က ခုံရုံးဖွဲ့ စစ်ဆေး၍ အပြစ်ပေး အရေးယူရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။