ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း (မြန်မာ) ဘုန်းတော်ကြီးကျောင်းတွင် မြန်မာဆရာတော် ကျောင်းထိုင်ခွင့်ရရေး တနှစ်ခွဲကျော် ကြိုးပမ်းပြီးနောက် ဆရာတော် အရှင် ကောဏ္ဍညကို လာမည့် ၂၀ ရက်နေ့တွင် ကျောင်းထိုင်ဆရာတော်အဖြစ် တင်မြှောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သီတဂူဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင် ဉာဏိဿရနှင့် ထိုင်း ဒုတိယ သံဃရာဇာ ဆရာတော် စုံ(မ်)ဒိတ် ဖရဗုဒ္ဓဇိနပုံ(င်) တို့၏ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ချက်ဖြင့် ဘန်ကောက်မြို့တွင် အဘိဓမ္မာ ပိဋကတ်တော်များ ပို့ချပေးနေသော မြန်မာဆရာတော် အရှင် ကောဏ္ဍညကို ကျောင်းထိုင်အဖြစ် နှစ်နိုင်ငံ ခေါင်းဆောင် သာသနာပိုင် ဆရာတော်ကြီးများနှင့် နှစ်နိုင်ငံ သာသနာရေး ဝန်ကြီးဌာနတို့မှ သဘောတူခြင်း ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။
ကျောင်းထိုင်ဆရာတော် တင်မြှောက်ပွဲကို ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်း ကျောင်းတွင် ခမ်းနားစွာ ကျင်းပမည်ဖြစ်ကြောင်း၊ တင်မြှောက်ပွဲ အခမ်းအနားသို့ သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်၊ သီတဂူဆရာတော် အစရှိသော ဆရာတော်ကြီးများ၊ မြန်မာ သာသနာရေးဝန်ကြီးနှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံရောက် မြန်မာ ဒါယကာ၊ ဒါယိကာမများ၊ မြန်မာနိုင်ငံမှ ဒါယကာ၊ဒါယိကာမများမှ ဦးဆောင်ကျင်းမည်ဟု သိရှိရသည်။
ဆရာတော်သည် မကွေးတိုင်း ပခုက္ကူဇာတိဖြစ်ကာ သက်တော် ၆၇ နှစ်၊ ဝါတော် ၄၇ ဝါရှိပြီ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၁၉၈၄ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး အဘိဓမ္မာပိဋကတ်တော်ကို ထိုင်းဘာသာဖြင့် သင်ကြားပို့ချပေးနေကြောင်း ကျောင်းထိုင်ဆရာတော် တင်မြှောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။
“အခုလို မြန်မာဘုန်းကြီးကို ပြန်လည် တင်မြှောက်ခွင့်ပြုတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီကျောင်းဟာ ပြည်ပမှာသွားပြီး သာသနာပြုတဲ့အတွက် အရမ်းခက်ခဲပါတယ်။ ရပ်တည်ဖို့ မလွယ်ဘူး” ဦးထွန်းထွန်းဦးက ဆိုသည်။
ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသား အများစု ကိုးကွယ်သည့် ကျောင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ထုံတမ်းစဉ်လာအရ ရိုးရာပွဲလမ်း အခမ်းအနားများ ပြုလုပ်ရန် အားထားရသော ကျောင်းတကျောင်းဖြစ်သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပျံလွန်တော်မှုသွားသည့် နောက်ဆုံး ကျောင်းထိုင်ဆရာတော် ဦးအာသဘ (သက်တော် ၉၁ နှစ်၊ ဝါတော် ၇၀) ၏ နေရာတွင် ထိုင်း ဥပဒေအရ ထိုင်းသံဃာတော် တပါးကို အစားထို ခန့်အပ်ရန် ထိုင်း သာသနာရေး ဦးစီးဌာနနှင့် ထိုင်း သံဃာတော်များက စီစဉ်ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဂေါပက အဖွဲ့ဝင်များ အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၅၀ ကျော်က ပြီးခဲ့သည် ၂၀၁၂ ဇူလိုင် ၉ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်သည်။
ထိုင်း ဥပဒေအရ ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်လျက်ရှိသော မြန်မာ ကျောင်းထိုင် ဆရာတော်များ ပျံလွန်တော်မူသွားပါက ထိုင်း သံဃာတော်များ ကျောင်းထိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့ရှိ မြန်မာဘုန်းကြီးကျောင်း တကျောင်းကိုသာ ထိုင်းအစိုးရက မြန်မာဘုန်းကြီးကျောင်း အဖြစ် တရားဝင် သတ်မှတ်ထားကြောင်း သိရှိရသည်။
ဝပ်ဆိုင်းမွန်းကျောင်းတွင် မြန်မာဆရာတော် ပြန်လည် ကျောင်းထိုင်ခွင့်ရရန် အခက်အခဲမျိုးစုံ ကြုံခဲ့ရကြောင်း၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ကြိုးစားမှုကြောင့်သာ ပြန်လည် ကျောင်းထိုင်ခွင့် ရခဲ့ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။
ဝပ်ဆိုင်းမွန်း ကျောင်းတွင် မြန်မာဆရာတော် ကျောင်းထိုင်ခွင့် ရရေးအတွက် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကို ၂၀၁၂ ခုနှစ် ခရီးစဉ်အတွင်း မေတ္တာရပ်ခံခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ကလည်း သဘောတူခဲ့သည်။
ဝပ်ဆိုင်းမွန်း ကျောင်းထိုင် ဆရာတော်သစ် အရှင် ကောဏ္ဍညက “ဘုန်းဘုန်းအနေနဲ့ကတော့ မြန်မာနိုင်ငံ အမျိုးသားဘာသာ သာသနာရေးအတွက် ဆိုပြီး ဘုန်းဘုန်းက လက်ခံလိုက်ပါတယ်။ နှစ်နိုင်ငံ အစိုးရများ သာသနာရေးပုဂ္ဂိုလ်များ တိုင်ပင်ပြီး ခန့်ခဲ့တာပါ။ အခုဟာကတော့ အရေးပေါ်ပေါ့၊ လက်ခံခဲ့တာပါ။ နောက်ထပ်မျိုးဆက် ဆရာတော်တွေ မွေးပြီး အရည်အချင်းတွေ ပြည့်အောင် လုပ်ပြီးတော့အေးအေးဆေးဆေး မြန်မာပြည်မှာ ပြန်နေမှာပါ” ဟု ဧရာဝတီသို့ မိန့်ကြားသည်။
ချင်းမိုင်မြို့တွင် မြန်မာအလုပ်သမား များစွာရှိပြီး အလုပ်သမားများ၏ သားသမီးများကို မြန်မာစာ၊ မြန်မာစကား နှင့် အမျိုးသားရေးများကို ကျောင်းပိတ်ရက်တွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာဘုန်းကြီး အုပ်ချုပ်သော ကျောင်းတိုက်ကြီးထဲတွင် လွတ်လွတ်လပ်လပ် စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နှင့် သာသနာပွဲကြီးများ၊ ရဟန်းခံပွဲကြီးများ၊ တရားအားထုတ် ပွဲကြီးများနှင့် အခါကြီးရက်ကြီးပွဲများကို မြန်မာ့ထုံးစံအတိုင်း သိုက်သိုက်ဝန်းဝန်း လုပ်ဆောင်ရမည်ဟု မျှော်လင့်ပြီး ဝမ်းမြောက်ကြောင်းလည်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။
ပျံလွန်တော်မူသွားသည့် ဝပ်ဆိုင်းမွန်း ဆရာတော်ကြီး အရှင် အာသဘသည် မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်မှ စတင်၍ ၆၅ နှစ်ခန့် ဝပ်ဆိုင်းမွန်း ကျောင်းတွင် သတင်းသုံးတော်မူခဲ့ကြောင်း ဆရာတော်၏ ထေရုပ္ပတ္တိတွင် ဖော်ပြပါရှိသည်။
ဝပ်ဆိုင်းမွန်း မြန်မာကျောင်း၌ ဆရာတော် အရှင်ဝရဓမ္မသည် ပထမဆုံး ကျောင်းထိုင်၍ အရှင် ဂန္ဓမာလာ၊ အရှင် ဘောဂဓမ္မ၊ အရှင် ဇိန၊ အရှင် သာဒရ၊ အရှင် တဇောသိရီ၊ အရှင် အာစိဏ္ဏ၊ အရှင် ပညာသာရ၊ အရှင် ဝဇီရိန္ဒနှင့် ယမန်နှစ်က ပျံလွန်တော်မူခဲ့သော အရှင် အာသဘ အပါအဝင် မြန်မာ ကျောင်းထိုင် ဆရာတော် ၁၀ ဆက် သီတင်းသုံးခဲ့ကြကြောင်း ကျောင်းမှတ်တမ်း၌ ဖော်ပြထားသည်။