နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာရှင် စနစ် ထွန်းကားခဲ့သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်ဆောင် နေချိန်တွင် နိုင်ငံရေးအင်အားစုများ အားလုံး ညီညီ ညွှတ်ညွှတ် ဖြင့် နိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်ကြရန် လိုအပ်ကြောင်း ၈ လေးလုံး ငွေရတု အခမ်းအနားတွင် နိုင်ငံရေးလှုပ်ရှားသူများက တောင်းဆို လိုက်ကြသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု တွင် လူထုမှာ တာဝန်ကျေခဲ့သော်လည်း အပြောင်းအလဲကို ဖော်ဆောင်မည့် ခေါင်းဆောင်များ၏ မညီညွှတ်မှုကြောင့် စစ်တပ်က အာဏာသိမ်း ယူခဲ့ပြီး ယခုအချိန်တွင်လည်း ဒီမိုကရေစီအင်အားစုများ မညီညွှတ်ပါက တိုင်းပြည်နောက်ကြောင်းပြန်လှည့်နိုင်ကြောင်း သြဂုတ်လ ၆ ရက်နေ့ တွင် ကျင်းပသည့် ၈ လေးလုံး ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် နိုင်ငံရေး အင်အားစုများ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲတွင် နိုင်ငံရေးအင်အားစုများက သုံးသပ်တင်ပြခဲ့ကြသည်။
နိုင်ငံရေးအင်အားစုများ ညီညွှတ်ခြင်းမှုသည် တိုင်းပြည်နောက်ကြောင်း ပြန်မလှည့်နိုင်ရန် ဝိုင်းဝန်းထိန်းကျောင်းနိုင်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲခြင်းတို့တွင် ပါဝင် ဆောင်ရွက်နိုင်ခြင်းနှင့် အစိုးရ၏ လုပ်ဆောင်ချက် များကို စောင့်ကြည့် ဝေဖန်နိုင်သော အင်အားစု အဖြစ် ရပ်တည်ခြင်းတို့ကို ဆောင်ရွက်နိုင် သဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးရှိနိုင်သည်ဟု နိုင်ငံရေးအင်အားစုများက ဝေဖန်ထောက်ပြကြသည်။
သမ္မတဦးသိန်းစိန်၏ စီးပွားရေး အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က သမ္မတဦးသိန်းစိန်သည် ပြည်သူလူထု ဗဟိုပြုပုံစံဖြင့် ” မိဘပြည်သူများ ခင်ဗျား”ဟု တွင်ကျယ်စွာ သုံးနှုန်း ပြောဆိုနေချိန်တွင် ပြည်တွင်းပြည်ပ နိုင်ငံရေးသမား များ အနေဖြင့်လည်း ညီညွတ်သော အင်အားစုတရပ် အဖြစ် ရပ်တည်ကြရန် တိုက်တွန်းပြောဆိုသည်။
သမ္မတဦးသိန်းစိန်က ပြည်သူလူထု ဗဟိုပြုပုံစံဖြင့် နိုင်ငံကို ဦးဆောင်သွားမည်ဟု ထုတ်ဖော်ထားရာ တိုင်းပြည် တည်ဆောက်ရေး ပါဝင်လိုသူများအနေဖြင့် အစိုးရ၏ မူဝါဒ လမ်းစဉ်၊ လုပ်ဆောင်ချက်၊ အနာဂတ် ဆောင်ရွက်ချက်များကို လေ့လာစောင့်ကြည့် ဝေဖန်သင့်သည်ဟု ဒေါက်တာဦးမြင့်က ဆိုသည်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ၈၈ အရေးအခင်းကြီးကို ဦးဆောင် ဖြတ်သန်းခဲ့သော အင်အား စုတခု ဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု များကို ကမကထပြု စုစည်းပေးရန် လိုအပ်သော်လည်း ယနေ့အချိန်ထိ စုစည်းပေးနိုင်မှု မရှိခြင်းကို အားမလို အားမရ ဖြစ်မိသည်ဟု ပြောသည်။
”အခုလို ငွေရတုအခမ်းအနား လုပ်တဲ့အခါမှာ နိုင်ငံရေး အင်အားစု ပါတီ ၂၀ ကျော် လာစုနေတော့ ဒီပုံစံလေးကို နမူနာယူ ပြီးတော့ နောက်ပိုင်းမှာ ၈၈ အင်အားစုကနေ အားလုံးပါဝင်လာအောင် အတူလက်တွဲဆောင်ရွက်လာနိုင်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲဟာ တော်တော့ကို အားကောင်းလိမ့်မယ်လို့ ထင်တယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သည့် ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် ဦးရွှေစင်ထွန်းကမူ တိုင်းပြည် အပြောင်းအလဲ ကာလတွင် နိုင်ငံရေးအင်အားစုများ၏ ဦးဆောင်မှုဖြင့် တိုင်းပြည်နောက်ကြောင်း ပြန်မလှည့်ရန် ဝိုင်းဝန်း ထိန်းကျောင်းပေးရန် လိုအပ်သကဲ့သို့ တပ်မတော်ကို ပြည်သူလူထုက ရွေးချယ် ထိန်းကျောင်းသည့် အစိုးရ အုပ်ချုပ်ရေး လက်အောက်တွင် ထားရှိနိုင်သည့် အဆင့်အထိ ပြောင်းလဲရမည်ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံကို ဦးဆောင်နေသော ထိပ်တန်း ခေါင်းဆောင်များအနေဖြင့်လည်း ယခင်စစ်ခေါင်းဆောင်ဟောင်းကြီးများ၏ သြဇာမှ လွတ်ကင်းရန် လိုအပ်သည်ဟု ထောက်ပြ ပြောဆိုသည်။
”ကျနော်တို့ ဒီလို အခင်းအကျင်းမျိုး သွားနိုင်မှ စစ်မှန်တဲ့ ဒီမိုကရေစီလို့ ပြောလို့ရမှာ။ အခုက အဖွဲ့မျိုးစုံ ကွဲနေတာ။ ပြည်တွင်းစစ် ဖြစ်နေတာတွေကြောင့် နောက်ကြောင်းပြန်လှည့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေ ကြားနေရတယ်။ နောက်ကြောင်း ပြန်လှည့် သွားမယ်ဆိုရင်တော့ ဘယ်လိုမှ တိုင်းပြည်က မတိုးတက်နိုင်တော့ဘူး”ဟု ဦးရွှေစင်ထွန်းက ဆိုသည်။
ဒေါက်တာရန်မျိုးသိမ်းက ဒေါ်အောင်ဆန်းစုကြည်သည် ၈ လေးလုံးဒီမိုကရေစီ အရေးတော်ပုံမှ ပေါက်ဖွားလာသော အရေးပါသော လူထုခေါင်းဆောင်တယောက် ဖြစ်ပြီး လက်ရှိ အသွင်ကူးပြောင်းရေးကာလတွင် သူ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု လျော့နည်းလာသည်မှာ မှန်သော်လည်း ပြည်သူအများစု၏ ထောက်ခံမှုကိုရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အရေးကြီးသော နိုင်ငံရေး အင်အားစုကြီး တခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်ဟု သုံးသပ်ဆွေးနွေးသည်။
”အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရဲ့ တဦးတည်းသော ခေါင်းဆောင်ပဲ။ နောက်ပြီးတော့ NLDပါတီတွင်း ဝေဖန်ရေး၊ ပါတီတွင်း တည်ဆောက်ရေး အပိုင်းတွေကို ဒီထက်ပိုပြီးတော့ ဆောင်ရွက်သင့် တယ်လို့ မြင်တယ်”ဟု သူက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တွင် နိုင်ငံရေးပါတီ တည်ထောင်လိုသူ၊ အရပ်ဘက် လူ့အဖွဲ့အစည်း တည်ထောင် လိုသူနှင့် နိုင်ငံရေး ပါတီတခုသို့ ဝင်ရောက်လိုသူ ဟူ၍ အင်အားစု သုံးရပ်ရှိနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အလွန်ကာလတွင် ၈၈ မျိုးဆက်အင်အားစုသည် အများထောက်ခံမှုနှင့် အတူ လူထုအားကိုးသော အဖွဲ့အစည်းတရပ် အဖြစ်သို့ ရောက်ရှိလာမည်ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
” နိုင်ငံရေးပါတီ ဖွဲ့မယ့် အင်အားစုကလည်း ရဲရဲဝံဝံ လျှောက်သင့်တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းလုပ်မဲ့ သူတွေကလည်း အဲဒီလမ်းကို ရဲရဲဝံဝံလျှောက်သင့်တယ်။ သူတို့မှာ Institution ရှိရမယ်။ Strategy ရှိရမယ်။ Short Term ၊ Long Term Plan တွေ ရှိရမယ်။ ကျနော်က အဲဒီပုံစံမျိုးနဲ့ သူတို့ကို အလုပ်လုပ်စေချင်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၏ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက တိုင်းပြည်အပြောင်းအလဲကာလ ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူအားလုံး ပြည်တော်ပြန်လာနိုင်ရန် အစိုးရအနေဖြင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တရပ် ထုတ်ပြန်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးပြောဆိုသည်။
” ဗိုလ်ချုပ်ကြီး နေဝင်း ခေတ်ကတောင် ဒီလိုလွတ်ငြိမ်းချမ်းသာခွင့် အမိန့်မျိုး ထုတ်ပေးခဲ့သေးတာ။ အခု သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အစိုးရက ဘာလို့ထုတ်မပေးနိုင်တာလဲ။ ကျမတို့မှာ အခေါက်လာရတာပဲရှိတယ်။ ကျမတို့ ပြန်လာဖို့ တိကျတဲ့ မူဝါဒ မရှိဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ် ဆွေးနွေးတာမျိုး မရှိဘူး”ဟု သူကဆိုသည်။
သပြေ ပညာရေး ဖောင်ဒေးရှင်းမှ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးထူးချစ်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံရေး ရည်ရွယ်ချက်များ မည်မျှကွဲပြားစေကာမူ တိုင်းပြည်အကျိုးအတွက် ကျစ်လစ်သိပ်သည်းသော နိုင်ငံရေး အင်အားစုတရပ် မရှိမဖြစ် လိုအပ်ကြောင်း ၊ လတ်တလောနိုင်ငံရေးတွင် မတူညီသော သဘောထားကွဲလွဲမှုများဖြင့် အပြန်အလှန်တိုက်ခိုက်မှုများ မြင်တွေ့နေရသောကြောင့် ၂၀၁၅ ရွေးကောက်ပွဲကာလအတွက် လွန်စွာ စိုးရိမ်မိကြောင်း ဧရာဝတီသို့ ပြောသည်။
” ကျနော်တို့ မညီညွှတ်ဘူးဆိုရင် တဖက်က အင်အားစုတွေက ညီညွှတ်ပြီးသား။ ငွေကြေးရှိပြီးသား။ အာဏာရှိပြီးသား တွေ ဆိုတော့ ကျနော်တို့ ညီညွှတ်ရေး ရှိမှပဲ ကျနော်တို့မှာ အားသာချက်ရှိမယ်။ ဒီအချိန်မှာ ညီညွှတ်ရေး မရှိမဖြစ် လိုအပ်တယ်လို့ ကျနော်အနေနဲ့ ခံစားရတယ်။ အရင်က ကျောင်းသားအင်အားစုလို့ပြောရင် ၈၈ အင်အားစုပြီးရင် လူ့ဘောင်သစ်တွေ ရှိတယ်။ အခုက ကျောင်းသားပါတီတွေ ကြည့်လိုက်တော့ လူ့ဘောင်သစ်မဟုတ်ဘဲ တခြားပါတီ ၂ ခု၊ ၃ ခု လောက် ပေါ်လာဖို့ ကြားနေရတော့ ကျနော်တော့ စိုးရိမ်တယ်”ဟု ဦးထူးချစ်က ဆိုသည်။