မြန်မာနိုင်ငံရှိ ဗြိတိန် သံတမန်များကို ရန်ကုန်မြို့ ပြင်ပ မထွက်ရန် အပါအဝင် ဗြိတိန်နိုင်ငံသားများ အနေဖြင့်လည်း မြန်မာနိုင်ငံ ဒေသ တချို့သို့ သွားရောက် လည်ပတ်ခြင်း မပြုရန် ဗြိတိန်အစိုးရက သတိပေးလိုက်သည်။
အဆိုပါ ယမန်နေ့က သတိပေးချက်တွင် ဗြိတိန် သံတမန် တာဝန်ရှိသူများအနေဖြင့် မြန်မာအစိုးရ၏ ခွင့်ပြုချက်မရလျှင် အရေးပေါ် အခြေအနေမှ အပ ရန်ကုန်မြို့ပြင်ပ မထွက်ခွာရဟု ပါဝင်သော်လည်း မည်သည့်အတွက်ကြောင့် ဆိုသည်ကို ရှင်း လင်းစွာ ဖော်ပြ မထားပါ။
မြန်မာနိုင်ငံရှိ ဗြိတိန် သံတမန်များကို ယခုကဲ့သို့ သတိပေးချက်သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေး ဆိုင်ရာနှင့် ဓနသဟာယ ရုံး၏ အင်္ဂါနေ့က ထုတ်ပြန်သတိပေးချက်တွင် အထူးသဖြင့် ရခိုင် ပြည် နယ်သို့ မဖြစ်မနေ သွားရောက်ခြင်းမှ အပ မသွားရောက်ရန် ပါရှိသည်။
ရခိုင်ပြည်နယ်သည် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ဆိုးရွားသည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်သည်ဟုလည်း ဆိုသည်။
ယမန်နေ့က ထုတ်ပြန်သည့် သတိပေးချက်၌ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအိုမြို့များမှ အပ ကချင်ပြည်နယ်တွင်း ဒေသတချို့ကို သွားရောက်လည်ပတ်ရန် တားမြစ်ချက်လည်း ပါဝင်ပြီး ထိုင်း၊ တရုတ်၊ လာအိုနိုင်ငံများနှင့် မြန်မာ နယ်စပ် တလျှောက်ရှိ မကြာသေးခင်က အစိုးရ စစ်တပ်နှင့် လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့သော နေရာဒေသများ ပါဝင်သည်။
“အဆိုပါ နယ်မြေများတွင် တိုက်ခိုက်မှုများ မကြာသေးခင်က လျော့ကျသွားခဲ့သော်လည်း လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ စိုးရိမ်ဖွယ် အခြေအနေ ရှိနေဆဲဖြစ်သည်”ဟု ဗြိတိန် အစိုးရ၏ သတိပေးချက်တွင် ဖော်ပြထားသည်။
အထူးသဖြင့် ဗြိတိန်အစိုးရက မြန်မာနိုင်ငံတွင်း မသွားရောက်ရန် အဓိကတားမြစ်သတိပေးထားသည့် ဒေသများသည် မကြာ သေး ခင် က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ ဒေသများ ဖြစ်သည်။
ထို့အပြင် လူအများ စုဝေးသည့်နေရာများကို ရှောင်ရှားရန်၊ စစ်တပ်၊ ရဲများနှင့် ဆန္ဒပြမှု မြင်ကွင်းများကိုလည်း မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုများ မပြုလုပ်ရန်လည်း သတိပေးထားသည်။
မြန်မာနိုင်ငံသို့ ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများ နှစ်စဉ် လာရောက်လေ့ရှိရာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တိုးများလာပြီး ၂၀၁၁ ခုနှစ်တွင် ၇၃၀၀ ခန့် ရှိကြောင်း ဗြိတိန်အစိုးရ အင်တာနက် စာမျက်နှာက ဖော်ပြသည်။
ဗြိတိန်၏ ထို သတိပေး ကြေညာချက် ထွက်ပေါ်လာခြင်းသည် မြန်မာနိုင်ငံတွင်၂၅ နှစ်မြောက် ဒီမိုကရေစီ လှုပ်ရှားမှု အထိမ်း အမှတ်ပွဲများ ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသေည်။
ရှစ်လေးလုံး ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီးကို မြန်မာအစိုးရက အကြမ်းဖက် ပစ်ခတ် သတ်ဖြတ် နှိမ်နင်းခဲ့ရာ တက်ကြွလှုပ် ရှားသူ ၃၀၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု လေ့လာသူများက ပြောဆိုကြသည်။
လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch- HRW) ၏ အာရှ အစီအစဉ် ညွှန်ကြားရေးမှူး ဘရက် အဒမ် (Brad Adams) က မြန်မာအစိုးရအနေဖြင့် ယခု ကျင်းပနေသည့် ဒီမိုကရေစီ လှုပ်ရှားမှု နှစ်ပတ်လည်ပွဲတွင် တချိန်က အရုပ်ဆိုးအကျည်းတန်မှုများကို မှေးမှိန်စေရန်အတွက် အခွင့်ထူးတခု ရရှိခြင်းဖြစ်သည်ဟု ပြောသည်ကို ယူပီအိုင် အွန်လိုင်း သတင်းတပုဒ်တွင် ဖော်ပြသည်။
ထို့အပြင် လွန်ခဲ့သည့် ၂၅ နှစ်တာ ကာလ စစ်အစိုးရများလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် စုံစမ်းစစ်ဆေး မှုများပြုလုပ်၍ အမှန်တရား ဖော်ထုတ်ပေးရန်လည်း HRW က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းထားသည်။
ဦးသိန်းစိန်သည် ဇူလိုင်လလယ်ပိုင်းက ဗြိတိန် နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။
မြန်မာအစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ ပြုပြင်ပြောင်းလဲရေးများ စတင်လုပ်ဆောင်ခဲ့ချိန်မှ စတင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသိအမှတ်ပြုခြင်းများ ဆက်တိုက် ရလာခဲ့သည်။ သို့သော် လူ့အခွင့်အရေး မှတ်တမ်းများအရ မြန်မာနိုင်ငံ သည် နိုင်ငံတကာ က စိုးရိမ်နေရဆဲ နိုင်ငံတခုအဖြစ် ဆက်လက်ရှိနေသည်ဟုလည်း အဆိုပါ သတင်းက ဆိုသည်။