ထိုင်း ငါးဖမ်းလှေတွေပေါ် ရာချီတဲ့ မြန်မာနိုင်ငံသားတွေကို ရောင်းစားမှု၊ လူသတ်မှု၊ မုဒိမ်းမှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ မြန်မာနိုင်ငံသား ဂိုဏ်းခေါင်းဆောင် တဦးကို ဖမ်းမိပြီးနောက် ဂိုဏ်းအဖွဲ့ဝင်တွေကိုလည်း ထိုင်း အထူး ပူးပေါင်း တပ်ဖွဲ့တွေ က ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
လူကုန်ကူးဂိုဏ်း အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံတောင်ပိုင်း ထရန်(Trang) ခရိုင်၊ ကတန်(Katang) မြို့နယ်မှာ ကျက်စားနေကြ သူတွေ ဖြစ်ပြီး မနေ့ကလည်း ပုန်းရှောင်နေတဲ့ ဒုတိယ ဂိုဏ်းခေါင်းဆောင် တဦးကို ကတန်မြို့နယ် ရာဘာခြံတခု အတွင်းမှာ ထပ်မံ ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် တပတ်အတွင်း စုစုပေါင်း ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအရေးကို ထိုင်း အာဏာပိုင်တွေနဲ့ ပူးတွဲ ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့(MAT) ဒါရိုက်တာ ဦးကျော်သောင်း က “မနေ့ကတော့ ဒုတိယ ဂိုဏ်းခေါင်းဆောင် တယောက်ကို ကတန်မြို့နယ်ထဲက ရာဘာခြံတခုမှာပဲ ထပ်မိတယ်၊ ၄ ရက် နေ့ကတော့ တတိယ ခေါင်းဆောင်နဲ့ တခြား အဖွဲ့ဝင် ၂ ယောက်ကို ကတန်မြို့နယ်ထဲ တနေရာစီမှာ မိတယ်”လို့ ဧရာဝတီ ကိုပြောပါတယ်။
ငါးဖမ်းလှေတွေပေါ်ကို ရောင်းစားခံရပြီး လွတ်မြောက်လာတဲ့ မြန်မာလှေလုပ်သားတွေရဲ့ ထွက်ဆိုချက်ကတဆင့် ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထိုင်း အထူး ပူးပေါင်း တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဂိုဏ်းခေါင်းဆောင် ကိုမျိုးဆိုသူကိုတော့ ဒီလ ၂ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ မြို့နယ် ရာဘာခြံတခုအတွင်း ပုန်းရှောင်ချိန်မှာ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ (AHTD)၊ ထိုင်းနိုင်ငံ အထူး စုံစမ်း စစ်ဆေးရေး ဌာန(DSI)၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့(Tourist Police)၊ ထောက်လှမ်းရေး ရဲတပ်ဖွဲ့ နဲ့ နယ်မြေခံ စူရတ်ဌာနီ ရဲတပ်ဖွဲ့တို့က ဝိုင်းဝန်း ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးချိန်မှာ ကိုမျိုး က သေနတ်နဲ့ ခုခံပြန်ပစ်တဲ့အတွက် ထိုင်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ကိုမျိုး ရဲ့ တင်ပါးဆုံကို ကျည်ဆန်ထိမှန်ခဲ့ပြီး အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အခုချိန်မှာ ခွဲစိပ်ကုသပြီးဖြစ်ပေမယ့် စစ်ဆေးမေးမြန်းမှုတွေ လုပ်တဲ့ အဆင့် ကို မရောက်ရှိသေးကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။
ခေါင်းဆောင်ဖြစ်တဲ့ ကိုမျိုးဆိုသူကို မြန်မာဘက်ကလည်း အလိုရှိနေတာဖြစ်ပြီး သူ့ကို မြန်မာနိုင်ငံသားတွေကို တရားမဝင် လူကုန် ကူးမှုနဲ့ ၂၀၁၀ ခုနှစ်ကတည်းက ကော့သောင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း၊ ထိုင်းနိုင်ငံ အထူး စုံစမ်း စစ်ဆေးရေး ဌာန (DSI) ကို အကြောင်းကြားထားတာတွေလည်း ရှိကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုတိယ သတင်း တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်း က ဧရာဝတီကို ပြောပါတယ်။
“ကိုမျိုးနဲ့ ပတ်သက်လို့ ၂၀၁၀ ကော့သောင်းဘက်မှာ အမှုတခု ဖွင့်ထားပါတယ်။ အင်ဒိုနီးရှားဘက်ကိုသွားတဲ့ ငါးဖမ်းလှေက လူ ၁၅ ယောက် ရောင်းစားတဲ့ အမှုနဲ့ ပတ်သက်လို့ သူ့ကို ကျနော်တို့ လူကုန်ကူးမှုနဲ့ ဖွင့်ထားတာရှိတယ်၊ နောက်တခါ ၂၀၁၁ မှာ လူကုန် ကူး ခံရပြီး မြဝတီဘက်က ပြန်လာတဲ့ လူတွေထဲမှာလည်း ကိုမျိုး ရောင်းစားတဲ့ လူတွေပါတယ်ဆိုတာ မှတ်တမ်းတွေ ရှိတယ်၊ အဲဒီ အချက်အလက်တွေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့အနေနဲ့ ထိုင်းဘက်က DSI နဲ့ သတင်းဖလှယ် ဆောင်ရွက်ခဲ့တာ ရှိပါတယ်” လို့ ရဲမှူးကြီး ဝင်းနိုင်ထွန်း က ရှင်းပြပါတယ်။
လွတ်မြောက်လာတဲ့ လှေလုပ်သား ၁၅ ဦးရဲ့ ထွက်ဆိုချက်တွေအရ ဂိုဏ်းခေါင်းဆောင် ကိုမျိုးနဲ့ အပေါင်းအပါတွေဟာ မြန်မာနိုင်ငံ ရန်ကုန်၊ မကွေး၊ မန္တလေး၊ ပဲခူး အပါအဝင် နေရာအနှံ့အပြားက လူတွေကို လက်ထောက် လူပွဲစားတွေနဲ့ အဆင့်ဆင့် စည်းရုံးလို့ ရ လာတဲ့ မြန်မာ နိုင်ငံသားတွေကို နယ်စပ် ကော့သောင်းမြို့ကတဆင့် တရားမဝင် ခေါ်ဆောင်လာတယ်လို့ သိရပါတယ်။
ကော့သောင်း ဘက်ကတဆင့် ထိုင်းနိုင်ငံတောင်ပိုင်း ကတန်မြို့အထိ ခိုးဝှက်ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေကို ငါးဖမ်းလှေတွေမှာ ရောင်းစားပြီး ငြင်းဆန်သူတွေကို တခြားအလုပ်သမားတွေရှေ့မှာပဲ နမူနာအဖြစ် နည်းမျိုးစုံနဲ့ နှိပ်စက် သတ်ဖြတ်တာတွေ လုပ်ပြ တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ပြောဆိုကြပါတယ်။
အဲဒီအထဲမှာ အရှင်လတ်လတ် ဗိုက်ခွဲပြီး သတ်ပြတာ၊ လည်ပင်းကြိုးကွင်းစွပ်ပြီး သတ်ပြတာ၊ သေနတ်နဲ့ပစ်သတ်တာ၊ ကျောက်ခဲ အိတ်တွေ ခြေထောက်မှာ ချည်ပြီး ရေထဲကန်ချတာ၊ တုတ်တွေနဲ့ ရိုက်သတ်တာတွေအပါအဝင် သူ့ရှေ့မှာတင် အသတ်ခံခဲ့ရတဲ့သူ ၈ ဦးနဲ့ လှေထဲ ရောင်းစားခံခဲ့တဲ့ မြန်မာနိုင်ငံသား ၇၀၀ အထက်မှာ ရှိကြောင်း မျက်မြင်တဦးဖြစ်သူ ပဲခူးမြို့နယ်သား ကိုဆန်းထိုက်ဝင်း က ပြောပါတယ်။
“ကျနော့်ကိုတော့ ဆီတို့ဟူးရုံမှာ အလုပ်ရမယ်ဆိုပြီး ခေါ်လာခဲ့တာ၊ ဒီရောက်တော့ ငါးဖမ်းလှေ လိုက်ခိုင်းတယ်၊ မလိုက်ဘူး ပြော တော့ ကျနော့်ကို ကိုမျိုး တပည့်တွေက အလုပ်သမားတွေ ရှေ့မှာခေါ်ပြီး ရိုက်နှက်တယ်၊ နောက်ပြီး လက်ကို ဓားနဲ့ ခုတ်တယ်၊ လည်ပင်းကိုလည်း ဓားနဲ့ ၂ ခါ လှီးတယ်၊ အခုထိ ဒဏ်ရာတွေ ရှိသေးတယ်၊ ကျနော့်ဘဝမှာ ဒီလောက် ရက်စက် ကြမ်းကြုတ်တဲ့ နေရာ တခါမှ မကြုံဖူးဘူး”လို့ ကိုဆန်းထိုက်ဝင်းက ဆိုပါတယ်။
ကိုဆန်းထိုက်ဝင်းကို ဓားဒဏ်ရာတွေကြောင့် လှေထဲမထည့်တော့ဘဲ ဂိုဏ်းခေါင်းဆောင်လုပ်သူ ကိုမျိုးရဲ့ အိမ်မှာ ထမင်းချက် အိမ်စေ အဖြစ်နဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ၇ လ အကြာ လုပ်ကိုင်ပေးခဲ့ရကြောင်း၊ အသတ်ခံရသူတွေနဲ့ ရောင်းစားခံရသူ အရေ အတွက်မှာ သူနေခဲ့တဲ့ ကာလ အတွင်းမှာ တွေ့ခဲ့ရတဲ့ အရေအတွက်ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
ကိုမျိုးလက်က လွတ်မြောက်လာသူတွေ၊ နီးစပ်သူတွေဆီက စုံစမ်း မှတ်တမ်းတင်ထားချက်တွေအရ ရာနဲ့ချီတဲ့ မြန်မာ နိုင်ငံသား တွေကို လှေမှာ ရောင်းစားတဲ့ အပြင် မြန်မာနိုင်ငံသား ၄၀ ကျော်ကို သတ်ဖြတ်ထားကြောင်းနဲ့ မုဒိမ်းမှုတွေ ကျုးလွန်ထားမှုတွေ တွေ့ရှိထားကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး သံမှူးဟောင်း လက်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အရေး လုပ်ဆောင်နေတဲ့ မြန်မာ အစိုးရ အလုပ်သမား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း ကလည်း ပြောပါတယ်။
ဒီလ ၄ ရက်နေ့က ဒီဂိုဏ်းအဖွဲ့ဝင်တွေထဲက ၃ ဦးကို ထပ်မံဖမ်းမိပြီးနောက် ထိုင်း အာဏာပိုင်တွေကလည်း ဒီလ ၅ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ဒီဂိုဏ်းအဖွဲ့ဟာ မကြာသေးခင်က မြန်မာအမျိုးသမီးငယ် တဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး ပင်လယ်ထဲကို ပစ်ချမှုနဲ့လည်း ပတ်သက်မှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုကြောင်း ထိုင်းဘာသာနဲ့ ရေး သားတင်ပြနေတဲ့ Manager Online အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် လောလောဆယ်မှာ ဖမ်းမိထားသူတွေဟာ လူကုန်ကူးမှု၊ တရားမဝင် ခိုးဝင်မှု၊ တရားမဝင် အလုပ်သမားတွေကို လက်ခံ ထားမှု စတာတွေနဲ့ အရေးယူခံရဖွယ် ရှိကြောင်းနဲ့ သူတို့ကို ရဲစခန်းမှာ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်သွားပြီး တရားဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုကြောင်းလည်း ပါရှိပါတယ်။
လူကုန်ကူးခံရပြီး လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ကယ်ဆယ်ရေးစခန်းမှာ နေရာပေးထားပြီး ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင်သက်သေအဖြစ်နဲ့ မကြာခဏ ခေါ်ယူမေးမြန်းမှုတွေ ရှိတယ်လို့ လွတ်မြောက် လာသူတွေက ပြောပါတယ်။