မြန်မာနိုင်ငံတွင် Second Line အဆင့်ARV ဆေးသောက်သုံးနေရသည့် HIV ကူးစက်ခံထားရ သူများအတွက် ဆေးမလုံ လောက်သည့် အခက်အခဲများရှိနေကြောင်း Myanmar Positive Group (MPG) ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
“ဝယ်သောက်ဖို့ တတ်နိုင်ရင်တောင် ဈေးကွက်ထဲမှာ ဆေးမလုံလောက်တဲ့ အခက်အခဲ ရှိနေတယ်။ ဆေးဈေးနှုန်းတွေက ကြီးတော့ ကိုယ့်ဘာသာ ဝယ်သောက်ရင်းကနေ မတတ်နိုင်တော့လို့ NGO တွေဆီကို ဆက်သွယ် တောင်းခံ လာကြတာလည်း ရှိတယ်” ဟု ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။
Second Line ARV ဆေးသည် တလလျှင် ၈ သောင်းကျော်မှ ၃ သိန်းကျော်အထိ တန်ဖိုးအသီးသီး ရှိပြီး၊ ဈေးကွက်အတွင်း အလွယ်တကူ မရနိုင်ကြောင်း MPG မှ သိရသည်။
“လူနာတွေက ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို ဝယ်သောက်တယ်။ များသောအားဖြင့် အဲဒီဆေးတွေက ဈေးကြီးတယ်။ NGO တွေက ပေးနေတဲ့ဆေးတွေလို အများသောက်လို့ အဆင်ပြေတဲ့ နှုန်းနဲ့ ဆေးဝါးတွေလည်း ရှိပေမယ့် လူတွေက မသိတာ၊ ရောဂါဖြစ်နေတာကို လူသိမှာ ကြောက်တာတွေကြောင့် ကျိတ်မှိတ်ပြီး ဒီလိုပဲ ရပ်တည်နေရတာတွေ ရှိကြတယ်” ဟု ဦးမျိုးသန့်အောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် Second Line ဆေးဝါး သောက်သုံးနေရသည့် HIV Positive ဦးရေမှာ ၃ ဒဿမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အကြားတွင် ရှိကြောင်း ပြီးခဲ့သည့် မတ်လတွင် ပြုလုပ်ခဲ့သည့် National AIDS Program နှစ်ပတ်လည်အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနှင့် တရုတ်တို့မှ ARV ဆေးဝါးကုထုံးဖြင့် ကုသခံခဲ့ပြီး မြန်မာပြည်တွင်းသို့ ပြန်လည် ရောက်လာသော HIVပိုးရှိသူများကို ယှဉ်လျှင် တရုတ်နိုင်ငံမှ ပြန်ဝင်လာသူများသည် Second Line အဆင့် ဆေးဝါး ကုသခံရမှုနှုန်း ပိုများကြောင်း MPG မှ သိရသည်။
“တရုတ်ကပြန်ဝင်လာတဲ့ HIV Positive တွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က Second Line ဖြစ်နေတယ်။ တရုတ်ရဲ့ ဆေးဝါး ကုထုံးက မကောင်းဘူး။ သူတို့နိုင်ငံကထုတ်တဲ့ ဆေးတွေနဲ့ပဲ ကုတယ်။ ပြီးတော့ တရုတ်နဲ့ မြန်မာက ပေးတဲ့ ဆေးအမျိုးအစား ချင်းလည်းမတူဘူး။ ဒါကြောင့် ဟိုမှာသောက်လာတဲ့ဆေးက ဒီရောက်ရင် ပြန်ပြောင်းရတယ်” ဟု ဦးမျိုးသန့်အောင်က ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံ၏ HIV ကာကွယ်ကုသရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများသည် ဟန်ချက်ညီပြီး အစိုးရ၏
ပူးပေါင်း ပါဝင်မှု အားကောင်းကြောင်း သူကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ARV ဆေးဝါး လိုအပ်နေသေးသည့် HIV ပိုးရှိသူ တသိန်းနှစ်သောင်းကျော် အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund) ၏ စံအရ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် ရောဂါပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါး တိုးမြှင့် ပေးနိုင်ရန် ရည်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ သိရသည်။