Politics

ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်နိုင်မှာလား...

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗန်းရှင်း စင်တာမှာ ကျင်းပနေတဲ့ ရှစ်လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံ ငွေရတု အထိမ်းအမှတ်ပွဲ ဆွေးနွေးပွဲတွေကနေ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေး အပါအဝင် အချက် ၃ ချက်ကို သဘောတူလိုက်ကြပါတယ်။

“ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ဖော်ထုတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ် ပြန် လည် ရေးဆွဲရေး၊ အားလုံးပါဝင်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ညီလာခံတရပ် ကျင်းပရေး”ဆိုသည့် မူ ၃ ချက် ကို ပြည်သူတရပ်လုံး နဲ့ တက်ရောက်လာသူများက လက်တွဲဆောင်ရွက်သွားကြမယ်လို့ ငွေရတု အခမ်းအနား ကျင်းပရေး ကော် မတီရဲ့ မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးနယ်ပယ် အသီးသီး၊ တိုင်းရင်းသား လူမျိုးစုများ၊ လူမှုနယ်ပယ်၊ ပညာရှင်တွေ စုံလင်တဲ့ ဆွေးနွေးပွဲတွေက အခုလို သဘောတူ ချမှတ်လိုက်တာဖြစ်ပြီး ဒါဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်အကြာမှာ ပထမဆုံး နိုင်ငံရေးအရ ဘုံအခြေ ခံ သဘောတူမှု တခုလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တရပ် ရေး ဆွဲဖို့နဲ့ ဖယ်ဒရယ် တပ်မတော် ဖွဲ့စည်းရေးတို့ကို ပြည်ပမှာကျင်းပတဲ့ တိုင်းရင်းသား ညီလာခံတရပ်က သဘောတူခဲ့ကြပါတယ်။

ပြည်တွင်း ပြည်ပအခြေစိုက်ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ညီညွှတ်သော တိုင်းရင်းသား မဟာမိတ် အဖွဲ့ (UNA)၊ အမျိုးသမီးအဖွဲ့တွေ၊ လူငယ်အဖွဲ့တွေ၊ တတ်သိ ပညာရှင်တွေနဲ့ တသီးပုဂ္ဂလ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်တဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တိုင်းရင်းသား ညီလာခံတရပ်က အဲဒီလို သဘောတူ လိုက်ကြတာပါ။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး တိုင်းရင်းသား အင်အားစုတွေ စုံလင်စွာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အဲဒီညီလာခံကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကမကထ လုပ်ပြီး ကျင်းပခဲ့တာပါ။

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်စဉ်မှာ ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်း အသီး သီး၊ လူမျိုးအသီးသီးဟာ အခြေခံ သဘောတူညီချက် ရဖို့လိုတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ တချို့မူတွေကို တိုင်းရင်း သားတွေ အဖွဲ့အစည်းတွေ သဘောတူညီဖို့ လိုတယ်။ အရင်တုန်းက ဒီလို အခွင့်အရေးမျိုး မရခဲ့ဘူး”လို့ မြန်မာပြည်တွင်းကနေ ညီလာခံကို တက် ရောက်လာတဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင် က UNFC သတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီကို ပြော ပါတယ်။

အခု ညီလာခံကို တက်ရောက်ခွင့်ရတဲ့အတွက် တိုင်းရင်းသားတွေ အချင်းချင်း ဘုံသဘောတူညီမှုတခု ရဖို့ဆွေးနွေးနိုင်လို့ အစိုးရ နဲ့ ဆွေးနွေးတဲ့အခါမှာလည်း ဆွေးနွေးဖို့ အားကောင်းသွားစေမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဖက်ဒရယ် ဆိုတာ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ လိုလားနေတာဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကာလက ခွဲထွက်ရေး ဆိုတဲ့ မှားယွင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ် တစ္ဆေခြောက်နေခဲ့ရာက အခုတော့ လွှတ်တော်၊ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေကပါ ဖက်ဒရယ် စနစ်ကို ပြောလာတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်ပါလို့ အစိုးရဘက်က ပြောဆိုနေပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ထဲက ကြွင်း ကျန် အာဏာဆိုတဲ့ သင့်တင့်တဲ့ အာဏာခွဲဝေမှု ဆိုတာတွေကို ဗဟို အစိုးရလက်ထဲမှာပဲ ထားပါတယ်။

သင့်တင့်တဲ့ အာဏာခွဲဝေမှု မရှိတဲ့အတွက် ဖက်ဒရယ်မူ စစ်စစ်မဟုတ်တာကြောင့် အသစ်ရေးဆွဲဖို့ သဘောတူတာဖြစ်ပြီး ဖွဲ့ စည်း ပုံသစ်ကို မကြာခင် စတင်ရေးဆွဲကာ ၂၀၁၃ ခုနှစ်မှာ အပြီးရေးဆွဲသွားမှာဖြစ်တယ်လို့ UNFC ပြောခွင့်ရ ဦးခွန်ဥက္ကာ က ပြောပါတယ်။

ဖက်ဒရယ်မူရဲ့ အနှစ်သာရက ဗဟို အစိုးရနဲ့ ပြည်နယ်တွေကြား အာဏာခွဲဝေမှုဆိုင်ရာ အဓိက ကျပါတယ်။ ဗဟို အစိုးရက လုပ်ပိုင်ခွင့် အာဏာ အခွင့်အရေးတွေကို ပိုယူထားတာမျိုးနဲ့ ပြည်နယ်အစိုးရတွေက လုပ်ပိုင်ခွင့် အာဏာ အခွင့်အရေး ပိုယူ တာမျိုးတွေဟာ စစ်မှန်တဲ့ ဖက်ဒရယ် ဖြစ်လာဖို့ မရှိပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်ပြည်ထောင်စု မူ စစ်မှန်ခြင်း မရှိတဲ့ အဓိက အချက်တွေက အာဏာဟာ ပြည်သူက ဆင်းသက် တယ်ဆိုပြီး တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အစဉ်ရှိနေပါတယ်။ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကလည်း လွှတ်တော်တွေထဲ အလိုအလျောက် ပါဝင်နေတာ၊ ဒီ့အပြင် တိုင်းပြည်အတွက် လိုအပ်လျှင် တပ်မတော်က အချိန်မရွေး အာဏာကို ပြန်လည် ရယူနိုင်တယ်ဆိုတဲ့ သဘောမျိုး ပြဋ္ဌာန်းချက်တွေပါပဲ။

ဖက်ဒရယ်စနစ်နဲ့ မြန်မာနိုင်ငံကို တည်ဆောက်ချင်ခဲ့တာက တချိန်က ဒေါ်အောင်ဆန်းစုကြည် ထောက်ခံခဲ့တဲ့ ၁၉၉၇ ခု ဇန်နဝါရီလ က ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ထုတ်ပြန်ခဲ့တဲ့ မဲသရောထ ကြေညာချက် မထွက်ပေါ်လာခင်ကတည်းက တိုင်းရင်း သား အားလုံး ဆန္ဒရှိနေခဲ့ကြတာ အထင်အရှားတွေ့ရနိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ ပြင်ဆင်ဖို့ အလွန်ခက်ခဲပြီး အချိန်အလွန် ကြာမြင့်နိုင်တာကြောင့် အခုလို တိုင်းရင်းသား လူမျိုးများ ညီလာခံက အသစ်ရေးဆွဲဖို့ သဘောတူ ဆုံးဖြတ်တာဖြစ်တယ် လို့ မွန်ပြည်သစ်ပါတီက နိုင်ဟံသာ က သြဂုတ် ၂ ရက် က ကျင်းပတဲ့ UNFC သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံကို သူတို့ သတ်မှတ်ထားတဲ့ မူအရပေါ့ဗျာ၊ လွှတ်တော်ထဲမှာ ရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ ပြင်သွားဖို့ ဆိုတာ က တော့ မဖြစ်နိုင်ဘူးလို့ ကျနော်တို့မြင်တယ်”လို့ သူက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကလည်း ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ အနှစ်သာရတွေ သိပ် မတွေ့ရတဲ့အတွက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ ပြောဆိုပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအသစ်တခု ရေးဆွဲမလား၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲဖို့ တဆင့်ချင်း လုပ်သွားမလား ဆိုတာ အားလုံး ပါဝင်ဆွေးနွေးတဲ့ ညီလာခံတခု ခေါ်ယူပြီး ဆုံးဖြတ်လုပ်ဆောင်သွားတာ ပိုကောင်းမယ်လို့လည်း သူက ဆက်ပြောတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်ထဲမှာလည်း ဖက်ဒရယ်နဲ့ပတ်သက်တာတွေ ဆွေးနွေးပြောဆိုလာနေကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကတော့ တိုင်းရင်းသားညီလာခံက သဘာတူတဲ့ ဖွဲ့စည်းပုံ အသစ်ရေးဆွဲတာကို မထောက်ခံဘဲ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖက်ဒရယ်မူ သဘော လွတ်လပ်ခွင့်တွေ ပေးထားတယ်လို့ ဆိုသွားပါတယ်။ လိုအပ်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင် ဆင် ရေးသာ ဦးရွှေမန်းက လိုလားဟန်ပြတာ သတိထားမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူ ၃ ချက် ကိုင်စွဲပြီး ယမန်နှစ်က ကြားဖြတ်ရွေးကောက်ပွဲဝင်ကာ လွှတ်တော်ထဲ ရောက်သွားခဲ့ပေမယ့် အခုထိ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆင်မပြေသေးပါဘူး။

ဖက်ဒရယ် ဆိုရာမှာ တိုင်းရင်းသားတွေက ၈ ပြည်နယ် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို လိုလားနေကြတာပါ။

“ဖက်ဒရယ် ဖွဲ့စည်းပုံမှာပါမယ့် ၈ ပြည်နယ်ဆိုတာက လူမျိုးကိုအခြေခံတဲ့ ပြည်နယ် ၈ ခု ပုံစံနဲ့ တည်ဆောက်ဖို့ ဆိုလိုတာပါ၊ လက်ရှိ ပြည်နယ် ၇ ခုအပြင် ဗမာတိုင်းရင်းသား အများစုနေထိုင်တဲ့ တိုင်းတွေကို စုစည်းပြီး ဗမာပြည်နယ်တခု ဖွဲ့စည်းရေး ဆွေးနွေးကြတာပါ”လို့ ဦးအေးသာအောင်က ဆိုပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီးက တိုင်းရင်းသား အရေးလို့ ပြောလိုက်တိုင်းမှာ ဗမာကို တိုင်းရင်း သားတွေထဲက တခုအနေနဲ့ ထည့်သွင်း စဉ်းစားဖို့ ပြောထားတယ်။ ၈၈ မျိုးဆက်တွေ အနေနဲ့ တိုင်းရင်းသားတွေ ရဲ့ ခံစားမှု၊ ဆန္ဒတွေကို အလေးအနက်ထားရုံသာမက ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးကိုလည်း အလေးအနက် ထောက်ခံတယ်လို့ ပြောထားတယ်။

အလားတူ ဦးမြအေးကလည်း ၁၉၈၈ ခုနှစ်ကာလကစပြီး အကျဉ်းထောင်က ပြန်ထွက်လာခဲ့စဉ်အထိ လောကပါလ တရားတွေနဲ့ ညီညွှတ် အာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် ကို ၈၈ မျိုးဆက်တွေက လိုလားတယ်လို့ ပြောပါတယ်။

“ဦးဆုံးပြောချင်တာက လွတ်လပ်မှု ရှိရမယ်။ တရားမျှတမှု ရှိရမယ်။ တန်းတူညီမျှမှု ရှိရမယ်။ ဒါတွေကို အာမခံချက်ရှိတဲ့ ပြည်ထောင် စု စစ်စစ်ဖြစ်ရမယ်ဆိုတာ ကျနော်တို့ တလျှောက်လုံး ပြောလာတာပါ”လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး သူက “ကျနော်တို့ရဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ မူကိုယ်တိုင်က ဖက်ဒရယ်ပြည်ထောင်စုပါပဲ”လို့ ဆို ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုရှိပြီး တိုင်းတခုချင်း၊ ပြည်နယ် တခုချင်း စီမှာ ဗမာ တိုင်းရင်းသား အပါအဝင် အခြားတိုင်းရင်းသားတွေလည်း ရောနှော နေထိုင်ကြတာဖြစ်ပါတယ်။

ဒီအတွက် လူမျိုးကို အခြေခံတည်ဆောက်မယ့် ၈ ပြည်နယ် ဖက်ဒရယ်ပြည်ထောင်စုဆိုတာ လက်တွေ့မကျတဲ့ ချည်းကပ်မှု မျိုး ဖြစ်မနေဘူးလားလို့ ဧရာဝတီက မေးမြန်းရာမှာ မူအားဖြင့် အခုလို သဘောတူကြတာဖြစ်ပြီး အခုမှ အစပဲရှိသေးတာ ဖြစ်တယ်လို့ ဦးခွန်ဥက္ကာက ဖြေပါတယ်။

တကယ်တော့ ဖက်ဒရယ်လို့ ပြောလိုက်ရင် မည်သည့် ဖွဲ့စည်းပုံ၌ မဆို အာဏာခွဲဝေရေးက အဓိက ပြဿနာဖြစ်ပြီး နယ်မြေ အပေါ် အခြေခံတဲ့ ပြည်နယ်တွေရဲ့ မြေပေါ်၊ မြေအောက် သယံဇာတ ဆိုင်ရာ စီမံခန့်ခွဲခွင့် အချိုးတခု ရကြဖို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒတွေဖြစ်တဲ့ ၁၉၄၇၊ ၁၉၇၄ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံတွေမှာ သယံဇာတ ဆိုတာ နိုင်ငံ တော်ပိုင် ဖြစ်ပြီး နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တာဖြစ်ပါတယ်။

ပင်လုံညီလာခံက မြစ်ဖျားခံလာတဲ့ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သဘောအရ တိုင်းရင်းသားတွေကို ဖက်ဒရယ် ပြည်ထောင် စု ဖြစ်လာဖို့ ရှိလာခဲ့တာကြောင့် ၁၉၆၂ ခုနှစ်မှာ ဖွဲ့စည်းပုံကို ဖျက်ဖို့ စစ်တပ်က အာဏာသိမ်းပြီး ဖက်ဒရယ် ဆိုတာကို အစဉ်တစိုက် မြန်မာ စစ်အစိုးရတွေ ဆက်တိုက် ဆန့်ကျင်ခဲ့ကြတယ်။ ဒါဟာ တိုင်းရင်းသားတွေအပေါ် တချိန်က မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေဘက်က အသိအမှတ်မပြုလို့ ဖြစ်ခဲ့ကြတာပါ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ တိုင်းရင်းသား ညီလာခံက သဘောတူပြီး အသစ်ရေးဆွဲမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးပါ ထည့်သွင်းမှာဖြစ်တယ်လို့ ဦးခွန်ဥက္ကာက ပြောထားပါတယ်။

ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေးဟာ အနာဂတ် မြန်မာနိုင်ငံတွင် မရှိမဖြစ် လိုအပ်နေပြီး လက်ရှိ အင်အား ၅ သိန်းရှိတဲ့ တပ်မတော်သားနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို နိုင်ငံတည်ဆောက်ရေး လုပ်သား အင်အားစုတွေအဖြစ် အသွင် ပြောင်းသင့်တာ ပြောင်းသွားရမှာဖြစ်တယ်လို့လည်း UNFC ပြောခွင့်ရ ပဒို ဒေးဗစ်သာကဘော က ဖြေပါတယ်။

တိုင်းရင်းသား ညီလာခံမှာ ဆွေးနွေးဖြစ်ကြတဲ့ ဖက်ဒရယ် တပ်မတော်ဆိုတာမှာ လူမျိုးစုတွေ အချိုးညီ ပါဝင်တဲ့ တပ်မတော် မျိုးကို လိုလားတာပါ။ လက်တွေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးရဲ့အင်အား စုစုပေါင်းဟာ မြန်မာ့ တပ်မတော် ရဲ့ အင်အားနဲ့ ချိန်ညှိလို့ မရနိုင်သေးတာလည်း ထည့်သွင်း စဉ်းစားရမယ် ထင်ပါတယ်။

တဘက်မှာလည်း မြန်မာ့တပ်မတော်မှာ ချင်း၊ ရှမ်း၊ ကချင်၊ ကရင် စတဲ့ သေနတ်ကိုင် တပ်ရင်းတွေဆိုပြီး ဖွဲ့စည်းမှုရှိခဲ့ပေမယ့် နိုင်ငံတော် စရိတ်နဲ့ တောခို သွားခဲ့တဲ့ အစဉ်အလာ ရှိခဲ့ဖူးတော့ ဒီလို အခွင့်အရေးပေးဖို့ မမြင်ဘူးလို့ တပ်မတော် အရာရှိဟောင်း တချို့ က ထောက်ပြကြပါတယ်။

အခု မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေတဲ့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အားလုံး အချင်းချင်း အပြန်အလှန် အသိမှတ်ပြုမှု စတင်လာပြီလား လို့လည်း တွေးစရာ ရှိပါတယ်။

ပွင့်လင်းမှုတချို့ ရှိလာတယ်လို့ ယူဆရတဲ့ အခုလိုအချိန်မှာ လွှတ်တော် ခေါင်းဆောင် တချို့ကပါ လွှတ်တော်တွင်း ဖက်ဒရယ် ဆိုတဲ့ စကားလုံးကိုသုံးပြီး ဆွေးနွေးပြောဆိုလာတာ၊ ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အားစုတွေ အခုကျင်းပနေတဲ့ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲတွေမှာ ဖက်ဒရယ်အရေး ဆွေးနွေးညှိနှိုင်းခွင့် ရှိလာတာတွေကတော့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် ရေး အတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ ကနဦး ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကလည်း အခုထိ မထင်မရှား ရှိနေသေးတာ၊ တမျိုးသား လုံး ညီညွတ်ရေး နဲ့ ပြည်လုံးကျွတ် ငြိမ်းချမ်းရေးက စိတ်ကူးပုံရိပ် အဖြစ်ပဲ ရှိနေသေးတာကြောင့် ဤခရီး မနီးနိုင်သေးဘူးလို့ ယူဆပြီး တင်ပြ ရေးသားလိုက်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading