မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာ တင်သွင်းခွင့် ပိတ်ပင်ထားမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက် သက်တမ်း တိုးလိုက်ကြောင်း ယမန်နေ့က ကြေညာလိုက်သည်။
ယခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က သက်တမ်း ကုန်ဆုံးသွားသော ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းထားသည့် Burmese JADE (Junta’s Anti- Democratic Efforts) Act of 2008 ခေါ် မြန်မာ့ ကျောက်မျက်ရတနာများ အမေရိကန်ပြည်ထောင်စု သို့ တင်ပို့ခွင့် ပိတ်ပင်ထားသည့် ဥပဒေကို သမ္မတ အိုဘားမားက ယမန်နေ့က လက်မှတ်ရေးထိုးကာ သက်တမ်း တိုးလိုက်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော် ကြေညာချက်က ဆိုသည်။
အဆိုပါ JADE အက်ဥပဒေကို အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ တွမ်လန်းတော့စ်(Tom Lantos) က မူလ က တင်သွင်းခဲ့၍ Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act of 2008 ဟု လည်း အမည်တွင်သည်။
အမေရိကန် ပြည်ထောင်စု အမျိုးသား လုံခြံုံရေးဆိုင်ရာ လက်ထောက် အကြံပေး Ben Rhodes က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထိခိုက်စေသော မည်သည့်လုပ်ဆောင်ချက်ကိုမဆို အမေရိကန် အစိုးရဘက်က ဆက်လက် ကန့်သတ်သွားမည်ဟု ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင်းမှ ကျောက်စိမ်းနှင့် ပတ္တမြား အစရှိသည့် ကျောက်မျက်ရတနာ အများစုသည် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ တိုင်းရင်းသားနယ်မြေများက ထွက်ရှိခြင်းဖြစ်ပြီး ကျောက်မျက် ကုန်သွယ်မှုတွင် မြန်မာစစ်တပ်က အဓိက ပါဝင် ပတ်သက်နေသည်ဟု အမေရိကန် ကွန်ဂရက်ကို ကိုးကားပြီး အေပီ သတင်းတရပ်ကလည်း ဆိုသည်။
နိုင်ငံတကာ ကျောက်မျက် ဈေးကွက်တွင် မြန်မာ့ ပတ္တမြားနှင့် ကျောက်စိမ်းသည် အများစုဖြစ်ပြီး အရည်အသွေးကောင်းမွန် သည့် အတွက် လူကြိုက်များကြောင်း သိရသည်။
ယခုကဲ့သို့ ကျောက်မျက် တင်သွင်းခွင့် ပိတ်ပင်ထားမှုကို သက်တမ်းတိုးလိုက်သော်လည်း အမေရိကန် သမ္မတ အိုဘားမား က မြန်မာပြည်သူများအား တိုက်ရိုက်အကျိုးဖြစ်ထွန်းမည့် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်အားပေး ထောက်ခံနေမည်ဖြစ်ပြီး စီးပွားရေး စေ့စပ်ညှိနှိုင်းရေး ဆိုင်ရာ အမေရိကန် မူဝါဒကို ပိုမိုအားကောင်းရန် တာဝန်ယူသွားမည် ဖြစ်ကြောင်း ပြော ဆိုသည်။
အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ် ခဲ့ပြီး မြန်မာ့ အပြောင်းအလဲကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ (Burma Freedom and Democracy -2003) အရ မြန်မာ့ထွက်ကုန်များ အမေရိကန်သို့ တင်သွင်းခွင့်များထဲမှ အများစုကို ဖယ်ရှားဖြေလျှော့မှုများ လုပ်ဆောင်ခဲ့သည်။
မြန်မာ-အမေရိကန် ကုန်သွယ်ရေးကောင်စီက ယမန်နေ့က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာတွင် အမေရိကန် အနေဖြင့် ပို့ကုန်ဆိုင်ရာ အခွန်ကင်းလွတ်ခွင့်နှင့် အခြား အထူးအခွင့်အရေးများ ပါဝင်သည့် ကမ္ဘာတဝန်းမှ စီးပွားရေး ဖွံ့ဖြိုးမှု အားပေး သည့် အစီအစဉ်တခုဖြစ်သော Generalized System of Preferences- GSP ကို အဘယ်ကြောင့် မြန်မာနိုင်ငံအား ခွင့်ပြုရကြောင်း ပြောဆိုထားသည်။
ယင်း ကောင်စီအကြီးအကဲ Robert A. Knutson က မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ်ကတည်းက အကြိမ်ကြိမ် သွားရောက် ကာ သုတေသနပြုခဲ့ရာ အားရကျေနပ်စရာ လုပ်အား ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ အပါအဝင် ထင်ရှားသည့် တိုးတက်မှုများ တွေ့ရကြောင်း၊ GSP အခွင့်အရေး မြန်မာကို ပေးခြင်းအားဖြင့် အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက် အထောက်အပံဖြစ်မည်ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်ရစေမည့် အားလည်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။