အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ တွေကို စစ်ရေး သတိရှိထားကြဖို့ ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သတိပေး မှာကြားခဲ့ကြောင်း KNPP ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ် က ဧရာဝတီကို ပြောပါတယ်။
အစည်းအဝေးကို ဒီလ ၅-၆ ရက်နေ့တွေက KNPP ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အုပ်ချုပ်ရေးဘက်ဆိုင်ရာ ထိပ်ပိုင်း ခေါင်းဆောင် တွေနဲ့ စစ်ဘက် ဆိုင်ရာ အရာရှိတွေ အပါအဝင် စုစုပေါင်း ၈၀ ကျော်တက်ရောက် ခဲ့ကြပြီး အဲဒီ့အစည်း အဝေးမှာ စစ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ သတိပေးပြောကြားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“စစ်ရေးဘက်မှာဆိုရင်ကျနော်တို့နဲ့ သူတို့ (အစိုးရ) နဲ့ သဘောတူ ထားတဲ့ ဟာ ကျူးလွန်လာခဲ့လို့ရှိရင်တော့ ပစ်ခတ်မှာပေါ့ဗျာ၊ အကြောင်းမကြားဘဲနဲ့ နယ်မြေကျော်လာမယ်၊ မလာသင့် မလာထိုက်တဲ့နေရာ မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ရင်တော့ စစ်ရေးအရပေါ့ဗျာ”လို့ ဗိုလ်မှူးချုပ် အောင်မြတ် က ပြောပါတယ်။
အစိုးရနဲ့ KNPP တို့ဆွေးနွေးမှုတွေပြုလုပ်ပြီးတဲ့ နောက်မှာ အစိုးရ စစ်တပ်ဘက်က KNPP ထိန်းချုပ်နယ်မြေအတွင်း ခွင့်မတောင်း ဘဲ လက်နက်ကိုင်သွားလာမှုတွေ၊ ကျေးရွာတွေအတွင်း ဝင်ရောက်ပြီး မူးယစ်ရမ်းကားမှုတွေ၊ အမျိုးသမီးတွေကို ကာယိန္ဒြေ ပျက်စေ မှုတွေ ပြုလုပ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။
နှစ်ဘက်ထိစပ်နယ်မြေတွေမှာ စစ်ရေးအရ တင်းမာမှုတွေမရှိပေမယ့် အသိမပေးဘဲ ဝင်ထွက်မှုတွေပြုလုပ်နေခြင်းဟာ နှစ်ဖက် သဘောတူညီမှုကို ချိုးဖောက်သလို အကဲစမ်းတဲ့ သဘောတွေ သက်ရောက်နေတဲ့ အတွက် အစိုးရစစ်တပ်နဲ့ပတ်သက်ပြီး “စောင့်ကြည့်ဖို့၊ သတိရှိဖို့၊ ပြင်ဆင်ဖို့” တပ်မှူးတွေကို သတိပေးတာလို့ ဗိုလ်မှူးချုပ် အောင်မြတ် က ပြောပါတယ်။
KNPP နဲ့ အစိုးရတို့အကြား တဖက်နယ်မြေအတွင်း ကူးသန်းသွားလာပါက လက်နက် ကိုင်ဆောင်ခြင်း မပြုဘဲ ကြိုတင် အကြောင်းကြားသွားလာရန် နှစ်ဖက်သဘောတူညီထားတာကို ချိုးဖောက်ပြီး ခုလိုဝင်ရောက်နေမှုတွေနဲ့ပတ်သက်ပြီး အစိုးရ ဘက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပေမယ့် ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။
အစည်းအဝေးမှာ စစ်ရေးအရ ဆွေးနွေးမှုတွေပြုလုပ်ခဲ့သလို အုပ်ချုပ်ရေး၊ လူထုစည်းရုံးရေးနဲ့ နိုင်ငံရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပေမယ့် အသေးစိပ်ဖြေကြားခြင်းတော့ မရှိပါဘူး။
အစိုးရနဲ့ KNPP အကြားမှာ နှစ်ဖက်သဘောတူညီချက်တွေပြုလုပ်ထားပေမယ့် ဒီနေ့အချိန်ထိ တစ်ခုမှ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးလို့ ဗိုလ်မှူးချုပ် အောင်မြတ် က ဆက်ပြောပါတယ်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KNPP တို့ ဒီနှစ်ဇွန်လပိုင်းကလည်း တွေ့ဆုံခဲ့သေးပြီး အပစ်အခတ်ရပ်စဲရေး၊ တပ်နေရာချထားရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး၊ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး၊ မြေမြှုပ်မိုင်းရှင်းလင်းရေးအပါအဝင် ပူးတွဲလုပ်ဆောင်ရန် သဘောတူညီချက် ၈ ချက်ရှိခဲ့ပါတယ်။
KNPP နဲ့ အစိုးရတို့အကြားမှာ ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ သဘောတူညီမှုရရှိခဲ့ပြီးနောက် နှစ်ဖက် တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။
KNPP ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရနဲ့ ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပေမယ့် ၃ လ အကြာ ဇွန်လ ၂၉ ရက်နေ့မှာ ပျက်ပြယ်ခဲ့ပါတယ်။