၈ လေးလုံး ၂၅ နှစ်ပြည့် အထိမ်းအမှတ် ခွင့်ပြုချက်မရဘဲ လမ်းလျှောက်သူများကို ခေါ်ယူစစ်ဆေး ထားပြီး အရေးယူရန်ဆောင်ရွက်နေကြောင်း ရန်ကုန် ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ မနေ့ကတော့ လမ်းလျှောက်ရာမှာ ပါဝင်ခဲ့တဲ့သူတွေကို ချက်ချင်း ခေါ်ယူ စစ်ဆေးထားတယ်၊ အရေးယူဖို့ ကတော့ အဆင့်ဆင့် တင်ပြပြီးတာနဲ့ တပြိုင်နက် ဆောင်ရွက်မှာပါ။ တာဝန်အရ လုပ်ရတာပါ” ဟု အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။
ယမန်နေ့က ၈ လေးလုံး အမှတ်တရ လမ်းလျှောက်ပွဲ ပြီးသည်နှင့် တပြိုင်နက် ရဲစခန်းသို့ တပါတည်း လိုက်၍ အစစ်ဆေးခံရန် ကျောက်တံတား မြို့နယ်ရဲစခန်းမှူးက ခေါ်ယူခဲ့ကြောင်း လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သူ ဦးဝင်းချိုက ရှင်းပြသည်။
“ဦးဝင်းချိုလည်း လုပ်ချင်တာလုပ်လို့ ပြီးပြီ၊ ကျနော်တို့ရဲ့ တာဝန်ကိုလည်း ကူညီပါဦး ဆိုတာနဲ့ လိုက်သွားတာ။ အစစ်ဆေး ခံခဲ့တယ်” ဟု သူက ဆိုသည်။
၈ လေးလုံး ဂုဏ်ပြု လမ်းလျှောက် သူများသည် ခွင့်ပြုချက် မရှိဘဲ စုဝေး လှည့်လည်ခြင်း ဖြစ်သည့်အတွက် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က တားမြစ်ခဲ့ကြကြောင်း၊ သက်ဆိုင်ရာက တားမြစ်ခဲ့ကြ သော်လည်း လမ်းလျှောက်သူ အင်အားစုများမှာ ခရီးဆက်ခဲ့ကြပြီး ရန်ကုန်မြို့တော် ခန်းမရှေ့တွင် လွမ်းသူ့ပန်းခွေချ အလေးပြု ခဲ့ကြောင်း၊ ခွင့်ပြုချက်မရှိ လမ်းလျှောက်သူများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ဧရာဝတီသို့ ပြောသည်။
“ကျမက လမ်းလျှောက်ပွဲမှာ ပါဖောမန့်နဲ့ပါ ပါဝင် လှုပ်ရှားခဲ့တာကြောင့် အဲဒီအတွက် ပုဒ်မ တခု ထပ်တပ်မယ်လို့ သိရတယ်၊ ဒီမိုကရေစီ ရတာမဟုတ်လို့ ကျဆုံးသွားသူတွေ အတွက် အမျှမဝေဘူး၊ ဂုဏ်ပြုတာ၊ တာဝန်ရှိသူတွေက အခုလို လုပ်လာတော့ ကျမတို့ကလည်း ရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ အခုလို ပွဲမျိုးတွေကို နောင်နှစ် တွေမှာလည်း ထပ်လုပ်မှာပါ” ဟု လမ်းလျှောက်ပွဲတွင် ပါဝင်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုမှ တာဝန်ခံ မဖြူဖြူဝင်းက ဆိုသည်။
ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် ယမန်နေ့ နံနက် ၈ နာရီ ၈ မိနစ်မှ စတင်ကာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ရန်ကုန်မြို့လယ် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သော ဗမာ့ တော်လှန်ရေး အင်အားစု (BRF) အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်နှင့် ဟိန္ဒူဘာသာ ဝင်များ အပါအဝင် ဘာသာကြီး ၄ ခုမှ ဘာသာရေး ခေါင်းဆောင်များ၊ ဆရာတော် သံဃာတော်များနှင့် ပြည်သူလူထု အင်အား ၁၀၀ ကျော်က ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးတွင်ကျဆုံးသွားသူများ အတွက် မေတ္တာပို့ ဆုတောင်းပေးခဲ့ကြပြီး ၈ ပုံသဏ္ဍန် လွမ်းသူ့ပန်းခွေ ၄ ခုကို မဟာဗန္ဓုလ ပန်းခြံ ခြံစည်းရိုး ပေါ်တွင် ချထားကာ တေးရေးဆရာ နိုင်မြန်မာ ရေးသားခဲ့သော ၈ လေးလုံး ဂုဏ်ပြုသီချင်း “ကမ္ဘာမကြေဘူး” ကို သံပြိုင် သီဆို ခဲ့ကြသည်ဟု သိရှိရသည်။