Politics

တိုင်းရင်းသားများ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ တတိယအဆင့် ကျင်းပမည်

This article has been converted from Zawgyi One to Unicode

ရှမ်း၊ ကယား၊ မွန် စသည့် ပြည်နယ်များဆိုင်ရာ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုလကုန်တွင် ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲအား တောင်ကြီး၌ ကျင်းပရန် လျာထားကြောင်း၊ လက်ရှိ အခြေအနေတွင် နိုင်ငံရေး လှုပ်ရှားမှုများ ပြန်လည် ကြပ်မတ်နေကြောင်း၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးညွန့်လွင်က ဧရာဝတီသို့ ပြောသည်။

“ဒီပွဲကတော့ တတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံပွဲပေါ့။ ခွင့်ပြုမိန့်တော့ မရသေးဘူး၊ ဒါပေမယ့် ရအောင်တော့ လုပ်သွားမယ်။ အခုက တိုင်းရင်းသား သုံးမျိုး ပါဝင်လာမယ်။ နောက်ကျရင်လည်း ကျန်ရှိနေတဲ့ တိုင်းရင်းသား အားလုံး စုပေါင်း လုပ်နိုင်အောင် တဆင့်ပြီး တဆင့် လုပ်သွားပါမယ်။ နောက်နှစ်မှာ တိုင်းရင်းသား အားလုံးပါဝင်တဲ့ ညီလာခံတရပ် ကျင်းပ နိုင်အောင် ကြိုးစားသွားမှာပါ” ဟုဦးညွန်လွင်က ဆက်ပြောသည်။

ယုံကြည်မှု တည်ဆောက်ခြင်း ပထမအဆင့်ကို ၂၀၁၂ နိုဝင်ဘာလ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယ အဆင့်ကို ၂၀၁၃ မတ် ၂၀ မှ ၂၂ ရက်နေ့အထိ လားရှိုးမြို့တွင် ကျင်းပခဲ့ကာ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အင်အားစုများ၊ လှုမှုအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့သည်။ ဒုတိယ အဆင့် ကျင်းပစဉ်က ရှမ်းပြည်နယ်အတွင်းရှိ
နိုင်ငံရေး အင်အားစုများ၊ လက်နက်ကိုင် အပစ်ရပ် အဖွဲ့အစည်းများကို ဖိတ်ကြားခဲ့ကြောင်း၊ တတိယ အဆင့်တွင် ပြည်ထောင်စု အတွင်းရှိ တခြား တိုင်းရင်းသား နိုင်ငံရေး အင်အားစုများကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရေးအတွက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

“အဲဒါကတော့ တဆင့်စီ လုပ်နေတာဆိုတော့ နောက်တော့ ကျနော်တို့လည်း ပါမှာပါ။ အရင်လုပ်တဲ့ ပွဲတွေမှာဆိုရင် လက်နက်ကိုင် အဖွဲ့တွေ နိုင်ငံရေး ပါတီတွေ လူမှုအဖွဲ့အစည်းတွေ တက်ကြတယ်။ ဘာပဲဖြစ်ဖြစ် အားလုံး ဆွေးနွေး လိုက်တာဟာ ညှိနှိုင်းသလို ဖြစ်သွားတာပေါ့။ နောင်တချိန်မှာ တိုင်းရင်းသား အားလုံးပါတဲ့ ညီလာခံကျင်းပရင် အားလုံးက
တသံတည်း ထွက်နိုင်မှာပေါ့” ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။

ယုံကြည်မှု တည်ဆောက်ခြင်း ပထမအဆင့်ကို ၂၀၁၂ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အင်အားစုများ၊ လှုမှုအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့သည်။ ဒုတိယ အဆင့်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့နှင့် ဆွေးနွေးပွဲကို လေ့လာသူ
အနေဖြင့် ၁၈ ဖွဲ့ကို ဖိတ်ကြားခဲ့ကြောင်း၊ ပျက်ကွက်အနေဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဗဟို အဖွဲ့ချုပ်နှင့်
“ဝ” ဒီမိုကရက်တစ် ပါတီတို့ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ရန် ဆိုပြီး တင်ပြသွားမယ်။ တခြားပြည်နယ် တွေလည်း နောက်ကျရင် ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တိုင်းရင်းသား အားလုံးကလည်း ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့ပဲလေ” ဟု မွန် ဒီမိုကရေစီပါတီမှ ဦးမင်းကျော်ဝင်းက ဧရာဝတီသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန်က ရှမ်းအမျိုးသား ဒီမိုကရေစီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်း ခေါ်ယူ တွေ့ဆုံခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရေရှည် တည်တံ့ရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ခေါင်းဆောင် တဦး အနေဖြင့် ဝိုင်းဝန်း လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

Loading