သတင်း

စာနယ်ဇင်းကောင်စီ (ယာယီ) ကို ပြန်ကြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖိတ်ခေါ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က မီဒီယာဥပဒေ ကိစ္စ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က စာနယ်ဇင်းကောင်စီနှင့် တွေ့ဆုံကာ မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲ အပြီးတွင် နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သောကြောင့် ပြည်တွင်း ပြည်ပ သတင်းဌာနများ သတင်းရယူနိုင်ကြောင်း ပြန်ကြားရေး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သြဂုတ်လ ၁၃ ရက်နေ့တွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုကြောင့် နေပြည်တော်သို့ ယာယီ စာနယ်ဇင်း ကောင်စီက သွားရောက် တွေ့ဆုံမည် ဖြစ်သည်။

“ပြန်ကြားရေးက စကားပြောရအောင် ဆိုပြီးခေါ်တာ၊ ဘာကိစ္စ ဆွေးနွေးမှာလဲ မသိဘူး၊ ဘာမှ ကြိုမပြောထားဘူး။ သူတို့က ဒီတခေါက် ကောင်စီက လူစုံလာဖို့ ပြောထားတယ်။ သူတို့ဘာပဲ ပြောပြော ကျနော်တို့က သတင်းမီဒီယာ ဥပဒေကို လွှတ်တော် ကနေ ရအောင်တင်မယ်။ အခု ဘယ်သူ့ကိုမှ မယုံတော့ဘူး။ ကိုယ့် မီဒီယာ ကိုယ့်ဘာသာ လွတ်လပ်ခွင့်ရအောင် တိုက်မယ်” ယာယီ စာနယ်ဇင်း ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဦးသီဟစောက ဧရာဝတီသို့ ပြောသည်။

ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲထားသော ပုံနှိပ်ထုတ်ဝေ ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြသည့်အခါ စာနယ်ဇင်း ကောင်စီ (ယာယီ) က အချက်တချို့ ပြင်ဆင်ပေးရန် အဆိုပြုခဲ့သော်လည်း ပြန်ကြားရေးက ယခင်အတိုင်းသာ
လွှတ်တော်သို့ တင်ပြခဲ့ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသည့် သတင်းမီဒီယာ ဥပဒေကြမ်းပါ အချက်အလက် များကို ပြင်ဆင်ရန်လည်း ပြန်ကြားရေးဝန်ကြီး ဌာနက ဖိအားပေးလျှက် ရှိကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည့် ပုံနှိပ်နှင့် ထုတ်ဝေ ဥပဒေကြမ်းတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိန်းချုပ်မည့် အချက်များ ပါဝင်နေသောကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) အပါအဝင် သတင်း မီဒီယာသမားများက
လက်မခံဘဲ အမျိုးသား လွှတ်တော်တွင် ပြန်လည် ပြင်ဆင်နိုင်ရန် ကြိုးစားလျှက် ရှိသည်။

သြဂုတ်လဆန်းပိုင်းတွင် စာနယ်ဇင်းကောင်စီ (ယာယီ) က သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြရန် နိုင်ငံရေးပါတီ အဖွဲ့အစည်း ၂၃ ခုကို ဖိတ်ကြားရှင်းလင်းခဲ့စဉ် နိုင်ငံရေးပါတီ ၃ ခုသာ တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှာ တက်ရောက်ခြင်း မရှိသောကြောင့် ကောင်စီကို တွေ့လိုကြောင်း ကမ်းလှမ်းလာခြင်း ဖြစ်နိုင်ကြောင်း ကောင်စီဝင်များက သုံးသပ်ကြသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကောင်စီနဲ့ တွေ့ချင်တဲ့ အကြောင်းကတော့ နိုင်ငံရေးပါတီတွေ ကောင်စီနဲ့ တွေ့ဆုံပွဲ လာမတက် ဖြစ်တဲ့ ကိစ္စဖြစ်မယ်” ဟု စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောသည်။

လက်ရှိ အချိန်တွင် လူငယ် မီဒီယာသမားများကလည်း လွတ်လပ်သော သတင်းမီဒီယာ ဥပဒေ ပေါ်ပေါက်ရန် သတင်းမီဒီယာ သမားများသာမကဘဲ ပြည်သူလူထုက ပူးပေါင်းပါဝင်လာရန် အတွက်ပါ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို တနိုင်ငံလုံးတွင် အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

လူငယ် စာနယ်ဇင်းသမားများ ပါဝင်သော မြန်မာဂျာနယ်လစ် ကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ မကွေး၊ မုံရွာ၊ ရေနံချောင်း၊ နတ်မောက်၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ ပခုက္ကူ မြို့များတွင် လက်မှတ်ကောက်ယူရေး
လှုပ်ရှားမှုများ ပြုလုပ်လျှက် ရှိရာ လက်မှတ်ပေါင်း ၅၀၀၀ ခန့် ရရှိနေပြီ ဖြစ်သည်။

“ပြည်သူတွေက ဘယ်လောက် စိတ်ဝင်စားလဲဆိုရင် ကျနော်ဝတ်ထားတဲ့ အကျႌကိုတွေ့တော့ မီဒီယာ လာပါဦးဆို လှမ်းခေါ်ပြီး လက်မှတ် ထိုးပေးတယ်။ လမ်းပေါ်တက် ဆန္ဒ ထုတ်ဖော်ရင်လည်း သူတို့ပါ ပူးပေါင်းမယ်လို့ ပြောကြတယ်” ဟု လက်မှတ် ကောက်ယူနေသူ ရန်ကုန်မြို့မှ သတင်းသမား ဦးမြင့်သိန်းက ပြောသည်။

လွတ်လပ်သည့် မီဒီယာဥပဒေ ရရှိရေး လက်မှတ်ရေးထိုးခြင်း လှုပ်ရှားမှုကို သြဂုတ်လ ၈ ရက်နေ့က ၈ လေးလုံး အရေးတော်ပုံ
အခမ်းအနားကျင်းပရာ MCC တွင် ပြုလုပ်ရာ နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ ဦးမြင့်၊ ကျောင်းသားတပ်မတော် (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်တို့က လက်မှတ် ရေးထိုးပေးခဲ့ပြီး ရာနှင့်ချီသော နိုင်ငံရေး အင်အားစုများက ထောက်ခံ လက်မှတ် ရေးထိုးခဲ့ကြသည်။

သတင်းမီဒီယာ လွတ်လပ်ခွင့်သည် သတင်းမီဒီယာ သမားများ အကျိုးအတွက်မဟုတ်ဘဲ ပြည်သူလူထု၏ နေ့စဉ်ဘ၀ အတွက်ပါ အရေးပါ၍ တိုက်ရိုက် သက်ဆိုင်နေကြောင်း၊ သတင်းအချက်အလက် မှန်များ မရရှိပါက ပြည်သူလူထု၏ လူနေမှု၊ စီပွားရေး၊ ပညာရေး အကျိုးစီးပွားတို့တွင် တိုက်ရိုက် ထိခိုက်နစ်နာနိုင ်သောကြောင့် လွတ်လပ်သော သတင်းမီဒီယာ ဥပဒေ ပေါ်ပေါက်ရန် ကြိုးပမ်းနေရခြင်း ဖြစ်ကြောင်း မြန်မာ ဂျာနယ်လစ်ကွန်ရက်မှ ဦးမြင့်ကျော်က ပြောသည်။

မီဒီယာ အဖွဲ့အစည်း ၃ ခု ဖြစ်သော မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၊ မြန်မာစာနယ်ဇင်း သမဂ္ဂ နှင့် မြန်မာ ဂျာနယ်လစ် ကွန်ရက်တို့က လွတ်လပ်သော သတင်း မီဒီယာဥပဒေ ပေါ်ပေါက်ရန် အကျႌထုတ်ဝေခြင်း၊ စတစ်ကာ ကပ်ခြင်းနှင့် လူထု နားလည်စေရန် မီဒီယာအကြောင်း ရှင်းပြခြင်းတို့ကို အတူတကွ ပူးပေါင်းလုပ်ဆောင်လျှက် ရှိသည်။

ထိုအခြေအနေတွင် သတင်းမီဒီယာ သမားများအနေဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲပြီး လွှတ်တော် တင်ရန် ပြင်ဆင်လျှက်ရှိသည့် သတင်းမီဒီယာ ဥပဒေကို ဒီမိုကရေစီ စံနှုန်းများဖြင့် ကိုက်ညီသည့် ဥပဒေ တရပ်အဖြစ် အတည်ပြု နိုင်စေရန်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည့် ပုံနှိပ်ထုတ်ဝေ ဥပဒေမူကြမ်းကို အမျိုးသား လွှတ်တော်တွင်
ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရန် မီဒီယာသမားများနှင့် ပြည်သူလူထု၏ ဆန္ဒလက်မှတ်များ ကောက်ယူနေခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading