သတင်း

နိုင်ငံ အကျိုးရှိမည့် သမိုင်းစိတ်ဓာတ် ရှိရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

This article has been converted from Zawgyi One to Unicode

နိုင်ငံအကျိုးရှိစေရေး သမိုင်း စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ဘယ်စိတ်ဓာတ်မဆို အပြုသဘော မဆောင်လို့ ရှိရင် ကျမတို့ရဲ့ အသိုင်းအဝိုင်း၊ ကျမတို့ ရဲ့နိုင်ငံကို အကျိုးပေးမှာ မဟုတ်ပါဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လွန်ခဲ့သည့် ၂၅ နှစ်က ဒီမိုကရေစီ အရေးတော်ပုံကြီးအား မည်သို့ ထောက်ခံခဲ့သည်၊ မည်ကဲ့သို့ ပါဝင်ခဲ့သည်ကို ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း၊ လေ့လာချင်စိတ်နှင့် လေ့လာတတ်သည့် စိတ် ၂ ခု ပေါင်းစပ်ထားသည့် သမိုင်းစိတ်ဓာတ် ရှိရန် လိုကြောင်း သူက ပြောဆိုသည်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ၃ ရက် ကျင်းပသည့် ရှစ် လေး လုံး ငွေရတု အထိမ်းအမှတ် အခမ်းအနား နောက်ဆုံးနေ့၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောရာတွင် ထိုသို့ ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

တချို့က သမိုင်းဖြစ်စဉ်ကို သေချာ လေ့လာမှု မရှိဘဲ ကိုယ်သိထားသည့် အနည်းငယ်အပေါ် အခြေခံပြီး အဓိပ္ပာယ်ဖော်ချင် ကြောင်း၊ တချိုက သေချာလေ့လာသော်လည်း အတိတ်က ဖြစ်ရပ်များအပေါ် သင်ခန်းစာယူရာတွင် နိုင်ငံအတွက် အကျိုးမရှိ သည့် သင်ခန်းစာများ ဖြစ်တတ်ကြောင်းလည်း မိန့်ခွန်းတွင် ပါရှိသည်။

“ကျမကိုယ်တိုင် ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တာ မဟုတ်ပါဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံချက် ပေးခဲ့ သေးသည်။

လွန်ခဲ့သည့် ၂၅ နှစ်ကာလ ၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ်က လမ်းမများပေါ် ကျောင်းသားပြည်သူများ လမ်းလျှောက် ဆန္ဒပြခဲ့စဉ် က ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ ဒီမိုကရစီ ရရှိရေး အတွက် အားလုံးက ပံ့ပိုးသင့်သည်ဟု ယုံကြည်ခဲ့ပြီး ၁၉၈၈ ခုနှစ် သြဂုတ်လ အတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာ့နိုင်ငံရေး နယ်ပယ်တွင်းသို့ ခြေချခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

“နိုင်ငံရေး လုပ်တိုင်း မှန်တာ မဟုတ်ဘူး ဆိုတာ ကျမသိသလို၊ နိုင်ငံရေး မှန်မှန်ကန်ကန် လုပ်ဖို့ဟာ ဘယ်လောက် ကျမတို့ နိုင်ငံ အတွက် အရေးပါသလဲဆိုတာ ငယ်ငယ်ကတည်းက သဘောပေါက်ခဲ့ပါတယ်”ဟုလည်း သူက ဆိုသည်။

ထို့ကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အကြမ်းမဖက်သည့် နည်းကို သုံးမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

“အခု ခေတ်မှာ ယဉ်ကျေးတဲ့ လူသားများဟာ အကြမ်းမဖက်တဲ့ နည်းနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်တဲ့ အရည်အချင်း တွေ ရှိဖို့ လိုပါတယ်။ အကြမ်းဖက်ပြီးမှ ရောက်နိုင်တယ် ဆိုရင် ဒါ တနည်းအားဖြင့် ကျမတို့ အရည်အချင်းတွေ မပြည့်စုံသေးဘူး လို့ပဲ ကျမတို့ သတ်မှတ်ရမှာပါ”ဟု သူက ဆက်လက် ပြောဆိုသည်။

အကြမ်းဖက်နည်းဖြင့် ကိုယ်လိုချင်သည့်အရာကို ရရှိသည်မှာ မြန်ဆန်သော်လည်း ဒဏ်ရာဒဏ်ချက်များ ကုသရန် အချိန်ကြာမြင့် ကြောင်း၊ အကြမ်း မဖက်သည့် နည်းဖြင့် ရယူခြင်းသည် ဒဏ်ရာ ဒဏ်ချက်နည်းကြောင်းနှင့် အင်အားကို မှန်မှန်ကန်ကန် အသုံးချ တတ်ရန်လည်း ပြောသည်။

“အင်အားကို မှန်မှန်ကန်ကန် ထိန်းတတ်မှ အများကို အကျိုးပြုတဲ့ အင်အား တခုဖြစ်လာမယ်။ အင်အားကို မှန်မှန်ကန်ကန် မထိန်းတတ်ဘူး၊ လိုသလို သုံးမယ်၊ ကိုယ့်အတွက် ကိုယ့်အသိုင်းအဝိုင်း အတွက် သုံးမယ်ဆိုလို့ရှိရင် ဒီအင်အားဟာ အများကို ထိခိုက်တဲ့ လက်နက်ကြီးသဖွယ် ဖြစ်သွားပါလိမ့်မယ်”ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး ဒီမိုကရစီပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားများ အားလုံးပါဝင် သည့် နိုင်ငံသားများ၏ လုံခြုံမှုနှင့် လွတ်လပ်မှုကို မျှမျှတတပေးသည့် လူမှု အသိုင်းအဝိုင်းရှိသည့် နိုင်ငံမျိုးအဖြစ် လိုလားကြောင်း ပြောဆိုသည်။

“ကျမတို့ရဲ့ သမိုင်းတလျှောက်မှာ ဆိုလို့ရှိရင် လုံခြုံရေးကို အကြောင်းပြပြီးတော့ ပြည်သူတွေရဲ့ လွတ်လပ်ရေးကို ချုပ်ချယ် ခဲ့တာတွေလည်း အများကြီး ကျမတို့ တွေ့ကြုံခဲ့ရတယ်”ဟု သူက ဆိုသည်။

ယခုကဲ့သို့ ရှစ်လေးလုံး ငွေရတုအခမ်းအနားတွင် အားလုံး စုစည်းညီညွှတ်စွာ မြင်ရ၍ ဝမ်းမြောက်ကြောင်း၊ ညီညွှတ်ခြင်းနှင့် ပတ်သက်၍ အားလုံး သဘာထား တခုတည်း ရှိခြင်းကို မဆိုလိုကြောင်း၊ ဒီမိုကရေစီ သဘောတရားအရ လွတ်လပ်စွာ သဘော ထားကွဲလွဲမှု ရှိရမည်ဖြစ်ပြီး ညီညွတ်မှုကို တည်ဆောက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“တသွေး တသံ တမိန့် ဆိုတာ ညီညွတ်မှု မဟုတ်ပါဘူး”ဟုလည်း သူက ဆိုသည်။

NLD ပါတီသည် လွန်ခဲ့သည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော် လည်း ရလဒ်မှာ မထူးခြားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့သည်မှာ နိုင်ငံရေး လမ်းသစ်တခုကို ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း ထိုစဉ်က ထောက်ခံသံ၊ ကန့်ကွက်သံ များရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

“နိုင်ငံရေးဆိုတာ ဒီလိုပါပဲ၊ အားလုံး သဘောတူမှ ဆုံးဖြတ်မယ်ဆိုလို့ရှိရင် ဘာနိုင်ငံရေး ဆုံးဖြတ်ချက်မှ ကျမတို့ ချနိုင်မှာ မဟုတ်ပါဘူး”ဟု သူက ပြောသည်။

ဒီမိုကရေစီဆိုသည် အများဆန္ဒအရ လုပ်ဆောင်သည်မှန်သော်လည်း အနည်းစု၏ အခွင့်အရေးများကို အကာအကွယ် ပေးရ မည်ဖြစ်ပြီး အမြင်များကိုလည်း လေးစားရမည်ဖြစ်သည်ဟု ဆိုသည်။

ယခု ရှစ်လေးလုံး ငွေရတုက ချမှတ်လိုက်သည့် ဖက်ဒရယ်ပြည်ထောင်စု အပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ သဘောတူ ကြေညာချက်ပါ အချက်များသည် NLD အနေဖြင့်လည်း သဘော ကိုက်ညီသည့်အတွက် ထောက်ခံကြောင်း၊ မပြောင်းလဲသည့် မူလ ရည်မှန်းချက်များ ဖြစ်သည့်အတွက်လည်း ထောက်ခံကြောင်း သူက ဆက်ပြောသည်။

“ဒီနိုင်ငံမှာ ဥပဒေ စိုးမိုးရေး ရှိနေပြီလား ဆိုတော့ မရှိသေးပါဘူး၊ ဒီနိုင်ငံမှာ တကယ်ပဲ ပြည်တွင်း ငြိမ်းချမ်းရေး ရှိနေပြီလား ဆိုတာလည်း မရှိသေးပါဘူး”ဟုလည်း ပြည်သူ့ လွွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြသည်။

ထို့အပြင် ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ရေးသည်လည်း စတင်မှုပင် မရှိသေးကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အသက်သည် ပြည်သူလူထု၏ လက်ခံယုံကြည်မှုဖြစ်ပြီး လက်ခံ ယုံကြည်မှုမရှိလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆို သည်မှာ အသက်မဲ့ ရုပ်ဝတ္တု ပစ္စည်းမျှသာ ဖြစ်ကြောင်း၊ သို့အတွက် နိုင်ငံ၏ အနာဂတ် ကောင်းမွန်စေရန် ရဲရဲဝံ့ဝံ့နှင့်ညီညီညွှတ် ညွှတ် အားလုံး လုပ်ဆောင်သွားကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းကို နိဂုံးပိုင်း၌ မြန်မာပြည်သူလူထုနှင့်တကွ ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု ၂၅ နှစ်တာ ကာလတလျှောက် ကျ ဆုံးသွားသူ အားလုံးနှင့်တကွ မျိုးဆက်သစ်များကိုလည်း ကျေးဇူးတင်ကြောင်း၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုသွားသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း သမိုင်းမှန်ကို အင်အားရှိသူတွေက ဖျောက်ဖျက်ရန် ကြိုးစား ၍ မရကြောင်း၊ ပွဲတက်ရောက်လာသူများ၏ ရဲရင့်တက်ကြွမှုနှင့် အရေးတော်ပုံကို တန်ဖိုးထားသည့် အင်အားစု များက သက်သေ ထူနေပြီဖြစ်ကြောင်း ရှစ်လေးလုံး ငွေရတု နောက်ဆုံးနေ့ အခမ်းအနားမိန့်ခွန်းတွင် ပြောသည်။

“ကာလ တခုတော့ အင်အားရှိတဲ့သူတွေဟာ သမိုင်းကို လိုသလို ဆိုင်းဘုတ်တင်လို့ ခေါင်းစဉ်ပေးလို့ ရပါလိ့မ်မယ်။ ဒါပေမယ့် သမိုင်းဟာ ရှည်ကြာစွာတော့ ရုပ်ဖျက်ခံထားလို့မရပါဘူး”ဟု သူက ဆိုသည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့်ပတ်သက်၍ မိဘပြည်သူများကို အထူး ကျေးဇူးတင်ကြောင်းလည်း ဦးမင်းကိုနိုင်က ပြော သည်။

“ဒီ အရေးတော်ပုံကို ကျောင်းသားတွေ စခဲ့တယ်ဆိုပေမယ့် မိဘပြည်သူတွေမပါရင် အရေးကြီးတဲ့ သမိုင်း အချိုးအကွေ့ကြီး တခုကို ဘယ်လိုမှ ဖန်တီးနိုင်မှာမဟုတ်ပါဘူး”ဟု သူက ဆိုသည်။

ရှေ့က မျိုးဆက်တို့ ယုံကြည်စွာ ကိုင်စွဲခဲ့သည့် ဒေါင်းအလံကို ဆက်လက်ကိုင်စွဲကာ လျှောက်လှမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်း ၂၅ နှစ်တိုင် ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုများကို အံတုခဲ့ခြင်းသည် အလွန် ဂုဏ်ယူဖွယ်ဖြစ်ကြောင်းလည်း ဦးမင်းကိုနိုင်က ပြောသည်။

မြန်မာပြည်သူများသည် စစ်လက်နက်များ၊ လက်ထိပ်၊ အကျဉ်းထောင် သံတိုင်များ၊ ထောင် အုတ်ရိုးများ စသည့် ခြိမ်းခြောက်မှုများကို မတုန်လှုပ်ကြောင်း ၂၅ နှစ်လံုံးလုံး အံတု ပြသခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စေ့စပ်ဆွေးနွေး ညှိနှိုင်းရေး လမ်းသာရှိပြီး ယခု လည်း တိုင်းပြည်အတွက် ခက်ခဲသိမ်မွေ့သည့် စေ့စပ်ဆွေးနွေးရေးလမ်းကို စတင်လျှောက်လှမ်း နေကြပြီဖြစ်ကြောင်း သူက ဆက် ပြောသည်။

“ကျနော်တို့ဟာ လောကဓံ အကောင်းနဲ့ ကြုံလာမှ လောကဓံ အဆိုးတုန်းက တွဲခဲ့တဲ့ချိတ်ခဲ့တဲ့ လက်တွေ ပြုတ်မထွက်သွား အောင် ကျနော်တို့ အားလုံး တယောက်နဲ့တယောက် ညီညီညာညာ ရှိနေရပါမယ်”ဟုလည်း ဦးမင်းကိုနိုင်က ပြောဆိုသည်။

ရန်ကုန်မြို့၌ ယမန်နေ့က ကျင်းပသည့် ရှစ်လေးလုံး ငွေရတု အခမ်းအနား နောက်ဆုံးနေ့ အခမ်းအနားသို့ ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်သူ့လွှတ်တော် တိုင်းသားရေးရာ နှင့် ပြည်တွင်း ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည် များ တက်ရောက်ပြီး ၂၅ နှစ်အတွင်း အဆိုပါ သတင်းကို အစိုးရ သတင်းစာများကလည်း စတင် ဖော်ပြခဲ့သည်။

Loading