ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံမှာ သွားရောက်ခိုလှုံနေရတဲ့ ရှမ်း ဒုက္ခသည်တွေကို လုံခြုံရေး အာမခံချက်မရှိတဲ့ အခြေအနေမှာ ပြန်ခေါ်ခြင်း မပြုလုပ်ဖို့ ထိုင်းနိုင်ငံရောက် ရှမ်း လူထု အခြေပြု အဖွဲ့အစည်းတွေက ဒီကနေ့ ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဝိန်းဟင်မြို့နယ်မှာ ခိုလှုံနေတဲ့ ကုန်းကျော် ရှမ်းဒုက္ခသည် စခန်းက ဒုက္ခသည်တွေကို နေရပ် ရင်း မှာ ပြန်လာနေကြဖို့ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဗျူဟာမှူးက ဒီနှစ် ဇူလိုင်လထဲမှာ ဆက်သွယ် အကြောင်းကြား လာပြီးတဲ့နောက် ရှမ်းအဖွဲ့တွေက အခုလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီလို ကမ်းလှမ်းလာတာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် အဲဒီနေရာတွေမှာက မြေမြှုပ်မိုင်းတွေ ရှိနေသေးတယ်၊ မရှင်းရ သေး ဘူး၊ နောက်ပြီးတော့ ဒီနေရာက လက်နက်ကိုင် တပ်ဖွဲ့တွေကြားထဲမှာ ဖြစ်နေတော့ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်၊ မဖြစ်ပါဘူးလို့ ဘယ်သူကမှ အာမခံချက်မပေးနိုင်ဘူး၊ ဒါကြောင့် ဒုက္ခသည်တွေက မပြန်ရဲကြဘူး”လို့ စုပေါင်း ရှမ်း လူထု အခြေပြု အဖွဲ့ အစည်းက ပြောရေး ဆိုခွင့်ရှိသူ စိုင်းခေးဆိုင် က ဧရာဝတီ ကို ပြောပါတယ်။
ဇူလိုင်လထဲမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရဘက်က တာဝန်ရှိသူတချို့ ကုန်းကျော် ဒုက္ခသည် စခန်းထဲကို လာရောက်ပြီး စခန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဒုက္ခသည်တွေကိုလည်း နေရပ်ရင်းပြန်လိုခြင်း ရှိမရှိနဲ့ လူဦးရေကို မေးမြန်းသွားခဲ့ပြီး ၄ ရက် အကြာမှာ မိုင်းတုံ မြို့နယ် စစ်ဗျူဟာမှူး က ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနေကြဖို့ အဆောက်အအုံတွေနဲ့ မြေနေရာတွေ စီစဉ်ပေးမယ် လို့ ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းကလည်း ဒီဒုက္ခသည်တွေ နေရပ်ရင်း ပြန်လည်နေထိုင်နိုင်ရေး အတွက် အစိုးရ မဟုတ်တဲ့ (NGO) အဖွဲ့ တဖွဲ့က ကွင်းဆင်းလေ့လာခဲ့ပြီး မြေမြှုပ်မိုင်းတွေနဲ့ စစ်ရေး မတည်ငြိမ်မှုတွေကြောင့် ရပ်ဆိုင်းခဲ့ရတယ်လို့ ရှမ်း အဖွဲ့တွေရဲ့ ထုတ်ပြန် ကြေညာချက်မှာ တွေ့ရှိရပါတယ်။
ပြန်လည်နေရာချထားပေးမယ့် နေရာမှာ အစိုးရစစ်တပ်အပါအဝင် ရှမ်းပြည် တပ်မတော်တောင်ပိုင်း(RCSS/SSA)၊ ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA)နဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေရှိပြီး မကြာခဏလည်း တိုက်ပွဲဖြစ်နေဆဲ ဖြစ်တဲ့အတွက် ဒုက္ခသည် တွေ အတွက်လည်း လုံခြုံမှုမရှိဘူးလို့ ရှမ်းလူမှုအဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ယိင်းဟန်ဖ ကလည်း ပြောပါတယ်။
“အဓိက ကတော့ ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ၊ အတင်း အဓမ္မ ပြန်မပို့ဖို့၊ ပို့မယ်ဆိုရင်လည်း ဒေသတွင်းမှာ စစ်ပွဲတွေ လုံးဝ ငြိမ် သက်သွားမှ၊ မိုင်းတွေ လုံးဝ ရှင်းလင်းပြီးမှ နေရေး ထိုင်ရေး၊ ဒုက္ခသည်တွေ ဘဝရှင်သန်ရေး အာမခံချက်တွေ လုပ်ပေးနိုင်တဲ့ အခြေ အနေမျိုးမှာ ပြန်ပြီးနေရာချစေချင်တယ်”လို့ ယိင်းဟန်ဖ က ဧရာဝတီကိုပြောပါတယ်။
လက်ရှိအခြေအနေမှာ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အများစုနဲ့ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘော တူ လက်မှတ်တွေ ထိုးထားကြပေမယ့် နယ်မြေသတ်မှတ်ရေး၊ မိုင်းရှင်းလင်းရေး၊ ဒေသခံများ အန္တရာယ်ကင်းစွာ နေရပ်ပြန်နိုင်ရေးနဲ့ နယ်မြေဖွံ့ဖြိုးရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး စတာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။
အခု နေရပ်ရင်းပြန်နေဖို့ သတင်းတွေထွက်နေတဲ့ ကုန်းကျော် ရှမ်းဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ မိုင်းတုံမြို့နယ် မိန်းတော့၊ မိုင်းထား ဒသခံတွေဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ အစိုးရ စစ်တပ်နဲ့ RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားရာက ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင် လာခဲ့သူတွေ ဖြစ်ပါတယ်။
ကုန်းကျော် ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၅၀၀ ခန့်နေထိုင်ပြီး လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ကလေးတွေဖြစ်ကြတယ်လို့ သိရ ပါတယ်။ ထိုင်းနိုင်ငံမှာ တခုတည်းသော ရှမ်း ဒုက္ခသည်စခန်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်း အဖွဲ့ The Border Consortium (TBC) နဲ့ ထိုင်းနိုင်ငံရောက် ရှမ်းလူမှုကူညီရေး အဖွဲ့တွေ၊ NGO အဖွဲ့တွေက ကူညီ ပ့ံ့ပိုးကြတာ လို့ သိရပါတယ်။