သတင်း

စစ်တွေတွင် လုံထိန်း နှင့် မွတ်စလင်များ အကြား ပဋိပက္ခကြောင့် ၃ ဦးဒဏ်ရာရ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတောကြီး ဒုက္ခသည်စခန်း အနီးရှိ ဗောဒူဖချောင်းတွင် မွတ်စလင် အမျိုးသမီးအလောင်း တလောင်း တွေ့ရှိမှု နှင့် စပ်လျဉ်းပြီး လုံထိန်းရဲ တပ်ဖွဲ့များ နှင့် ဒေသခံ မွတ်စလင်များကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး လုံထိန်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မွတ်စလင် ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ မနက် ၁၁ နာရီခန့်က စစ်တွေမြို့ အုန်းတောကြီး ဒုက္ခသည် စခန်း အနီးရှိ ဗောဒူဖချောင်းတွင် မွတ်စလင် အမျိုးသမီး အလောင်း တလောင်းတွေ့ရှိရသဖြင့် အာဏာပိုင်များက နယ်မြေခံ ချောင်း၀ ရဲစခန်းသို့ အလောင်းကို ယူဆောင် စစ်ဆေး ခဲ့ကြောင်း၊ အုန်းတောကြီး ဒုက္ခသည်စခန်းမှ မွတ်စလင်များက မွတ်စလင် အမျိုးသမီးအလောင်းကို ပြန်ပေးရန် ချောင်း၀ ရဲစခန်းသို့ သွားရောက် တောင်းဆိုကြရာ အလောင်းပြန်မရသဖြင့် ရဲစခန်းကို မီးရှို့ဖျက်ဆီး ကြကြောင်း သိရှိရသည်။

ယင်းနောက် ချောင်းဝရဲစခန်းသို့ လုံထိန်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လူစုခွဲရန် မိုးပေါ်သို့ သေနတ် ပစ်ဖောက် သတိပေးခဲ့သော်လည်း လူစုမကွဲသဖြင့် လူအုပ်တွင်းသို့ ပစ်ခတ်ခဲ့ရာမှ မွတ်စလင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ချောင်းအတွင်းမှ တွေ့ရှိသည့် အမျိုးသမီးအလောင်း နှင့်ပတ်သက်ပြီး သေဆုံးရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က ပြောဆိုသည်။

ယနေ့ မနက်ဖြစ်ပွားသော လုံထိန်းများနှင့် မွတ်စလင်များအကြား ပဋိပက္ခဖြစ်စဉ်ကြောင့် မွတ်စလင် ၄ ဦးသေဆုံး၍ ၄ ဦးဒဏ်ရာ ရရှိသည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ဟု ဦးဝင်းမြိုင်က ဧရာဝတီသို့ ရှင်းပြသည်။

“လူသေတာမရှိပါဘူး။ ဒဏ်ရာရတာပဲ ရှိပါတယ်။ ဒဏ်ရာရတာ ၃ ယောက်လောက်ရှိတယ်။ နောက်ပိုင်းမှာ သတင်း ထုတ်ပြန်ပေးပါ့မယ်” ဟု ဦးဝင်းမြိုင်က ဆိုသည်။

အုန်းတောကြီး ဒုက္ခသည်စခန်းမှ မွတ်စလင်များသည် သစ်ပင်များခုတ်လှဲ၍ လမ်းပိတ်ဆို့ခြင်း၊ လုံခြုံရေး ကားများ မသွားလာနိုင်ရန် ဟန့်တားမှုများပြုလုပ်ခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရထံမှ သိရှိရသည်။

အုန်းတောကြီး ဒုက္ခသည်စခန်းအနီးမှ မွတ်စလင်တဦးဖြစ်သူ ကိုဇော်ဇော်၏ အဆိုအရ ဗောဒူဖချောင်းတွင် တွေ့ရှိသည့် မွတ်စလင် လူသေအလောင်းကို သဂြိုလ်ရန် သွားရောက်တောင်းဆိုခဲ့ရာ လုံထိန်းများက လက်မခံဘဲ လုံထိန်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မွတ်စလင် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။

“လူသေအလောင်းကို လုံထိန်းတွေက ထုတ်မပေးတော့ ကျနော်တို့ဘက်က လူအုံလာပြီး ဆူဆူပူပူဖြစ်လာတယ်။ နောက်ပိုင်းမှာ ရဲကပစ်တော့ ကျနော်တို့ဘက်က ၃ ယောက် ပွဲချင်းပြီးသေတယ်။ ၃ ယောက်ဒဏ်ရာရတယ်။
ဒဏ်ရာရရှိတဲ့သူတွေထဲက တယောက်ကို စစ်တွေဆေးရုံ ပို့လိုက်တယ်။ တယောက်ကို MSF ဆေးခန်းမှာ ပို့ထားတယ်။ တယောက်ကိုတော့ ရဲတွေ ဖမ်းထားတယ်” ဟု ကိုဇော်ဇော်က ပြောသည်။

ဦးဝင်းမြိုင်က လူသေအလောင်း တွေ့ရှိမှုတွင် ရဲတပ်ဖွဲ့က ဆက်လက် အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မွတ်စလင်များသည် လူသေအလောင်းကို တစုံတဦးကို ပြလိုသော ရည်ရွယ်ချက်ဖြင့် တောင်းဆိုလိုခြင်း ဖြစ်နိုင်ကြောင်း၊ မွတ်စလင်များသည် ရဲကင်းများကို ဝင်ရောက်ဖျက်ဆီး မီးရှို့ကြကြောင်း ရှင်းလင်းပြောဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ကြီးက မွတ်စလင်များသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနား ယခုလအတွင်း လာရောက်မည့် အချိန်နှင့် တိုက်ဆိုင် အချိန်ကိုက် ပြဿနာရှာ ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ နိုင်ငံတကာက တယောက်ယောက် လာတော့မယ်ဆိုရင် သူတို့က အမြဲ ဒီလိုလုပ်တယ်။ သူတို့ကို ကမ္ဘာရဲ့ အာရုံစိုက်မှုရ အောင် လုပ်တာပဲ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ပြီး လူဦးရေ ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်း ရခိုင်ပဋိက္ခ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရှိရသည်။

Loading