မြန်မာ အစိုးရနှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အကြား ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးရန် တိုးတက်မှုများ ရှိလာသော်လည်း လတ်တလော အခြေအနေများကို ဆက်လက် စောင့်ကြည့် နေရဆဲ ဖြစ်ကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရေးထိုးနိုင်ရန် TNLA အနေဖြင့် အစိုးရ စစ်တပ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရဆဲ ဖြစ်ပြီး လုံခြုံရေး အာမခံနိုင်သည့် အခြေအနေ နှင့် နှစ်ဦးနှစ်ဖက်အကြား အပြန်အလှန် ယုံကြည်မှု ရရှိရေးအတွက် ပြည်ထောင်စုအဆင့် တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်မည်ဟု သိရှိရသည်။
“ပထမအဆင့် ဆွေးနွေးပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ စစ်ပွဲတခါမှ မဖြစ်တော့ဘူး။ စစ်တပ်တွေလည်း နောက်ဆုတ်သွားတာ တွေ့ရတယ်။ အခု ကြည့်ရသလောက်တော့ ယုံကြည်မှု အတိုင်းအတာ တိုးတက်မှု ရှိတယ်လို့ပြောရမယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ အတွက် ဘာမှ မစီစဉ်ရသေးပါဘူး” ဟု ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုသည်။
ယခင်က အစိုးရစစ်တပ်သည် TNLA ၏ ပျောက်ကြား တပ်စခန်းများကို လိုက်လံ ထိုးစစ်ဆင်ခဲ့သည့် အတွက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ရကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တိုက်ပွဲပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ပဏာမ ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ကြောင်း၊ လတ်တလော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရေး အစိုးရနှင့် TNLA အကြား တစုံတရာ ညှိုနှိုင်းမှုမရှိသေးဘဲ နှစ်ဖက် ယုံကြည်မှု တည်ဆောက် ပြီးသည်နှင့် အမြန်ဆုံး တွေ့ဆုံ ဆွေးနွေး သွားမည်ဟု သိရှိရသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ နှင့် TNLA တို့အကြား ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ကျင်းပခဲ့ပြီး သဘောတူညီချက် ၄ ချက် ရရှိခဲ့ကြောင်း၊ သဘော တူညီချက် များတွင် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ လက်နက် မပါဘဲ နယ်မြေဖြတ်သန်းခွင့် နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ရက်သတ်မှတ်ရေး တို့ ပါဝင်ကြောင်း သိရှိရသည်။