သတင်းစာဆရာ မောင်ဝံသ ကွယ်လွန်
This article has been converted from Zawgyi One to Unicode
သတင်းစာဆရာ၊ စာရေးဆရာနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယ ဥက္ကဋ္ဌ မောင်ဝံသ ခေါ် ဦးစိုးသိမ်းသည် သြဂုတ်လ ၁၁ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ဝိတိုရိယ ဆေးရုံ၌ ကွယ်လွန်သွားသည်။ ဆရာ မောင်ဝံသသည် ၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ၁၉၆၇ တွင် လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်း စသည့် သတင်းစာများတွင် လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ အရေးတော်ပုံ သပိတ်တွင် ပါဝင်ခဲ့သဖြင့် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာ အဖြစ်မှ ရပ်စဲခံရသည်။ ထို့နောက် NLD ပါတီတွင် တတ်သိပညာရှင်များ အဖွဲ့၌ ပါဝင်ခဲ့ပြီး ပဲခူးတိုင်း စည်းရုံးရေး ကော်မတီဝင်၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် တာဝန်များ ယူခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဝေါမြို့နယ်မှ ဝင်၍ အရွေးခံသည်။ ၁၉၉၀ တွင် စစ်အစိုးရက ဖမ်းဆီး ထောင်ချခဲ့ပြီး ၁၉၉၂ တွင် ပြန်လည် လွတ်မြောက်လာသည်။ ၁၉၉၆ တွင် ထပ်မံဖမ်းဆီး ခံရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရသည်။ အတ္ထုပ္ပတ္တိ၊ ဘာသာပြန်များအပါအဝင် စာအုပ်ပေါင်း ၆၂ အုပ်ရေးသားခဲ့သည်။ ၁၉၈၄ ခုနှစ်မှစ၍ အတွေးအမြင် စာစဉ်ကို ထုတ်ဝေခဲ့ပြီး ပြည်သူ့ခေတ်ဂျာနယ်ကိုလည်း ထုတ်ဝေသူ၊ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်၊ အမေရိကန် နိုင်ငံများတွင်လည်း သတင်းစာပညာ သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံတွင် သတင်းစာပညာ ပို့ချခြင်း၊ စာအုပ်များရေးသားခြင်းနှင့် မီဒီယာလွတ်လပ်ခွင့်များ ဆောင်ရွက်ခဲ့သည်။