ဆင်သတ်ပြီး အစွယ်ဖြတ်ယူနေသည့် ဆင်စွယ်ခိုးဂိုဏ်းများကို ဖော်ထုတ်ရန်ကြိုးပမ်းစဉ် သံသယတရားခံများကို ရိုက်နှက်စစ်ဆေးသည်ဟုဆိုကာ ငပုတောစခန်းမှူး ရဲအုပ် စိုးမင်းအား မြန်မာနိုင်ငံ ရဲချုပ်က ရဲတပ်ဖွဲ့မှထုတ်ပယ်၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်မှုမှာ လုပ်ထုံးလုပ်နည်းနှင့် ညီ မညီ မေးခွန်းများ ထွက်လာနေသည်။
ဆင်သတ်မှုနှင့်ပတ်သတ်၍ သံသယရှိသူ အေးရှားဝေါလ် (Asia World) ကုမ္ပဏီမှ စိုက်ခင်း အလုပ်သမား မန်းငွေအောင်၊ မန်းရွှေပိုနှင့် စိုးလင်းအောင်တို့အား ရဲအုပ်စိုးမင်း ဦးဆောင်သည့်အဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခြင်း၊ တောစီးဖိနပ်ဖြင့် မျက်နှာကို ကန်ကြောက်ခြင်း၊ တုတ်ဖြင့် ရိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း စိုက်ခင်းတာဝန်ခံဒေါ်ပိုပိုက တိုင်တန်းသည့်အတွက် စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စစ်ဆေးပြီး အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဇူလိုင်လ ၃၀ ရက်နေ့ရက်စွဲဖြင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည့် အမိန့်စာတွင် “စစ်ဆေးပေါ်ပေါက်ချက်အရ လ ၂၀၅၂၆၈ ရဲအုပ်စိုးမင်းအား ရှုတ်ချ၍ ရဲဝန်ထမ်းခြင်းမှ အမြဲတမ်းထုတ်ပြစ်ပြီး နယ်ဘက်အကျဉ်းထောင်၌ ချုပ်ရက်အပါအဝင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁) နှစ် ကျခံစေသည့် ပြစ်ဒဏ် သတ်မှတ်ချက်ကို ရဲချုပ်က ၂၄.၇.၂၀၁၃ နေ့တွင် အတည်ပြုသည်”ဟုေ ရးသားဖော်ပြထားသည်။
ယင်းပြစ်ဒဏ်မှာ ပြင်းထန်လွန်းသည့်အတွက် ကျေနပ်မှုမရှိကြောင်း ရဲအုပ်စိုးမင်း၏ ဇနီး ဒေါ်တင်မျိုးမျိုးသိမ့်က ဧရာဝတီသို့ ပြောသည်။
“နယ်ဘက် အကျဉ်းထောင်ကိုပို့တာက လူသတ်မှုလည်း မဟုတ်ဘူး။ အဂတိလိုက်စားမှုလည်း မဟုတ်ဘူး။ အဲဒီလူ ၃ ဦးကိုလည်း စခန်းမှာ ရိုက်နှက်တာတွေ မလုပ်ခဲ့ပါဘူး။ သူတို့မှာ ဒဏ်ရာတစုံတရာ မရှိဘူး။ ဆေးရုံတက်ရတာလည်း မရှိသလို ဆေးစာလည်း မရှိပါဘူး။ ဒီလိုတိုင်ကြားရုံနဲ့ အရာရှိတယောက် အပေါ်မှာ ပြစ်ဒဏ်ချလိုက်တာဟာ အရမ်းကို ပြင်းထန်လွန်းပါတယ်”ဟု ဒေါ်တင်မျိုးမျိုးသိမ့်က ပြောသည်။
ရဲအုပ်စိုးမင်းသည် ငပုတောရဲစခန်း၌ ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ထားသည့် တောင်ချောင်း ကျေးရွာအနီး ဆင်သတ်၍ အစွယ်ဖြတ်ခံရသည့်အမှု (ပြစ်မှုနံပါတ် ၇၃/၂၀၁၂) အား ဖော်ထုတ်ရန် ပထမဆုံး ကြိုးပမ်းစဉ်မှာပင် ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။
ပြစ်ဒဏ်ချမှတ်ရာတွင် ပထမဦးစွာ ရဲအုပ်စိုးမင်းအား ပြီးခဲ့သည့်ဇွန်လ ၂၁ ရက်နေ့က သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု ရဲမှူး မြင့်ဝင်းဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စစ်ဆေးပြီးနောက် လုပ်သက် ၄ နှစ်လျှော့ချသည့် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့နောက်တွင်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ပြစ်ဒဏ်အမိန့် ထပ်မံပေါ်ထွက်လာခြင်း ဖြစ်ကြောင်း ငပုတောရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။
“ကိုစိုးမင်းကို လုပ်သက် ၄ နှစ်လျှော့တဲ့ပြစ်ဒဏ် ချပြီးသား။ အဲဒါကိုလည်း သူက မှတ်တမ်းဝင် လက်မှတ်ထိုးထားပြီးပြီ။ အမှုက ပြီးနေပြီပေါ့ဗျာ။ အဲဒီနောက်ကျမှ ခရိုင်ရုံးကနေပြီး စခန်းမှူးနဲ့ မြို့နယ်မှူးကို ရဲတပ်သားစုဆောင်းတာ အားနည်းတယ်ဆိုတဲ့ကိစ္စနဲ့ ခေါ်တယ်။ ပုသိမ်ရောက်တော့မှ အမိန့်စာကိုပြပြီး ကိုစိုးမင်းကို အချုပ်ထဲ ထည့်လိုက်တာ။ အပြစ်ဒဏ်ကပြင်းထန်လွန်းအားကြီးတယ်ဗျာ”ဟု အမည်မဖော်လိုသူက ပြောသည်။
ခင်ပွန်းဖြစ်သူအပေါ် ချမှတ်သည့်ပြစ်ဒဏ်မှာ ပြင်းထန်လွန်းသည့်အတွက် ပြည်လည် စဉ်းစားပေးရန် ရဲအုပ်စိုးမင်း၏ ဇနီး ဒေါ်တင်မျိုးမျိုးသိမ့်က နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ အသနားခံစာတင်ပြထားကြောင်း သိရသည်။
ပုသိမ်မြို့နယ်မှ ရဲအရာရှိတဦးကမူ ရဲအုပ်စိုးမင်းမှာ ယခင်ကလည်း တရားခံများကို ရိုက်နှက်သည်ဟု တိုင်တန်းခံရသဖြင့် လုပ်သက် ၂ နှစ်လျှော့ချခံရသည့်ဖြစ်ရပ် ၂ ကြိမ် ရှိခဲ့ဖူးကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲချုပ်အနေဖြင့် မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြင့် အပြစ်ဒဏ်ပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။
“ခိုးမှုကျူးလွန်တဲ့ လူတယောက်ဟာ ပထမအကြိမ်ထောင် ၁ နှစ်ကျရင် နောက်တကြိမ် ခိုးမှု ထပ်ကျူးလွန်တဲ့အခါ တရားရုံးကပြစ်ဒဏ်ကို ၂ နှစ်ဆိုပြီး ၂ ဆတိုးမြင့်တာတွေ ရှိပါတယ်။ ကိုစိုးမင်းက အရင်ကလည်း ဒါမျိုး ၂ ကြိမ်ဖြစ်ခဲ့ဖူးတယ်ဆိုတော့ အဲဒီရဲ့အကျိုးဆက်တွေလည်း ပါမယ်ထင်ပါတယ်။ ကျနော်တို့ အထက်လူကြီးတွေက မှန်ကန်တဲ့အပြစ်ပေးတယ်လို့ပဲ ထင်မိပါတယ်”ဟု ပြောသည်။
ငပုတောမြို့နယ်တွင် ဆင်စွယ်ခိုးဂိုဏ်းများလက်ချက်ဖြင့် တောဆင်ရိုင်းများ အသတ်ခံနေရပြီး ၂၀၁၂ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ ၆ လအတွင်း ဆင် ၅ ကောင် အသတ်ခံခဲ့ရသည်။
တောဆင်များ ခေါင်းဖြတ်၍ အသတ်ခံနေရသည့် ကြိုးဝိုင်းများမှာ ငပုတောမြို့နယ်ရှိ ဆင်မ၊ မြစ်တရာနှင့် ဆင်မှုံကြိုးဝိုင်းများဖြစ်ပြီး ဆင်သတ်မှုများကို ငပုတောစခန်းတွင် ၁ မှု၊ ဟိုင်းကြီးကျွန်းစခန်းတွင် ၁ မှု၊ ငရုတ်ကောင်းစခန်းတွင် ၂ မှု၊ တောင်ကလေးစခန်းတွင် ၁ မှုဖြင့် အသီးသီးအမှုဖွင့်ထားသည်။
ဆင်သတ်မှု ၅ မှုအနက် တောင်ကလေးရဲစခန်းက ဖော်ထုတ်သည့် ၁ မှုသာ တရားခံ ၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ကျန် ၄ မှုမှာ ပေါ်ပေါက်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
ဆင်သတ်၍ အစွယ်ဖြတ်သည့်အမှုများတွင် ပုသိမ် – မော်တင်ကားလမ်းဘေး၌ ရာဘာ စိုက်ပျိုးကြသည့် ကုမ္ပဏီကြီးတချို့နှင့် နယ်မြေခံ စစ်တပ်တချို့ ပါဝင်ပတ်သတ်နေကြောင်း၊ ထို့ကြောင့် ဆင်သတ်မှု ဖော်ထုတ်ရန် ကြိုးပမ်းသည့် ငပုတောစခန်းမှူး ရဲအုပ်စိုးမင်းအား ပြင်းထန်သည့်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ငပုတောမြို့နယ်ရှိ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။
“ဆင်သတ်မှုတွေမှာ ကားလမ်းဘေးက ရာဘာစိုက်တဲ့ ကုမ္ပဏီကြီးတချို့နဲ့ နယ်မြေခံ စစ်တပ်တချို့ ပါဝင်ပတ်သတ်နေတယ်။ ဖမ်းမိတဲ့တရားခံတွေဟာ လမ်းပြတဲ့ဒေသခံတွေ များပါတယ်။ တကယ်သတ်ပြီး အစွယ်ဖြတ်ယူသွားတဲ့လူတွေ လွတ်နေတယ်။ အစွယ်တွေကိုလည်း ပုသိမ် – မော်တင်ကားလမ်းကနေ ကိုယ်ပိုင်ကားတွေနဲ့ ထုတ်ယူသွားတယ်လို့ ယူဆရတယ်။ အဲတော့ ဆင်သတ်မှုတွေဖော်မှာစိုးလို့ ကိုစိုးမင်းကို အခုလိုလုပ်လိုက်တာလို့ပဲ ကျနော်ထင်တယ်”ဟု သူက ပြောသည်။
လက်ရှိတွင် ရဲအုပ်စိုးမင်းမှာ ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရကြောင်း သိရှိရသည်။ စခန်းမှူးအား ချမှတ်လိုက်သည့် အပြစ်ဒဏ်ကြောင့် ငပုတောမြို့နယ်ရှိ
ရဲတပ်ဖွဲ့ဝင်များမှာ တာဝန်အရ တရားခံများ ဖမ်းဆီးစစ်ဆေးရန်၊ အမှုများဖော်ထုတ်ရန် စိုးရွံ့နေကြကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ရဲအုပ်စိုးမင်း အချုပ်ကျနေစဉ် သွားရောက်တွေ့ဆုံခဲ့သည့် မိတ်ဆွေတဦးက “ကိုစိုးမင်း ပြောတာက အခု ငပုတောမှာ စွယ်စုံဆင်ကြီးတကောင်ကို ဆင်သတ်ဂိုဏ်းတွေ လိုက်ချောင်းနေတယ်။ မိုးတွင်းမို့ ခြေခင်းလက်ခင်းမသာလို့ မမိသေးတာလို့ပြောတယ်။ သူ့ကို အခုလိုချလိုက်တော့ နောက်နောင် ငပုတောကနေ ဆင်သတ်တရားခံတွေ ဖမ်းမိဖို့ဆိုတာ အတော်ကိုခဲယဉ်းသွားပြီလို့ ပြောတယ်”ဟု ပြောသည်။
ငပုတောမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တဦးကလည်း “ကျနော်တို့တော့ ကိုယ့်ဘဝအပျက်ခံ၊ အသက်အသေခံပြီးတော့ ဆင်အမှုတွေ လိုက်မနေတော့ဘူး။ စခန်းမှူးအဆင့်တောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆိုပြီး ရဲဘက်ပို့ပြစ်တော့ အောက်ခြေရဲဘော်အဆင့်ဆိုရင် မတွေးရဲဘူး။ အခု ငပုတောက ရဲတွေမှာ ရပ်ကွက်ထဲ မူးရမ်းနေတဲ့ တရားခံဖမ်းရင်တောင် မဟုတ်မဟတ် ပြန်အတိုင်ခံရပြီး အလုပ်ပြုတ်မလား စိုးရိမ်နေရတယ်” ဟု ဧရာဝတီသို့ ပြောဆိုသွားသည်။