သတင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို လွှတ်တော် သို့ ရေးဆွဲ တင်သွင်းမှုကြောင့် စာနယ်ဇင်း လောကနှင့် ဝန်ကြီးဌာန အကြား တင်းမာနေချိန် ဝန်ကြီး ဦးအောင်ကြည်နှင့် စာနယ်ဇင်း ကောင်စီ အကြား ယနေ့ မနက် တွေ့ဆုံဆွေးနွေးမှုသည် တိကျသော ရလာဒ် အဖြေ မရရှိပေ။
ယနေ့ မနက်ပိုင်း ရန်ကုန်မြို့ Park Royal Hotel တွင် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အမည်တပ်ထားသော ဆွေးနွေးပွဲတရပ်တွင် စာနယ်ဇင်းကောင်စီကို ဖိတ်ကြားရှင်းပြဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ သော်လည်း မကြေလည်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်း ကိစ္စ၊ စာနယ်ဇင်း ကောင်စီက ရေးဆွဲခဲ့သော သတင်းမီဒီယာဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာနက ကန့်ကွက်နေသည့် ကိစ္စများနှင့် ပတ်သက်၍ တစုံတရာ ဆွေးနွေးမှု လုံး၀ မရှိခဲ့ဘဲ “သဘောထား ကွဲလွဲမှုများကိုမူ စေ့စပ်ညှိုနှိုင်း ဆွေးနွေးသော နည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်သွားရန်” ဟူသော အချက်တခု ကိုသာ သဘောတူညီခဲ့ကြသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီမှ အဖွဲ့ဝင်တဦးလည်းဖြစ် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသီဟစောက” ပုံနှိပ်နဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကိစ္စနဲ့ပတ်သက်လို့လည်း ဘာမှ မဆွေးနွေးဘူး။ စာနယ်ဇင်း ကောင်စီရဲ့ သတင်းမီဒီယာ ဥပဒေကြမ်းနဲ့ပတ်သက်လို့လည်း ဘာမှ မဆွေးနွေးဘူး။ ဦးအောင်ကြည်က မြန်မာ့ မီဒီယာ ဖွံ့ဖြိုးရေး ဆိုတာကို ရှင်းပြတယ်။ ဆွေးနွေးပွဲကနေ ဘာမှ တိကျတဲ့ ရလာဒ်အဖြေ တစုံတရာ မရသေးပါဘူး” ဟု ပြောသည်။
ယင်းဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ဧရာဝတီသတင်းဌာနအပါအဝင် သတင်းထောက်များက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်း နှင့်ပတ်သက်၍ မေးမြန်းကြသောအခါ ဝန်ကြီးဦးအောင်ကြည်က ယင်းဥပဒေသည် လတ်တလော အမျိုးသားလွှတ်တော်တွင် ရောက်ရှိနေပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဥပဒေပြုရေး အာဏာမရှိသည့် အတွက် တစုံတရာ ပြင်ဆင်ခြင်း မပြုလုပ်ပေးနိုင်ဟု ပြောဆိုသည်။
” အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတာနဲ့ ပတ်သက်လို့ ကျနော်တို့အပိုင်းက မူကြမ်း တင်ခွင့်သာလျှင် ရှိတာဖြစ်ပါတယ်။ ဥပဒေပြုခွင့် မရှိပါဘူး။ကျနော်တို့က Law Maker မဟုတ်ပါဘူး။ Law Maker တွေကသာ စဉ်းစားဆွေးနွေးရမယ့် အပိုင်းဖြစ်တော့ ကျနော်ဘက် ဖြေကြားနိုင်ခြင်း မရှိပါဘူး” ဟု ဦးအောင်ကြည်က ပြောသည်။
ဦးအောင်ကြည်က ထိုသို့ပြောဆိုသော်လည်း ပြန်ကြားရေး ဒုတိယ ဝန်ကြီးဦးရဲထွဋ်က နိုင်ငံတကာအဖွဲ့အစည်းများ ထောက်ပြ ပြောဆိုမှုကြောင့် လွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်သော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ဆန့်ကျင်ဖောက်ဖျက်သည့် အရေးအသားဆိုသော ပြဋ္ဌာန်းချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ အသိပေးပြောဆိုပြီး ဖြုတ်ပယ်ပေးခဲ့သည်ဟု ဆိုသည်။
“ဦးအောင်ကြည်က ပြောတာက သူတို့အနေနဲ့ ပုံနှိပ်ဥပဒေကြမ်းနဲ့ပတ်သက်လို့ လွှတ်တော် လက်ထဲမှာ ရောက်နေတဲ့ အတွက် ဘာမှ လုပ်မပေးနိုင်တော့ဘူး ပြောတယ်။ ဦးရဲထွဋ်က ပုံနှိပ်ဥပဒေကြမ်းမှာ ပါတဲ့ စည်းကမ်းချက်တချက်ကို လွှတ်တော်ဥပဒေကြမ်းကော်မတီကို ပြောပြီး ဖြုတ်ပေးတယ်ပြောတယ်။ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူ တွေ ဖြစ်ပြီးတော့ တဦးနဲ့ တဦးပြောတာက ရှေ့နောက်မညီဘူး” ဟု ဝန်ကြီးဦအောင်ကြည်၏ ယနေ့မနက် သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် ကမာရွတ်တိုင်းမ်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ကိုကျော်ဇေယျာထွန်းက ဆိုသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိသာလျှင် သတင်း မီဒီယာ လုပ်ငန်း လုပ်ကိုင်ခွင့်၊ သက်တမ်း တိုးခွင့်များ ရရှိမည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းသမားများ ကန့်ကွက်နေသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းတွင် မီဒီယာများ သဘောမတူသော ပြဋ္ဌာန်းချက်များကို ပြင်ဆင် ဖြုတ်ပယ်ပေးမည်ဟု စာနယ်ဇင်း ကောင်စီနှင့် ညှိုနှိုင်း သဘောတူ ပြီးခဲ့သော်လည်း ဥပဒေကို ပြင်ဆင်ခြင်းမပြုဘဲ လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ထို့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနသည် လူကြီးလူကောင်းမဆန်စွာဖြင့် သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု စာနယ်ဇင်း ကောင်စီက တရားဝင် ကြေညာခဲ့သည်။
လတ်တလော စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော သတင်းမီဒီယာဥပဒေကြမ်းကိုမူ ပြန်ကြားရေးဝန်ကြီးဌာနက ကန့်ကွက်လျက်ရှိပြီး သဘောမတူသည့် ပြဋ္ဌာန်းချက် ၁၇ ချက်ရှိပါဝင်နေသည်ဟု ဆိုကာ လွှတ်တော်သို့ တင်သွင်းလျှင် ကန့်ကွက်သွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ပြောဆိုထားသည်။ စာနယ်ဇင်းကောင်စီကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံမှတဆင့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်လျက်ရှိသည်။ သတင်းမီဒီယာဥပဒေကြမ်းနှင့် ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာန အကြား သဘောတူညီချက် တစုံတရာ မရရှိသေးချေ။
“စာနယ်ဇင်းသမားတွေ ဆွဲထားတဲ့ ဥပဒေကို သတင်းမီဒီယာဥပဒေ ဆိုပြီးတော့ မူကြမ်းဆွဲထားတာ ပြီးနေပါပြီ။ အခု ၁၇ ချက်ကို ဝန်ကြီးဌာနနဲ့ ညှိပြီးတော့ လွှတ်တော်ကို တင်ဖို့ လုပ်နေပါပြီ။ ကောင်စီအနေနဲ့ လုပ်နိုင်တာ မှန်သမျှ ကတော့ သတင်းသမားလောက၊ စာနယ်ဇင်းလောက အားလုံးညီညီမျှမျှ သတင်းလွတ်လပ်ခွင့်ကို မထိပါးအောင် ကျင့်ဝတ်သိက္ခာ နဲ့လည်း ညီအောင်… နိုင်ငံအတွက် အကျိုးရှိမယ့် တကယ့် သတင်းမီဒီယာလောကကြီး ဖြစ်လာအောင် စတုတ္ထမဏ္ဍိုင် ပီပြင်အောင် လုပ်နေပါတယ်။ ကျေနပ်တာ၊ မကျေနပ်တာ အားလုံး ဆွေးနွေးပြီးတော့မှ နှစ်ဖက်ညှိတဲ့အပေါ်မှာပဲ မူတည်မှာပါ” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
စာနယ်ဇင်းသမား အများစုကမူ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာနယ်ဇင်းလောကအကြား ယုံကြည်မှု ပျောက်ဆုံးနေပြီး ပြန်ကြားရေး ဝန်ကြီးဌာန၏ လုပ်ဆောင်မှုများကြောင့် ယုံကြည်ရန် ခက်ခဲနေသည်ဟု ဆိုကြသည်။
ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းနေသော မြန်မာနိုင်ငံတွင် ထိန်းချုပ်မှုကင်းသော သတင်းလွတ်လပ်ခွင့်ရရှိရေး မြန်မာဂျာနယ်လစ်ကွန်ရက်၏ ဦးဆောင်မှုဖြင့် ပြည်သူများ ပူးပေါင်းပါဝင်သော လက်မှတ်ရေးထိုးလှုပ်ရှားမှုတရပ် လုပ်ဆောင်လျက်ရှိသည်။