မြန်မာနိုင်ငံက တခုတည်းသော ငွေပေးချေကတ် စနစ်ဖြစ်တဲ့ MPU ကတ်တွေ ATM စက်မှာ ဝန်ဆောင်မှု ပြဿနာတချို့ တက်နေခြင်းဟာ အင်တာနက် ဆက်သွယ်ရေး အခက်အခဲကြောင့် ဖြစ်တယ်လို့ Myanmar Payment Union (MPU) ရဲ့ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဧရာဝတီကို ပြောပါတယ်။
သက်တမ်း တနှစ်ကျော်ပြီဖြစ်တဲ့ MPU ကတ်တွေနဲ့ ATM စက်တွေမှာ သုံးတဲ့အခါ ငွေမထွက်တာ၊ ကတ်ပြန်ထုတ်လို့ မရတာ၊ လျှို့ဝှက်နံပါတ်ကုဒ်ကို အကြိမ်ကြိမ် ပြန်တောင်းတာ စတဲ့ ပြဿနာတွေ ရှိနေတာကြောင့် အသုံးပြုသူတွေ အခက်အခဲဖြစ်ရကြောင်း သိရပါတယ်။
“စက်တွေ ပျက်တယ် ဆိုတာကတော့ ဘဏ်တွေဘက်က လုပ်ရမယ့် အပိုင်းပါ။ အဓိက ကျတာကတော့ ဆက်သွယ်ရေး စနစ်ပေါ့ဗျာ။ ကျနော်တို့ဘက်က ဘယ်လောက်ပဲ ဝန်ဆောင်မှုကောင်းနေနေ ဆက်သွယ်ရေး အခြေအနေ မကောင်းဘူးဆိုရင်
ဘာမှ လုပ်လို့မရဘူး” လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။
လက်ရှိ ငွေပေးချေကတ် ဝန်ဆောင်မှုပေးတဲ့ ဘဏ် ၉ ဘဏ်မှာရှိတဲ့ ATM စက်တွေ အားလုံးကို မြန်မာ့ဆက်သွယ်ရေးက အိုင်ပီစတား လိုင်းနဲ့ ချိတ်ဆက် အသုံးပြုထားတာဖြစ်ပြီး ဝန်ဆောင်မှုအားလုံးက ဆက်သွယ်ရေးလိုင်းပေါ် မူတည်ပြီး အလုပ်လုပ်တာလို့ သိရပါတယ်။
“လကုန်ရက်တွေဆို စက်တွေက အမြဲလိုလို ပြဿနာတက်ပြီ။ ငွေထုတ်ဖို့အရေး စက်ပျက်နေလို့ မရတာနဲ့၊ ရတဲ့စက် ကျပြန်တော့လည်း ငွေလည်း ပြန်ထွက်မလာ၊ ကတ်လည်း ပြန်ထွက်မလာ ခဏခဏဖြစ်နေတာ။ ဘဏ်က လူတွေကို ပြောလည်း ဟိုလွှဲဒီလွှဲ လုပ်နေကြတာက များနေတယ်” လို့ MPU ကတ် အသုံးပြုသူတဦးဖြစ်တဲ့ ကိုမြတ်မင်းဇော်က ပြောပါတယ်။
ဒါ့အပြင် ငွေထုတ်မိတဲ့ရက်က ဘဏ်ပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်ပြီး အဲဒီရက်တွေမှာ စက်ချွတ်ယွင်းလို့ ငွေထုတ်လို့ မရတော့ဘူး ဆိုရင်တော့ ဘယ်လောက် အရေးကြီးကြီး ရုံးပြန်ဖွင့်တဲ့ရက်အထိ စောင့်ရတာကလည်း စိတ်ပျက်စရာ အခြေအနေလို့ ဆိုပါတယ်။
“ဘဏ်တွေက ဒီလို အခြေအနေတွေကို ဆက်တိုက် လျစ်လျူရှုထားမယ် ဆိုရင်တော့ ကြာရင် ဒီကတ်တွေအပေါ် လူတွေက ယုံကြည်မှု နည်းလာလိမ့်မယ်” လို့ ကိုမြတ်မင်းဇော်က ဆက်လက် ပြောပါတယ်။
MPU ကတ်တွေနဲ့ ငွေထုတ်လို့ရတဲ့ ATM စက်တွေမှာ ပြဿနာပေါ်လာတာ၊ ငွေထုတ်ရာမှာ အခက်အခဲ ရှိတယ်ဆိုရင် သက်ဆိုင်ရာ ဘဏ်တွေမှာသာ အကူအညီတောင်းလို့ ရမယ်လို့ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ရှင်းပြပါတယ်။
ကတ်စနစ် ဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိကဘဏ် တခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ ဒုဥက္ကဌ ဦးသန်းလွင်ကလည်း ATM စက်တွေက အခြေအနေ ကောင်းမွန်သလို အသုံးပြုထားတဲ့ စနစ်က ကောင်းမွန်ပေမယ့်လည်း ရာသီဥတု အခြေအနေကြောင့်
ချွတ်ယွင်းမှုတွေ ရှိတာလို့ပဲ ပြောပါတယ်။
MPU ကတ် အသုံးပြုသူ မသီသီနွယ်က “ညဘက် အရေးတကြီး အသုံးလိုလာလို့ မြေနီကုန်းမှာရှိတဲ့ ATM စက်မှာ ငွေသွားထုတ်တာ၊ ကတ်က စက်ထဲမှာ ညပ်တယ်၊ ပြန်ထုတ်လို့ မရဘူး၊ ငွေလည်း ထုတ်လို့မရဘူး၊ ၂၄ နာရီ ဝန်ဆောင်မှု ပေးတဲ့စနစ်ဆိုပြီး ပြဿနာ တစုံတခု တက်လာတော့ ဖြေရှင်းပေးမယ့် နေရာ၊ လူမရှိတာ စိတ်ပျက်စရာပဲ” လို့ ဆိုပါတယ်။
MPU ကတ်ကို သုံးစွဲတဲ့သူ အများစုက ငွေကြေးအများအပြား မကိုင်ချင်တာကြောင့် အရေးပေါ် ငွေလိုတဲ့အချိန် အသုံးပြုလို့ရအောင် MPU ကတ်ကို အသုံးပြုကြတာဖြစ်ပြီး စက်က အမြဲတမ်း လိုအပ်ချက်တွေ ရှိနေမယ်ဆိုရင်တော့ ရေရှည် အဆင်မပြေနိုင်ဘူးလို့ မသီသီနွယ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တခုတည်းသော အီလက်ထရောနစ် ငွေပေးချေစနစ်ဖြစ်တဲ့ MPU ကတ်တွေကို ပုဂ္ဂလိကဘဏ်တွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာ Debit ကတ် အမျိုးအစားနဲ့ စတင် အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စက်ပေါင်း ၃၀၀ နီးပါး ရှိနေပြီး အသင်းဝင်ဘဏ်ပေါင်း ၁၉ ဘဏ်နဲ့ အသုံးပြုနေတဲ့ဘဏ် ၉ ဘဏ် ရှိနေပြီလို့ သိရပါတယ်။ ဒီကတ်တွေကို ATM စက်ရှိတဲ့
မည်သည့် နေရာမဆို MPU စနစ်နဲ့ ငွေသွင်းငွေထုတ် ပြုလုပ်နိုင်တာကြောင့် လူအများစုက စိတ်ဝင်တစား အသုံးပြုနေကြပေမယ့် အသုံးပြုသူ အရေအတွက်က လက်ရှိအချိန်အထိ နည်းပါးနေဆဲလို့ သိရပါတယ်။