တောင်သူ လယ်သမားများ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေမူကြမ်းတွင် တောင်သူလယ်သမားများ ကွန်ရက်က တောင်းဆိုချက်များကို လျစ်လျူရှုမည် ဆိုပါက ၎င်းတို့ကိုယ်တိုင် ဥပဒေကြမ်းရေးဆွဲရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။
တောင်သူလယ်သမားများ လက်ရှိခံစားနေရသော လယ်မြေ သိမ်းဆည်းခံရမှုများကို ပြေလည်စေရန် မဖြေရှင်း နိုင်သေးခင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ကြောင်း၊ ယခု ပြဌာန်းရန် ကြိုးပမ်း နေသော အကျိုးစီးပွား မြှင့်တင်မှု ဥပဒေမူကြမ်းသည် လယ်လုပ်နေသော တောင်သူ လယ်သမားများထက် စီးပွားရေး လုပ်ငန်းရှင်များ ဘက်ကိုသာ အဓိက အကာအကွယ် ပေးသော အနေအထားတွင် ရှိနေကြောင်း တောင်သူလယ်သမားများ ကွန်ရက်မှ ညှိနှိုင်းရေးမှူး ကိုတင်လင်းအောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ တောင်သူလယ်သမားတွေ ဆိုတာ တကယ်တော့ ပညာတတ် နည်းပါတယ်။ ကျနော်တို့ ဖြစ်စေချင်တဲ့ တောင်သူတွေကို တကယ့်ကို အကာကွယ်ပေးမယ့် ဥပဒေတွေက ပီပြင်စွာ ထွက်မလာသေးပါဘူး၊ ဒါကြောင့် ကျနော်တို့ ကိုယ်တိုင် ဥပဒေရေးဆွဲဖို့ ကျွမ်းကျင်တဲ့ သူတွေနဲ့ တိုင်ပင်ထားပါတယ်။ ဥပဒေကို လွှတ်တော်အထိ ရောက်ဖို့ ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ်တွေ ဆီကပဲ တဆင့် သွားရမယ်ဆိုတာ သိပါတယ်” ဟု ၎င်းက ဆိုသည်။
လယ်သမားများ အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မည်သူ့ကို မဲပေးရွေးချယ်ရန်မှာ ယခုကာလများတွင် လယ်သမားများ အကျိုးစီးပွားကို လက်တွေ့ အကောင်အထည် ဖော်ပေးမည့် အကျိုးရလဒ်များကို စောင့်ကြည့်သွားမည်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။
မိမိတို့ တောင်သူလယ်သမားများ ကွန်ရက်တွင် ပြည်နယ်နှင့်တိုင်း အသီးသီးမှ လယ်သမားများနှင့် လယ်သမားအရေး ဆောင်ရွက်နေသူ များဖြင့် ချိတ်ဆက်ထားသောကြောင့် လယ်သမားအကျိုးကို လက်တွေ့ အကောင်အထည် မဖော်ပေးလျှင် ထိုသူများကို မဲမပေးကြရန် လယ်သမားများကို နှိုးဆော်သွားမည်ဖြစ်ကြောင်း တောင်သူလယ်သမား ကွန်ရက်မှ အဖွဲ့ဝင် ကိုစည်သူက ပြောသည်။
“အခုဆိုရင် သမ္မတ ဘယ်သူတွေဖြစ်ချင်တယ်ဆိုတာ မီဒီယာတွေမှာ အတိအလင်းပြောထားပြီးသားပါ။ ဒါပေမယ့် ကျနော် တို့ လယ်သမားတွေဘက်ကလည်း တကယ့်ကို လယ်သမားအကျိုးဆောင်ပေးတဲ့သူကိုပဲ မဲပေးမယ်။ လယ်သမားအကျိုး မဆောင်ဘူးဆိုရင် မဲမပေးဖို့ စည်းရုံးသွားမယ်၊ လှုံဆော်သွားမယ်။ ကျနော်တို့ ကွန်ရက်ဝင်တွေက မြန်မာနိုင်ငံမှာ လူဦး ရေအများဆုံးဖြစ်တဲ့ လယ်သမားတွေနဲ့ ဖွဲ့စည်းထားတာ” ဟု ၎င်းက ဆိုသည်။
တောင်သူလယ်သမား ကွန်ရက်အနေဖြင့် တောင်သူလယ်သမားများ၏ ဆန္ဒကို ပြောဆိုဆွေးနွေးရန် အစိုးရအဖွဲ့မှ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုသော်လည်း အငြင်းပွားဖွယ် ဖြစ်နေသော မီဒီယာဥပဒေကို ဥပမာယူပြီး စံနမူနာ ထားကြောင်း၊ မိမိတို့ တောင်းဆိုခဲ့သည့် အချက်များကို လျစ်လျူရှုကာ စီးပွားရေး လုပ်ငန်းရှင်များကိုသာ အကာကွယ်ပေးမည့် ဥပဒေမျိုး ဖြစ်ပေါ်လာနိုင်ချေ ရှိသည့်အတွက် ယခုကဲ့သို့ တောင်သူလယ်သမားများကို အကာကွယ်ပေးမည့် ဥပဒေတရပ် ပေါ်ပေါက်ရန် ကြိုးပမ်းရခြင်းဖြစ်ကြောင်း ကိုတင်လင်းအောင်က ပြောသည်။
လယ်ယာမြေ စုံစမ်းဖြေရှင်းရေး ကော်မတီမှ တာဝန်ရှိသူတချို့ကိုယ်တိုင် လယ်သိမ်းယူထားသူများ ဖြစ်နေခြင်း၊ ဖြေရှင်း ဆောင်ရွက်မှု များတွင်လည်း နှောင့်နှေးနေခြင်း စသည်တို့ ကြုံတွေ့နေရကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ လယ်သမားများကို အမှန်တကယ် အကာကွယ်ပေးမည့် ဥပဒေများ ရှိမနေခြင်းကြောင့် ဖြစ်ကြောင်း ထားဝယ်ဒေသ လယ်သိမ်းခံ လယ်သမား များအရေးကို ကူညီဆောင်ရွက်နေသော ကိုထွန်းထွန်းဝင်းက ဧရာဝတီသို့ ရှင်းပြသည်။
“ကျနော်တို့ ထားဝယ်မှာဆိုရင် လွန်ခဲ့တဲ့ ၂ လလောက်က လယ်သိမ်းခံရတာကို ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သေးတယ်။ အခုအချိန်အထိ ဘာမှ မထူးသေးဘူး။ စစ်တပ် သိမ်းထားတဲ့မြေတွေ ပြန်ပေးမယ်လို့ အတိအလင်း ပြောထားပေမယ့် အခုအချိန်အထိ ရတာ မရှိသေးပါဘူး။ အဲဒီလိုမျိုး မြန်မာနိုင်ငံနေရာ တော်တော်များများ မှာလည်း မဖြေရှင်း နိုင်သေးတာ အများကြီးပါ” ဟု ၎င်းက ဆိုသည်။
သိမ်းဆည်းခံ လယ်ယာမြေများအတွက် ကာကွယ်သည့် ဥပဒေ ထည့်သွင်းရန်၊ စီမံကိန်းများကြောင့် ထိခိုက်နစ်နာခဲ့သော လယ်ယာမြေများ ဖြေရှင်းသည့် ဥပဒေထည့်သွင်းရန်၊ တောင်တန်းဒေသ လယ်ယာမြေများအတွက် အခွင့်အရေး ကာကွယ်သည့် ဥပဒေ ထည့်သွင်းပေးရန်၊ လယ်ယာမြေ ပြဿနာအတွက် ဖြေရှင်းကာလ တိကျစွာ ဖော်ပြပေးရန်၊ လက်ရှိ စိုက်ပျိုးနေသော လယ်ယာမြေ၊ စိုက်ပျိုးမြေအဖြစ် သတ်မှတ်ခြင်း မရှိသေးသော လယ်ယာမြေများကို စိုက်ပျိုးမြေအဖြစ် တရားဝင် သတ်မှတ်ပေးရန်၊ ချေးငွေဧက ၅၀ အထိ ချေးရန်၊ လယ်မြေယာမြေ မခွဲခြားဘဲ စိုက်ပျိုးစရိတ် တန်းတူ ထုတ်ချေးပေးရန် စသော အချက်များကို တောင်သူလယ်သမား ကွန်ရက်မှ တောင်းဆိုထားသည်။
တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းတွင် လယ်သမားများကို အကာကွယ်ပေးသော အချက်များ ပါဝင်လာစေရန်နှင့် လိုအပ်လျှင် ဥပဒေ ရေးဆွဲရန် ပြင်ဆင်ထားကြောင်း သြဂုတ်လ ၁၂ ရက်နေ့က တောင်သူလယ်သ မားများ ကွန်ရက် ရုံးခန်း၌ သတင်းစာ ရှင်းလင်းပွဲကျင်းပပြီး မီဒီယာများကို အသိပေးခဲ့သည်။