ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အစိုးရ စစ်တပ်နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော်(TNLA) တို့ ယမန်နေ့ မွန်းလွဲပိုင်းက ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ဇူလိုင်လကုန်ပိုင်းက ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးပွဲ အပြီးနောက်ပိုင်း ပထမဆုံး အကြိမ် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခြင်း လည်း ဖြစ်သည်။
ကျောက်မဲမြို့နယ် ကွမ်းစလန်ကျေးရွာကို စည်းရုံးရေးဆင်းပြီး ပြန်ထွက်လာသည့် အင်အား ၅၀ ခန့်ရှိ TNLA ၇၁၇ တပ်ရင်းကို ကျောက်မဲမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်(စကခ) (၁) လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၁၇ တပ်ရင်းမှ အင်အား ၇၀ ခန့်က လိုက်လံ ပစ်ခတ်ခဲ့ရာ နာရီဝက်အကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း TNLA ဘက်က ပြော သည်။
TNLA အထွေထွေ အတွင်းရေးမှူး ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် က“ကွမ်းစလန် ရွာမှာ ဟောပြောပွဲ လုပ်နေတဲ့အချိန်မှာ သူတို့ (စစ်တပ်) က အပြင်မှာ ရောက်နေပြီ၊ ဒါနဲ့ ကျနော်တို့လည်း ဟောပြောပွဲမြန်မြန်သိမ်းပြီး ထွက်လာတော့ စစ်တပ်က ကျနော်တို့ကို လိုက်တိုက်တာ၊ တောင်ထိပ်ရောက်တော့ ထပ်ဆုတ်လို့မဖြစ်တော့ ပြန်တိုက်ရင်းနဲ့ တိုက်ပွဲဖြစ်ကြတာ၊ သူတို့ဘက်က ၂ ယောက် ထိသွားတာတော့ မြင်လိုက်တယ်၊ သေမလား၊ ဒဏ်ရာရမလားတော့ မသိဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
ဘိန်းစိုက်ပျိုးကာလနှင့် နီးကပ်လာသည်ဖြစ်၍ ကွမ်းစလန် ကျေးရွာအုပ်စု အနေဖြင့် ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း မပြုလုပ်ကြရန် အသိပညာပေး ဟောပြောခြင်းနှင့် အစိုးရနှင့် TNLA တို့အကြား ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေး အစီအစဉ် တွေကို သွားရောက် ရှင်းပြရင်း စည်းရုံးရေး ဝင်ခဲ့ခြင်း ဖြစ်ကြောင်း TNLA ဘက်က ပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရ စစ်တပ်ဘက်က အတည်ပြုချက်၊ တုံ့ပြန်ချက်ကို မရရှိသဖြင့် ဖော်ပြနိုင်ခြင်း မရှိပါ။
ဇူလိုင်လ ၃၁ ရက်နေ့က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် TNLA အထွေထွေ အတွင်းရေးမှူး ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် ဦးဆောင်သည့် အဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့တွင် ပြည်နယ်အဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြ ရာ နောက်ထပ် တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားနိုင်ရန် စီစဉ်ခဲ့ကြောင်း ပြောဆိုခဲ့ကြ သော်လည်း ယင်းအစီအစဉ်ကို နှစ်ဖက်လုံးက လက်တွေ့ အကောင်ထည် ဖော်နိုင်ခြင်း မရှိပေ။
“ဖုန်းနံပါတ်တွေ၊ ဆက်သွယ်ရမယ့် လမ်းကြောင်းတွေတော့ ပေးထားတယ်၊ ဒါပေမယ့် အဲဒီဟာက ဘယ်လောက်အထိ အလုပ် ဖြစ် မလဲ၊ မဖြစ်ဘူးလဲ ဆိုတာကတော့ စမ်းကြည့်ရမှာပေါ့၊ အဲဒီမှာ ညှိနှိုင်းလို့ ဆောင်ရွက်လို့ ရတယ် ဆိုရင်တော့ အလုပ်ဖြစ်တာပေါ့၊ လောလောဆယ်တော့ မသိသေးဘူးလေ၊ အခုမှ ကျနော်တို့က စပြီးဆောင်ရွက်ရတဲ့ ကိစ္စဖြစ်တော့”ဟု ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် ကပြောသည်။
တိုက်ပွဲများလျော့ကျရေး အတွက် အကြောင်းကြား ဆက်သွယ်နိုင်ရန် အစိုးရ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာငြိမ်းချမ်းရေး စင်တာ(MPC) မှ ဒေါက်တာ မင်းဇော်ဦး၊ ဦးလှမောင်ရွှေတို့၏ ဖုန်းနံပါတ်များကို ပေးထားကြောင်း သိရသည်။
မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) ၏ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က“အဲဒါတော့ မသိဘူးဗျ၊ စစ်ရေးကိစ္စကတော့ ကျနော်တို့ ပါဝင်စွက်ဖက်လို့ မရဘူး”ဟု တိုက်ပွဲများ မဖြစ်စေရန် အကြောင်းကြားရေးနှင့် ပတ်သက်၍ ရှင်းပြသည်။
ဇူလိုင်လ ၃၁ ရက်နေ့က မူဆယ်မြို့၌ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဘက် ခေါင်းဆောင်များက အောင်မြင်သော တွေ့ဆုံဆွေးနွေးပွဲဖြစ် ကြောင်း၊ နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ရန်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးလျှင် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင်ရန် နှုတ်အားဖြင့် သဘောတူခဲ့ကြ သည်။
ယင်းဆွေးနွေးပွဲတွင် အစိုးရဘက်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်၊ နယ်မြေသတ်မှတ်ရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်နှင့် နောက်တကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးရန် ချပြဆွေးနွေးသည်။
TNLA ကလည်း ၎င်းတို့ အုပ်ချုပ်နယ်မြေ အတွင်း တိုးချထားသည့် အစိုးရတပ်များ မူလနေရာပြန်ရွှေ့ပေးရေး၊ နှစ်ဘက် တိုက်ပွဲများလျှော့ချနိုင်ရေး၊ နိုင်ငံရေးအရ ဆွေးနွေးရေး၊ ပလောင် ဒေသတွင်းရှိ မူးယစ်ဆေးဝါး ပြဿနာများကို အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အတူ ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းတိုက်ဖျက်ရေး အပါအဝင် အချက် ၉ ချက်ကို တင်ပြ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအပြီး ဝန်ကြီး ဦးအောင်မင်း က နှစ်ဘက် တာဝန်ရှိသူတွေအကြား ၁၀ ရက်အတွင်း နမ့်ဆမ်မြို့တွင် တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြမှာဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ယင်းတွေ့ဆုံပွဲသည် ယုံကြည်မှု တည်ဆောက်သော အဆင့်သာဖြစ်ပြီး တွေ့ဆုံမည့် ရက်ကို အတိအကျ သတ်မှတ်ခဲ့ခြင်း မရှိကြောင်း ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောသည်။
ထပ်မံတွေ့ဆုံကြမည့် ရက်နှင့် ပတ်သက်၍ “အဲဒါကတော့ အခု တိုက်ပွဲတွေ ဘယ်လောက်ထိ လျှော့ချနိုင်မလဲ၊ တဖက်နဲ့ တဖက် ယုံကြည်မှု ဘယ်လောက်အထိ ရနိုင်မလဲ၊ ချိတ်ဆက်ဖို့ပေးထားတဲ့ လမ်းကြောင်းတွေက ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ဘယ်လောက်အထိ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်မလဲ၊ တဘက်နဲ့ တဘက် ယုံကြည်နိုင်မယ့် နည်းလမ်းတွေ မြန်မြန်ဆန်ဆန် ရမယ် ဆိုရင်တော့ ဆွေးနွေးပွဲက အမြန်ဆုံးပြန်ဖြစ်မှာပါ၊ အခုလက်ရှိ အနေအထားအရတော့ ဆက်ပြီး စောင့်ကြည့်ရမယ့် အနေ အထား လို့ ထင်ပါတယ်”ဟု ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် က ရှင်းပြသည်။
TNLA သည် သူ၏ ထာဝရ မဟာမိတ်ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ စစ်ရေး မဟာမိတ် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (RCSS/SSA) တို့နှင့်အတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ရေးအရ ပူးတွဲလှုပ်ရှားလျက် ရှိကြောင်း သိရပြီး ၂၀၁၃ ခုနှစ်ထဲတွင်ပင် အစိုးရ စစ်တပ်နှင့် တိုက်ပွဲပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
TNLA ကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF) က ၂၀၀၉ ခုနှစ်က ဖွဲ့စည်းပေးခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်အပ်နှံခဲ့သော ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) လှုပ်ရှားခဲ့သော နေရာများကို ၂၀၁၁ ခုနှစ် နောက်ပိုင်း၌ ထိန်းချုပ်ခဲ့သည်။