လက်ပံတောင်း စီမံကိန်း ဖျက်သိမ်းရေးအတွက် မုံရွာမြို့ပေါ်တွင် ယနေ့ စီတန်း ဆန္ဒထုတ်ဖော်ခဲ့သော ဒေါ်နော်အုန်းလှ အပါအဝင် အဖမ်းဆီး ခံရသူများကို ပြန်လည်လွှတ်ပေး ရန်အတွက် ဒေသခံလူထုက မုံရွာ ရဲစခန်းအနီးတွင် ထိုင်သပိတ် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ယနေ့နေ့လယ် ၂ နာရီခန့်တွင် ဒေါ်နော်အုန်းလှနှင့် တကွ ဒေသခံ လူထု ၁၅၀ ခန့်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်နေစဉ် ရဲများက အတင်း ဝင်ရောက် ဖမ်းဆီးခဲ့မှုကြောင့် ဒေါ်နော်အုန်းလှနှင့်အတူ ဆည်တဲရွာ ဒေသခံ ၇ ဦး၊ တုံရွာဒေသခံ ၁ ဦး နှင့် မိုးကြိုးပြင်ရွာ ဒေသခံ ၁ ဦးတို့ အဖမ်းခံ လိုက်ရကြောင်း၊ ဝင်ရောက် ဖမ်းဆီးမှုကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ကာ ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လက်ပံတောင်းအရေး ဆောင်ရွက်နေသူ ကိုဟန်ဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
မုံရွာမြို့ပေါ်သို့ လက်ပံတောင်း ဒေသခံများ သွားရောက်ခဲ့ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေစဉ် မုံရွာ – မြင်းမူသွား အဝေးပြေး ကားလမ်းဆုံသို့အရောက်တွင် ရဲများက ပိတ်ဆို့ ထားလိုက်သည့်အတွက် ဆန္ဒပြလူထုမှာ ထိုင်လျှက် ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲများက လူအုပ်အတွင်း အတင်းဝင်ရောက်၍ ဒေါ်နော်အုန်းလှတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဆန္ဒပြအဖွဲ့တွင် ပါဝင်ခဲ့သည့် မစန္ဒာက ဧရာဝတီသို့ ရှင်းပြသည်။
“အခု ကျနော်တို့ ဒေါ်နော်အုန်းလှတို့ကို ဖမ်းထားတဲ့ မုံရွာအမှတ် ၁ ရဲစခန်းနားက ဘုန်းကြီးကျောင်းထဲမှာ ထိုင်သပိတ် လုပ်နေပါပြီ။ ရဲတွေကလည်း ဘုန်းကြီးကျောင်းရှေ့မှာ သံဆူးကြိုးတွေနဲ့ ပိတ်ထားလိုက်ပြီ။ ထိုင်သပိတ် လုပ်နေတာ လူပေါင်း ၆၀ ကျော်လောက် ရှိမယ်။ သူတို့က အခု ဖမ်းထားတဲ့ ၁၀ ဦးစလုံးကို ပြန်မလွှတ်မချင်း ထမပြန်တော့ဘူး။ ၁ လ ဖမ်းထားမယ် ဆိုရင်လည်း သူတို့က အဲဒီ အချိန်အထိ ဆန္ဒပြသွားမယ်” ဟု ဘုန်းကြီးကျောင်းအတွင်း ရောက်ရှိနေသော မုံရွာဒေသခံ ကိုကျော်သူက ဧရာဝတီသို့ ပြောသည်။
လက်ရှိ အနေအထားအရ ထိုင်သပိတ် ဆန္ဒပြသူများကိုလည်း အချိန်မရွေး ဖြိုခွဲနိုင်သော အနေအထားမျိုး ရှိနေကြောင်း၊ ဆန္ဒပြသူများထံသို့ လက်ပံတောင်း ဒေသခံတချို့ ထပ်မံလာရောက် ပူးပေါင်းလျှက်ရှိကြောင်း ၎င်းက ဆိုသည်။
ယနေ့ မနက်ပိုင်းတွင် လက်ပံတောင်း ဒေသခံများက လက်ပံတောင်းမှ မုံရွာဘက်ကို ကူးတို့ဖြင့် ကူးခဲ့ပြီး မုံရွာရောက်မှ စုပေါင်း ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဥပဒေအရ စီတန်း လှည့်လည်ခွင့် တရားဝင် လျှောက်ထားသော်လည်း ၉ ကြိမ် အထိ ပယ်ချခြင်း ခံရသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ကိုဟန်ဝင်းအောင်က ဆိုသည်။
“ပထမတော့ ဆန္ဒပြလူအုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့၊ လက်ပံတောင်း စီမံကိန်း ဖျက်သိမ်းပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြတာ။ အဲဒါကို ရဲတွေက အတင်းဝင်ဆွဲ ဖမ်းတာ။ ဖမ်းပြီး လူကို ကားထဲ အတင်းပစ်တင်တယ်။ အဲဒီလို ဖမ်းတော့ လူအုပ်က ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိခိုက်တဲ့သူ ထိခိုက်တယ်။ ရဲတွေက လူအုပ်ကို တုတ်နဲ့ ရိုက်တာမျိုးတော့ ကျမ မြင်တွေ့ခဲ့တဲ့ အချိန်အထိ မရှိခဲ့ပါဘူး။ လူအုပ်ကလည်း ကြောက်လန့်ပြီး ထွက်ပြေးတာပေါ့” ဟု မစန္ဒာက ပြောသည်။
ဒေါ်နော်အုန်းလှနှင့် ဒေသခံတချို့ အဖမ်းမခံရခင် စီတန်း လှည့်လည်ချိန်တွင် လက်ပံတောင်း တဝိုက် ရွာများမှ ဒေသခံ အင်အား ၁၅၀ ဝန်းကျင် ရှိခဲ့ကြောင်း၊ ဒေါ်နော်အုန်းလှတို့ကို ဝင်ရောက် ဖမ်းဆီးစဉ်က ရဲမေများ အပါအဝင် ရဲအင်အား ၂၀၀ ဝန်းကျင်မျှ ရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိအခြေအနေအရ လူ ၁၀ ဦးကို ဖမ်းဆီးထားသည်မှာ မှန်ကန်ကြောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့ မှူးများ ကိုယ်တိုင် စုံစမ်းစစ်ဆေးလျှက် ရှိသောကြောင့် အသေးစိတ် မပြောနိုင်သေးကြောင်း မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ အခုချိန်မှာ အသေးစိတ် ဘာဆက်လုပ်မယ် ဆိုတာ ပြောလို့မရသေးပါဘူး။ လူကြီးတွေကိုယ်တိုင် ဆင်းလာပြီး ဒီအရေးကို ဆောင်ရွက်နေပါတယ်” ဟု မုံရွာမြို့နယ် ဒုတိယ မြို့နယ်ရဲမှူးက ဧရာဝတီ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။