အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သောအမှုတွင် ငွေကြေးထောက်ပံမှုပေးခဲ့သည်ဟု သံသယရှိသူ တဦးကို အင်ဒိုနီးရှား အကြမ်းဖက်မှုဖြိုခွဲရေး လက်ရွေးစင် တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဂျကာတာမှလာသော အေပီသတင်း၏အဆိုအရ အသက် ၂၆နှစ် အရွယ်ရှိ Muhammad Syaiful Syahbani ကို အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်း ပေါ်ရှိ ယော့ယာကာတာ ခရိုင်တွင် သောကြာနေ့က ဖမ်းဆီးနိုင်ခဲ့သည်ဟု အမျိုးသားရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး Agus Rianto ကပြောကြောင်း သိရသည်။ သူနှင့် အတူရှိခဲ့သော အခြားတဦးကိုလည်း ရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေးနေပြီး သူတို့၏ ဆက်သွယ်ချက်ကို ယခုအချိန်အထိ ကွဲပြားစွာ မဖော်ထုတ်နိုင်သေးဟု သိရသည်။
မေလအတွင်းက လက်လုပ်ဗုံး ၅ လုံးကို ကျောပိုးအိတ်အတွင်းထည့်၍ သယ်ဆောင်လာသည့် Achmad Taufiq နှင့် Sefa Riano အမည်ရှိ သံသယရှိသူ စစ်သွေးကြွနှစ်ဦးကို မြို့တော် ဂျကာတာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဂျကာတာ တောင်ပိုင်းရှိ ၎င်းတို့ ငှားရမ်းထားသည့် အိမ်တွင် အခြားသော ပေါက်ကွဲစေသည့် ပစ္စည်းများကိုလည်း ထပ်မံသိမ်းဆည်းမိခဲ့သည်။ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကို တိုက်ခိုက်ခဲ့သည့်အတွက် မြန်မာနိုင်ငံကို လက်တုန့်ပြန်ချင်ကြောင်း သူတို့ နှစ်ယောက်က အာဏာပိုင်များကို ပြောခဲ့ကြကြောင်း သတင်းများက ဆိုသည်။ Sefa Riano က မြန်မာသံရုံးကို တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း ဖော်ပြသည့် စာသားများ ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သူဖြစ်သည်။
ရက်အနည်းငယ်ကြာသည့်အခါ အဖွဲ့ခေါင်းဆောင် Rohadi အပါအဝင် နောက်ထပ်အဖွဲ့ဝင်သုံးဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီး နိုင်ခဲ့သည်။ သူတို့၏ ထွက်ဆိုချက်များ ကြောင့် ရဲတပ်ဖွဲ့က ငွေကြေးထောက်ပံ့သည်ဟု မသင်္ကာသူကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခင်အပတ်ကလည်း ဂျကာတာမြို့ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတခု၏ အပြင်ဖက်တွင် အသေးစားဗုံးတလုံး ပေါက်ကွဲခဲ့ရာ လူတယောက် ဒဏ်ရာရခဲ့သည်။ အခြားဗုံး နှစ်လုံးတွေ့ရှိခဲ့သော်လည်း ပေါက်ကွဲခြင်း မရှိခဲ့ပေ။
အင်ဒိုနီးရှား နိုင်ငံသည် ၂၀၀၂ ခုနှစ်က နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် အများအပြားပါဝင်သည့် လူ ၂၀၂ ဦး သေ ဆုံးခဲ့ရသည့် ဘာလီကျွန်းဗုံးခွဲမှုဖြစ်ပွားပြီးချိန်ကစ၍ အကြမ်းဖက်ဝါဒီများကို ထိထိရောက်ရောက် နှိမ်နင်းနေခဲ့ရသည်။