ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို သတင်းမီဒီယာများက ကန့်ကွက်မှုရှိနေသည့်ကြားမှ ပြည်သူ့ လွှတ်တော်က အတည်ပြု ထားပြီဖြစ်သော်လည်း ပြည်ထောင်စု လွှတ်တော် အနေဖြင့် ပြန်လည်သုံးသပ်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုလိုက် သည်။
ယနေ့ နေပြည်တော်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) တို့ သတင်းမီဒီယာ ဥပဒေကိစ္စ တွေ့ဆုံဆွေးနွေးကြစဉ် သူရ ဦးရွှေမန်းက သတင်းမီဒီယာ အများစု ကန့်ကွက်နေသော ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြန်လည် ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများစွာ ရှိနေပြီး ဖြစ်သင့်ဖြစ်ထိုက် သော ဥပဒေတရပ်ဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောဆိုကြောင်း သိရှိရသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက “တွေ့ဆုံမှုကို ကျေနပ်အားရတယ်။ သူရဦးရွှေမန်း အပါအဝင် လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌတွေရော၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌတွေရောနဲ့ တွေ့တယ်။ လက်ရှိ မီဒီယာလောကရဲ့အခြေအနေ၊ စာနယ်ဇင်းကောင်စီက မီဒီယာဥပဒေ ရေးဆွဲတဲ့အခြေအနေတွေ ရှင်းပြတယ်။ သူတို့အနေနဲ့ကလည်း သေချာအလေးအနက်ထားတယ်။ အမျိုးသားလွှတ်တော်မှာရော ပြည်ထောင်စု လွှတ်တော်မှာရော ဒီဥပဒေကို အလေးအနက် ပြန်သုံးသပ်ပြီး တော့မှ ဒီဟာဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်အောင် ဆောင်ရွက်ပေးပါမယ်လို့ သူရဦးရွှေမန်း အပါအဝင် တဦးချင်းဆီက ကတိပြုပေးတယ်။ အမျိုးသားလွှတ်တော်ကို ရောက်လာရင်တောင်မှ ပြည်ထောင်စု လွှတ်တော်မှာ ဒီဥပဒေနဲ့ ပတ်သက်လို့ ပြန်ပြီး ဆွေးနွေးလို့ရတယ်။ ရေးရာကော်မတီတို့၊ ဥပဒေကြမ်း ကော်မတီ တို့က ပြန်လည် ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးပါ လို့ပြောတယ်” ဟု ဧရာဝတီသို့ပြောဆိုသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းဥပဒေကြမ်းတွင် သတင်းမီဒီယာအများစု သဘောမတူ ကန့်ကွက်နေသော အချက်အလက်များ ကို အသေးစိတ် တင်ပြခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) က ရေးဆွဲနေသော သတင်းမီဒီယာဥပဒေကြမ်း အကြောင်းကိုလည်း သေချာစွာ ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။
“ပုံနှိပ်နဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းမှာပါတဲ့ မှတ်ပုံတင်အရာရှိ ကိစ္စတွေကိုလည်း ထောက်ပြတယ်။ စာနယ်ဇင်း ကောင်စီက ရေးဆွဲတဲ့ မီဒီယာဥပဒေက သတင်း မီဒီယာ လောကသားတွေရဲ့ သဘောထားဆန္ဒရော၊ ဥပဒေပညာရှင်တွေရဲ့ အမြင်တွေရော၊ အကြံဉာဏ်ရော ထည့်သွင်း ရေးဆွဲထားတာမို့ နှိုင်းယှဉ်သုံးသပ်နိုင်ကြောင်းကိုလည်း ရှင်းပြခဲ့တယ်။ ဥပဒေတွေကို ဥပဒေ သုံးသပ်နိုင်တဲ့ ဥပဒေပြု မဏ္ဍိုင်က လုပ်တာကို ထောက်ခံပေမယ့် ဥပဒေပြုမဏ္ဍိုင်က မဟုတ်တဲ့သူတွေက ထည့်သွင်း ဖြုတ်ပယ်တာမျိုးတွေကို လက်မခံနိုင်ဘူးဆိုတာလည်း ရှင်းပြလိုက်တယ်” ဟု ဦးဇော်သက်ထွေးက ဆိုသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ သည် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ယနေ့တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်တွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်း ကို အတည်ပြုစဉ်က ပြန်ကြားရေးနှင့် စာနယ်ဇင်းကောင်စီ အကြား ညှိုနှိုင်းထားသည်ထင်၍ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။
“စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကြားမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်အားလုံးကို ရှင်းပြတယ်။ ပုံနှိပ်ထုတ်ဝေရေးဥပဒေကို ဘယ်လိုနည်းနဲ့ အတည်ပြုသွားတယ်ဆိုတာရော။ အန်တီ(ဒေါ်အောင်ဆန်းစုကြည်) ကတော့ ဒါတွေအားလုံး ညှိုနှိုင်းပြီးပြီမှတ်လို့ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တာပေါ့။ သူတို့ဘက်က အားနည်းချက်လည်း ရှိကောင်း ရှိနိုင်တယ်။ ဒါပေမယ့် တိုင်းပြည်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး ဆိုတာမျိုး မထားဘဲနဲ့ တိုင်းပြည်အတွက်ကို သွားဖို့အတွက် လုပ်ရမှာပေါ့။အကောင်းဆုံးကတော့ ညှိုနှိုင်း ဆွေးနွေးခြင်းကို အဓိက သုံးဖို့ ပြောတယ်။ ညှိုနှိုင်းဆွေးနွေးပြီးတော့ပဲ လုပ်သွားရမယ်။ နောက် ဥပဒေဆိုတာ လည်း ပြင်ဆင်ချက်တွေ လုပ်လို့ရတယ်။ လိုအပ်ချက် တွေရှိနေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တောင် ပြန်ပြင်ဖို့ လုပ်နေရတယ်။ အဲဒါကြောင့်မို့လို့ စိတ်ပျက် စရာမလိုဘူး။ ဒီအပေါ်မှာ စိတ်ပျက်စရာမလိုဘူး” ဟု ဦးဇော်သက်ထွေးက ပြောသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းသည် လတ်တလော အမျိုးသားလွှတ်တော်တွင် ရောက်ရှိနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ယင်းဥပဒေကြမ်းအပေါ် ဝင်ရောက်ဆွေးနွေးမှုများ ပြုလုပ်ရန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု သိရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့က ရန်ကုန်မြို့၊ Park Royal Hotel တွင် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း သတင်းမီဒီယာဥပဒေကြမ်းကိစ္စ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကိစ္စ တစုံတရာ သဘောတူညီမှု မရရှိခဲ့ကြောင်း သိရှိရသည်။