ပြည်ထောင်စုလွှတ်တော်က ရေးဆွဲ အတည်ပြုလိုက်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် အာဏာ ရှိသူများ၏ ပိုင်ဆိုင်မှု ထုတ်ဖော်ရေး ကိစ္စ၌ သမ္မတနှင့် လွှတ်တော်အကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လျှက် ရှိကြောင်း သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ သမ္မတနှင့် လွှတ်တော်မှ ဖွဲ့စည်းပေးထားသော ကော်မရှင်သည် လုပ်ပိုင်ခွင့် အာဏာရှိသူများ ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရပိုင်ခွင့်များ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ကြေညာချက် ပေးပို့ရန် လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ စာရင်းကို သက်ဆိုင်ရာ ဌာနနှင့် အဖွဲ့အစည်းများမှ တောင်းခံ၍ စိစစ်ပြီး အမိန့် ကြေညာစာများ ထုတ်ပြန်ကြေညာရမည် ဆိုသည့်အချက်ကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီသောကြောင့် ပယ်ဖျက်ပေးရန် အဆိုပြုခဲ့ရာ လွှတ်တော်က ပယ်ချခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် ဌာနဆိုင်ရာဝန်ထမ်းများကို အရေးယူရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ အငြိမ်းစားပေး ထုတ်ပယ်လိုက်သည် ဟုသာ သိရပြီး မည်သည့်အကြောင်းကြောင့် ထုတ်ပယ်ရသည်ကို ဖော်ပြခြင်း မရှိကြောင်း၊ နိုင်ငံတကာတွင် လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူခံရပါက ဓာတ်ပုံနှင့်တကွ ဖော်ပြလေ့ရှိကြောင်း ရန်ကုန်အခြေစိုက်
နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ စာရေးဆရာ ဇာနည်စိုးထွဋ်က ပြောသည်။
“ရာထူးက ရပ်ဆိုင်းတာနဲ့တင် မလုံလောက်ဘူး။ သူ့ Case ကိုပါ ဖော်ပြဖို့ လိုတယ်။ ရာထူး၊ နာမည်၊ ဓာတ်ပုံနဲ့ ထုတ်ပေးရမယ်။အဲဒီလို ထုတ်ပေးမှ လာဘ်ပေးလာဘ်ယူ မလုပ်ရဲတော့မှာ ။ အခုက ဘာဖြစ်လို့ ဘာဖြစ်မှန်းတောင် မသိလိုက်ဘူး။ အငြိမ်းစား ပေးလိုက်တော့ စုမိဆောင်းမိလို့ ထွက်ချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားမယ်” ဟု သူက ဆိုသည်။
လွှတ်တော်က ရေးဆွဲထားသော ဥပဒေကြမ်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းများသည် လိုအပ်ပါက ပိုင်ဆိုင်မှု ထုတ်ဖော်ရမည်ဟု ဖော်ပြထားခြင်းကို သမ္မတက သဘောမတူကြောင်း၊ မိမိတို့အနေဖြင့် ပိုင်ဆိုင်မှုထုတ်ဖော်ခြင်းကို သဘောတူကြောင်း မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှ ရှေ့နေဦးကြီးမြင့်က ပြောသည်။
“လွှတ်တော်က အယူအဆမှန်ပေမယ့် သမ္မတရော၊ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေ အကုန်လုံးအပါအဝင် လွှတ်တော် တာဝန်ရှိသူတွေရော အကုန်လုံး ပိုင်ဆိုင်မှု ထုတ်ဖော်သင့်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပိုင်ဆိုင်မှုစာရင်း တင်ပြရမယ်။ သူတို့ဘာလို့ ပိုင်ဆိုင်မှု ထုတ်ဖော်ရမှာ ကြောက်နေကြတာလဲ” ဟု ဦးကြီးမြင့်က မေးခွန်းထုတ်သည်။
ယခုကဲ့သို့ သမ္မတနှင့် လွှတ်တော်အကြား အငြင်းပွားနေခြင်းမှာ နောက်ကွယ်တွင် ကိုယ်ကျိုးစီးပွားဆိုင်ရာ ကိစ္စများကြောင့်သာ ဖြစ်နိုင်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးအတွက် မဖြစ်နိုင်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသော အုပ်ချုပ်မှု ဖြစ်စေရေး သမ္မတရုံးဝန်ကြီး တဦးကိုယ်တိုင် တိုင်ကြားစာ ၁၁၉ စောင်ကို စိစစ်၍ အဂတိလိုက်စားသော နိုင်ငံ့ဝန်ထမ်း ၄၅၀ ကို အရေးယူခဲ့သည်ဟု သမ္မတရုံးက ထုတ်ပြန်ခဲ့သော်လည်း မည်သည့် အတွက်ကြောင့် အရေးယူသည်ကို ဖော်ထုတ်ခဲ့ခြင်း မရှိပေ။
ထိုကဲ့သို့ အရေးယူမှုတွင် စာနယ်ဇင်းများ ထောက်ပြ၍ အရေးယူခြင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များက အရေးယူခြင်းနှင့် သမ္မတကိုယ်တိုင် တိုက်ရိုက်အရေးယူခြင်းများ မပါဝင်သေးဟု သမ္မတရုံးက ထုတ်ပြန်သည်။
သမ္မတဦးသိန်းစိန်က လုပ်ပိုင်ခွင့်အာဏာ ရှိသူများ ပိုင်ဆိုင်ခွင့်ထုတ်ဖော်ရေး ပါဝင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ဥပဒေကြမ်းကို အချက် ၁၂ ချက် ပြင်ဆင်ပေးရန် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သော်လည်း လွှတ်တော်က ၂ ချက်သာ ပြင်ဆင်ပေးပြီး ဥပဒေကြမ်းကို နဂိုအတိုင်း အတည်ပြုလိုက်သည်။
ပြည်ထောင်စု လွှတ်တော်က ရေးဆွဲထားသော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းဟု ပြင်ဆင်၍ သဘောတူ လက်မှတ် ရေးထိုးလိုက်ပြီး ယင်း ဥပဒေကြမ်းနှင့် ပတ်သက်၍ အများသိစေရန်ဟု ဆိုကာ ပြည်သူလူထုကို သတင်းထုတ်ပြန် ရှင်းလင်းခြင်း၊ ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့ခြင်းများ သမ္မတရုံးက ပြုလုပ်ခဲ့သည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် အများစု၏ သဘောဆန္ဒအရ အတည်ပြု ထားခြင်း ဖြစ်သောကြောင့် အများဆန္ဒကို အလေးဂရု ပြုသောအားဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးလိုက်ကြောင်း
သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
သမ္မတ၏ သတင်းထုတ်ပြန်ချက်နှင့် နာယကထံ သဝဏ်လွှာပို့မှု အပေါ် မည်သည့် ပြဿနာများ ရှိလာနိုင်သည်ကို စိစစ် သုံးသပ်ရန် လွှတ်တော် နာယကကြီးက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကို တာဝန်ပေးထားကြောင်း
လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
“လာဘ်ပေးလာဘ်ယူ အတွက် ဆွဲထားတဲ့ ဥပဒေကို အဂတိလိုက်စားမှုလို့ ပြောင်းပြီး သမ္မတကို လိုက်လျောလိုက်တော့ ဥပဒေမှာ အားနည်းချက်တွေတော့ ရှိသွားတယ်။ လိုက်လျောပြီးမှ ပြဿနာ ထပ်ဖြစ်တာဆိုတော့ မကောင်းဘူး။ လွှတ်တော်ကို
ထိခိုက်သလို ဖြစ်သွားတယ်” ဟု ဦးဖေသန်းက ဆိုသည်။
ဥပဒေတခု ရေးဆွဲရာတွင် လိုက်နာ ဆောင်ရွက်သင့်သော အချက် ၃ ခုရှိကြောင်း၊ ၎င်းတို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲမှုမရှိရန်၊ နိုင်ငံတကာ ကတိကဝတ်များကို ချိုးဖောက်မိခြင်းမျိုး မဖြစ်စေရန်နှင့် တခြား တည်ဆဲဥပဒေများနှင့် ဆန့်ကျင်မှု မဖြစ်စေရန်တို့ ဖြစ်ကြောင်း၊ ယခု ဥပဒေကြမ်းမှာ ထိုအချက် ၃ ခုနှင့် ငြိစွန်းနေသောကြောင့် သမ္မတရုံးအနေဖြင့် လူထုကို သတင်းထုတ်ပြန် အသိပေးခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသော သမ္မတရုံး အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“အခု သူတို့ဆွဲထားတဲ့ ဥပဒေမှာ ဆိုရင် တခြား ဥပဒေတွေက ဘယ်လိုဆိုဆို သူတို့ ဥပဒေအတိုင်းသာ အတည်လို့ ရေးထား တယ်။ ဥပဒေတွေက အဲဒီလိုဖြစ်နေရင် လက်တွေ့ အကောင်အထည် ဖော်တဲ့အခါမှာ အခက်အခဲတွေ ဖြစ်စေပါတယ်” ဟု သမ္မတရုံး အရာရှိက ဆိုသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ သမ္မတနှင့် လွှတ်တော်အကြား အငြင်းပွားသည့်အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြေခံဥပဒေ ခုံရုံးက ကွဲလွဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ တရားမျှတသည့် ပြန်လည်သုံးသပ်မှု လုပ်ပေးသင့်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိက ပြောဆိုသည်။
“ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ယူဆချက်၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ယူဆချက် အဆင့်ပဲ ရှိသေးတယ်။ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ဆုံးဖြတ်ချက်က ခုံရုံးမှာပဲ လုပ်ခွင့်ရှိတာ” ဟု သမ္မတရုံး အကြီးတန်းအရာရှိက ဆိုသည်။
သို့ရာတွင် လွှတ်တော် အမတ်များကမူ ခုံရုံးမှ ပါဝင် ပတ်သက်ရန် မလိုဘဲ လွှတ်တော်၏ အဆုံးအဖြတ်သာ ဖြစ်ကြောင်း၊
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဌာန်းလိုက်သော ဥပဒေကြမ်းများကို နိုင်ငံတော် သမ္မတက ပြင်ဆင်ပေးရန် သဘောထား မှတ်ချက် မျိုးစုံနှင့် အကြံပြုသော်လည်း ဥပဒေကြမ်း အများစုကို လွှတ်တော်က ဆုံးဖြတ်သည့် အတိုင်းသာ
အတည်ပြုလေ့ ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
“သမ္မတက သဘောထား မှတ်ချက် မျိုးစုံနဲ့ ပြန်ပို့တယ်။ ဖွဲ့စည်းပုံနဲ့ မညီဘူး ဆိုတာမျိုးလည်း ပါတယ်။ ဒါပေမယ့် သမ္မတက ဘယ်လိုပဲပို့ပို့ လွှတ်တော်က နဂိုအတိုင်း ဆုံးဖြတ်တာများတော့ သမ္မတနဲ့ လွှတ်တော်အကြားမှာ မကျေလည်မှု လေးတွေတော့ ရှိနေတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် တဦးက သုံးသပ်သည်။