မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) က ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေး ဝန်ကြီးဌာန၏ ကန့်ကွက်မှု ရှိနေလင့်ကစား လာမည့်ရက် အနည်းငယ်အတွင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ထံမှ တဆင့် အမျိုးသား လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း မီဒီယာ ဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်းမည့်အချိန်သည် ပြည်သူ့လွှတ်တော်က အတည်ပြု ထားသည့် ပြန်ကြားရေး ဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်း အမျိုးသား လွှတ်တော်သို့ ရောက်ရှိနေချိန် နှင့်လည်း တိုက်ဆိုင်နေပြီး မီဒီယာဥပဒေကြမ်း ၂ ခုကို လွှတ်တော်တွင် တပြိုင်နက်တည်း ဆွေးနွေးရမည့် အခြေအနေ ရှိသည် ဟု သိရှိရသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ယမန်နေ့က နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း အပါအဝင် လွှတ်တော် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ညနေပိုင်းတွင် ဦးဖုန်းမြင့်အောင်နှင့် သီးခြား တွေ့ဆုံခဲ့ကြောင်း၊ လာမည့် သြဂုတ်လ ၁၉ ရက်နေ့ အမျိုးသားလွှတ်တော်တွင် သတင်းမီဒီယာ ဥပဒေကြမ်း တင်သွင်းရန် စီစဉ်ထားကြောင်း သိရှိရသည်။
“မနေ့ညက စာနယ်ဇင်း ကောင်စီက အဖွဲ့ဝင်တွေနဲ့ ကျနော်တို့တွေ့ဖြစ်တယ်။ စာနယ်ဇင်း ကောင်စီက ရေးဆွဲတဲ့ သတင်း မီဒီယာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ တင်သွင်းဖို့ စီစဉ်ထားပါတယ်။ တနင်္လာနေ့ တင်သွင်း ဖြစ်မယ် ထင်ပါတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပြီ” ဟု ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက ရေးဆွဲထားသော မီဒီယာ ဥပဒေကြမ်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက သဘောမတူ ကန့်ကွက်နေသော အချက် ၁၇ ချက်ပါရှိနေကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေအရ ပြန်ကြားရေး ဝန်ကြီးဌာနသည် သတင်းမီဒီယာ လုပ်ငန်းများအားလုံးကို လုပ်ငန်းလုပ်ကိုင်ခွင့်၊ ပိတ်သိမ်းနိုင်ခွင့် အခွင့်အာဏာာများ ရရှိထားပြီး စာနယ်ဇင်း ကောင်စီ၏ သတင်းမီဒီယာ ဥပဒေကြမ်းတွင်မူ သတင်းမီဒီယာ လုပ်ငန်းများအနေဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်အတွက် ဝန်ကြီးဌာန၏ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနတွင် သတ်မှတ်ချက်နှင့်အညီ စာရင်းပေးသွင်း လုပ်ငန်း လုပ်ကိုင်ခွင့်ရှိကြောင်း၊ ဥပဒေကြမ်း ၂ ခု၏ ပြဋ္ဌာန်းချက်များမှာ အပြန်အလှန် ပဋိပက္ခ အသွင်ဆောင်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် တဦးဖြစ်သူ ဦးဇော်သက်ထွေးက စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော သတင်း မီဒီယာဥပဒေကြမ်းသည် သတင်းမီဒီယာသမားများ၊ ဥပဒေပညာရှင်များ အပါအဝင် အလွှာ အသီးသီးမှ အကြံဉာဏ်များ၊ အမြင်များကို ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံများတွင် ရှိသင့်ရှိထိုက်သည့် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ရည်ရွယ် ရေးဆွဲထားခြင်းဖြစ်သည်ဟု ရှင်းပြသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ၎င်းဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုမရှိဘဲ စာနယ်ဇင်း ကောင်စီ၏ သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပါက ကန့်ကွက်သွားမည်ဟု ထုတ်ဖော် ပြောဆိုထားပြီးဖြစ်သည်။
သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကမူ သတင်းမီဒီယာ အများစု ကန့်ကွက်လျှက်ရှိသော ပြန်ကြားရေး ဝန်ကြီးဌာနက တင်သွင်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြန်လည် ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများစွာ ရှိနေပြီး ဖြစ်သင့်ဖြစ်ထိုက်သော ဥပဒေ တရပ် ဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကို ဆန့်ကျင်သော လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ်ကို မြန်မာဂျာနယ်လစ် ကွန်ရက် ဦးဆောင် ပြုလုပ်လျက်ရှိပြီး ပြည်သူများ၏ လက်မှတ်များကိုပါ စုဆောင်းလျက်ရှိကြောင်း၊ လက်မှတ်များကို လွှတ်တော်ရုံး၊ သမ္မတရုံးနှင့် အပြည်ပြည်ဆိုင်ရာ သံရုံးများထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း မြန်မာ ဂျာနယ်လစ် ကွန်ရက်၏ လုပ်ငန်းအဖွဲ့ဝင် ကိုနိုင်မင်းဝေက ပြောသည်။
“ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်ဥပဒေက နောက်ပြန်လှည့်တဲ့ ခြေလှမ်းတွေနဲ့ သတင်းမီဒီယာကို ထိန်းချုပ်နေတယ်။ အဲဒီတော့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ရဖို့ ကျနော်တို့ ပြည်သူတွေ ပါဝင်တဲ့ လှုပ်ရှားမှုတွေ လုပ်နေတာပါ” ဟု ၎င်းက ဆိုသည်။
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်သည် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel တွင် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သတင်းမီဒီယာ ဥပဒေကြမ်းကိစ္စ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကိစ္စ တစုံတရာ သဘောတူညီမှု မရရှိခဲ့ကြောင်း သိရှိရသည်။