ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ နှင့် ရန်ကုန်အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းများ ယမန်နေ့က တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရသည်။
မစ္စတာ ကင်တာနာနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးမြအေး စသူတို့နှင့် ယမန်နေ့ည ၈ နာရီခန့်က ဆွေးနွေးရာတွင် နိုင်ငံရေးလှုပ်ရှားသူများကို ပုဒ်မ ၁၈ နှင့် ဆက်လက် ဖမ်းဆီးနေမှု၊ စာနယ်ဇင်း လွတ်လပ်ခွင့် ဥပဒေနှင့် အသင်းအဖွဲ့ ဥပဒေ ဆိုင်ရာများကို အဓိက ဆွေးနွေး တင်ပြခဲ့ကြောင်း ဦးမြအေး က ဧရာဝတီကို ပြောသည်။
“အဓိက ဆွေးနွေးဖြစ်တာက လက်ရှိကြုံတွေ့နေရတဲ့ အသင်းအဖွဲ့ ဥပဒေပြဋ္ဌာန်းချက် ကိစ္စ၊ စာပေ၊ စာနယ်ဇင်း ဆိုင်ရာ လွတ် လပ်ခွင့် ဥပဒေ ကိစ္စ၊ နောက်တချက်က ပုဒ်မ ၁၈ နဲ့ လက်ရှိ အရေးယူခံထားရ သူတွေရဲ့ ကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောဖြစ်တယ်”ဟု ဦးမြအေးက ပြောပြသည်။
စာနယ်ဇင်း ဥပဒေနှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ဥပဒေတို့သည် ပြဋ္ဌာန်းချက်အဟောင်းကို အနည်းငယ်ပြုပြင်ထားခြင်းသာ ဖြစ်၍ လက်တွေ့နယ်ပယ်များမှ ပုဂ္ဂိုလ်များ၏ သဘောထား မပါဝင်ကြောင်း၊ ဆန္ဒပြခွင့် ဥပဒေအရ ခွင့်ပြုချက် တောင်းရာတွင်လည်း ခွင့်ပြုချက် မရသည်များ ရှိနေသည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လျှောက်လှမ်းနေချိန်တွင် မရှိသင့်တော့ကြောင်း သူက ဆက်ပြောသည်။
“ပုဒ်မ ၁၈ ဆိုတာက ဒီမှာ ဆန္ဒပြတဲ့ လူတွေအတွက် လိုရင်ယူသုံးမယ်ဆိုတဲ့ အတားအဆီးကြီး တခုလိုဖြစ်နေတယ်”ဟုလည်း ဦးမြအေးက ပြောသည်။
ဒီမိုကရေစီနိုင်ငံတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ အသင်းအဖွဲ့ဆိုင်ရာ အားကောင်း စေရေး အစိုးရကိုယ်တိုင်က ဖြေလျှော့ပေးရန်လိုကြောင်း၊ မစ္စတာ ကင်တာနာ ကလည်း အစိုးရနှင့် တွေ့သည့် အခါ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဥပဒေများ ဖြစ်စေရေး တိုက်တွန်းမည်ဟု ပြောဆိုကြောင်း သူက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ယနေ့ နံနက် တိုက်ရိုက်မိန့်ခွန်းတွင် ၎င်းတို့ အစိုးရ တက်လာပြီးနောက် နိုင်ငံရေး တည်ငြိမ်စေရေး ပြည် သူ အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လုပ်ငန်းစဉ်ချမှတ်ကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပါတီ အသင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
“ပါတီတွေ ထူထောင်နိုင်ခွင့် အသင်းအဖွဲ့တွေ ဖွဲ့စည်းနိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောဆွေးနွေး ထုတ်ဖော်နိုင်ခွင့်၊ စာပေ လွတ် လပ်ခွင့် စတာတွေကို ဥပဒေတွေ ထုတ်ပြန်ပြီး ဆောင်ရွက်ပေးခဲ့တဲ့အပြင် အကျဉ်းသားပေါင်း များစွာကိုလည်း ဒီအခွင့် အရေး တွေ ရရှိအောင် လွှွတ်ပေးခဲ့ပါတယ်”ဟု ဦးသိန်းစိန်က ဆိုသည်။
မစ္စတာ ကင်တာနာသည် ယမန်နေ့က ရန်ကုန်ရှိ ကုလသမဂ္ဂရုံးတွင် လူထုအခြေပြု အဖွဲ့အစည်းများနှင့် သီးခြားစီ တွေ့ဆုံခဲ့ ရာ တွင်လည်း စာနယ်ဇင်း ဥပဒေ၊ အသင်းအဖွဲ့ ဥပဒေ အပါအဝင် လွတ်လပ်စွာ စီတန်းလှည့်လည်ဆန္ဒ ထုတ်ဖော်ခွင့် ဥပဒေ ပုဒ်မ ၁၈ ၊ လယ်ယာမြေ သိမ်းဆီးခံရမှု ဆိုင်ရာများနှင့်ပတ်သက်၍ အဖွဲ့အစည်းများက တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
“အဲဒီ ဥပဒေတွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါထားတာထက် သူတို့က ပိုမို ချုပ်ကိုင်မှု များနေတယ်”ဟု မစ္စတာ ကင် တာ နာနှင့်တွေ့ဆုံတင်ပြခဲ့သူ တဦးဖြစ်သည့် လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB) ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီ ကို ပြောသည်။
မြေယာပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများကို ယခုအထိ ထုတ်ဖော်လာသော်လည်း အရေးယူမှု မရှိသေးခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ လူ့အခွင့်အရေး အခြေခံ စံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် ပြဋ္ဌာန်းချက်များ ပါဝင်နေသည်ကို အစိုးရအား တိုက်တွန်းပေးရန်လည်း ဆွေးနွေးခဲ့ကြောင်း သူက ဆက်ပြောသည်။
“နိုင်ငံတကာကိုလည်း အခုချိန်က ပြုပြင်ပြောင်းလဲမှု ဖြစ်ပေမယ့် ပြုပြင်တာပဲရှိပြီး ပြောင်းလဲမှုကို ကျနော်တို့ မတွေ့ရသေးဘူး၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကောင်းသွားပြီလို့မမှတ်ယူဘဲ သတိကြီးစွာနဲ့ စောင့်ကြည့်ပြီး လိုအပ် တာတွေ လုပ်ဆောင်ပေးဖို့ တိုက်တွန်းတယ်။ သူကလည်း သူ့ရဲ့ အစီရင်ခံစာထဲ ပါဝင်နိုင်အောင် လုပ်ဆောင်ပါ့မယ် ဆိုတဲ့ ပြောဆိုတာကို ကျနော်တို့ ရရှိပါတယ်”ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသများမှ လယ်ယာမြေနှင့်ပတ်သက်သည့် တိုင်စာပေါင်း ၆၀ ကျော်နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ တိုင်ကြားချက်များကိုလည်း တင်ပြခဲ့ကြောင်း၊ မန္တလေးတွင် ဖြစ်ပွားခဲ့သော လိင်တူ ချစ်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်ကိုလည်း အထောက်အထားများနှင့် တကွ တင်ပြခဲ့ပြီး နောက်ထပ် မဖြစ်ပေါ်စေရေး ဆောင်ရွက်ပေးရန်လည်း တိုက်တွန်း ပြောဆိုခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
မစ္စတာ ကင်တာနာသည် နေပြည်တော်သို့ ယနေ့ သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအဝင် အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန်ရှိသည်။ ထို့အပြင် ကချင်ပြည်နယ်နှင့် ကရင် ပြည်နယ်များကိုလည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
မစ္စတာ ကင်တာနာသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားရာ ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူးသီးတောင်မြို့နယ်များသို့လည်း သွားရောက်ခဲ့ပြီး ဒေသခံများ၊ ဒုက္ခသည်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အကျဉ်းထောင်များသို့လည်း သွားရောက် ခဲ့သည်။
ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း စစ်တွေမြို့၌ မစ္စတာ ကင်တာနာကို ဒေသခံတချို့က ၎င်း၏ အစီရင်ခံစာသည် မျှတမှုမရှိခြင်း နှင့် ဘင်္ဂါလီ အစား ရိုဟင်ဂျာ ဟူသော စကားလုံး သုံးသည်ဟု ဆိုကာ ကန့်ကွက် ဆန္ဒပြမှုများလည်း ရှိခဲ့သည်။
သြဂုတ် ၁၁ ရက်နေ့က စတင်ခဲ့သော မစ္စတာ ကင်တာနာ ၏ ယခု ၇ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်သည် ၁၀ ရက် ကြာ မည်ဖြစ်ပြီး တွေ့ရှိချက်များကို လာမည့် ကုလသဂ္ဂ အထွေထွေညီလာခံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။