ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြို မြေပြိုမှု ဖြစ်ပေါ်ကာ နေအိမ်များနှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှု များပြားနေကြောင်း သိရသည်။
သြဂုတ် ၁၁ ရက်နေ့မှ စ၍ ထိုင်း – မြန်မာ နယ်စပ် ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းမှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်တို့တွင် နေအိမ်များနှင့် လယ်ယာမြေများပေါ်သို့ ရေလွှမ်းမိုးမှုများ ရှိခဲ့ကြောင်း၊ ကျိုင်းတုံ- တာချီလိတ် ကားလမ်းများ ပိတ်ထားရကြောင်း၊ ဈေးဆိုင်များ ပိတ်ထားသည် အထိ ရေများ ပြည့်လျှံခဲ့ကြောင်း တာချီလိတ် မြို့မှ ဦးစိုင်းအေးက ဧရာဝတီသို့ပြောသည်။
“ဒီလိုရေကြီးမှုဟာ တခါမှ မဖြစ်ဖူးဘူး။ အများဆုံး ခံရတဲ့ ရွာကတော့ အရင် ငလျင်ဒဏ်ခံရတဲ့ တာလေမြို့နယ်က ရွာတွေပါပဲ။ ဘယ်လောက်အထိ ပျက်စီးသွားလဲ ဆိုတာ အခုထိ မသိသေးဘူး။ ကျိုင်းတုံနဲ့ တာချီလိတ် ကားလမ်းကတော့ အခုထိ တောင်ပြိုမှာကို ကြောက်ပြီး တချို့ကားသမားတွေ မသွားရဲကြသေးဘူး” ဟု ဦးစိုင်းအေးက ပြောသည်။
တောင်ပြို ရေကြီးမှုသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ပြသနေကြောင်း၊ တောင်ပေါ် ဒေသရှိ သစ်ပင်များကို ခုတ်လှဲ သဖြင့် မြေဆီများကို မထိန်းနိုင်တော့ဘဲ ရေလွှမ်းမိုးမှုများ ဖြစ်လာကြောင်း၊ ယခုကဲ့သို့ ရေလွှမ်းမိုးမှုနှင့် ငလျင်ဒဏ် ခံနိုင်စေရန် သဘာ၀ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အတွက် သစ်ပင်များ ပြန်စိုက်သင့်ကြောင်း ၎င်းက ဆိုသည်။
“ဒီလိုရေလွှမ်းမိုးမှုက ပထမဆုံးလို့ ပြောလို့ ရတယ်။ အရင်က မိုးဘယ်လောက်ရွာရွာ တောင်မပြိုဘူး။ အခုဆိုရင် လယ်ဧက ၄၀၀ ကျော်လောက် ပျက်စီး ဆုံးရှုံးပါတယ်။ ကျိုင်းတုံ – တာချီလိတ် ကားလမ်းတွေမှာ တောင်တွေ ပြိုပါတယ်။ ဒါပေမယ့် လူ အသေအပျောက်တော့ မရှိပါဘူး” ဟု ကျိုင်းတုံမြို့ဒေသခံ စိုင်းဆိုင်တစ်က ဧရာဝတီသို့ ပြောသည်။
ရေအလွှမ်းခံရသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ မြို့များကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး အဖွဲ့၊ NGO အဖွဲ့များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) မှလည်း ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး နေအိမ် ပျက်စီး ဆုံးရှုံးသူများအတွက် သီးသန့် ကယ်ဆယ်ရေး မထားရှိဘဲ နီးစပ်ရာ ဆွေမျိုးများထံ နေထိုင်နေရကြောင်း စိုင်းဆိုင်တစ်က ဆိုသည်။
“ကျနော်တို့ ဒီဘက်မှာ အဓိက စီးပွားရေးက စိုက်ပျိုးရေးပါ။ အခုလို ရေလွှမ်းခံရတော့ ဘယ်လို ပြန်ရပ်တည် သွားမှာလဲ ဆိုတာ စဉ်းစားရဦးမယ်။ အိမ်ခြေတွေ တော်တော်များများ ပျက်စီးသွားတယ်” ဟု ရေလွှမ်းမိုးမှု အများဆုံး ခံရသည့် တာလေ ကျေးရွာမှ နန်းခမ်းက ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ပေါ့ချောင်း၊ လားရှိုးမြို့နယ် နမ့်ယော်ချောင်း၊ သိန္နီမြို့နယ်နှင့် သီပေါ မြို့နယ် နမ့်တူမြစ် တို့လည်း ရေလျှံ ရေကြီးကာ ပြည်ထောင်စု လမ်းမကြီး ပြတ်တောက် ပျက်စီးခဲ့ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံများ ထံမှ သိရသည်။
ထို့အတူ ကရင်ပြည်နယ်တွင် ဇူလိုင် ၂၉ ရက်နေ့က ရေကြီး ရေလျှံမှုများ ဖြစ်ပွားသဖြင့် ရေဘေး ကယ်ဆယ်ရေး စခန်း ၃၁ ခု ဖွင့်လှစ် ထားရကြောင်း၊ သံလွင်မြစ်ရေ စိုးရိမ် ရေမှတ်အထက် မြင့်တက်မှုကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ပိုင်ကျုံမြို့နယ်ခွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး နှင့် မြဝတီမြို့ တို့တွင် စုစုပေါင်း လူဦးရေ ၇၇၉၅ ဦး အတွက် ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရသည်။
၂၀၁၁ ခု မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဘက် ၁၈ မိုင် ခန့် အကွာကို ဗဟိုပြု၍ ၆ ဒသမ ၈ ရစ်ချ်တာစကေးရှိ အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့ သဖြင့် တာချီလိတ်မြို့နယ် အတွင်းရှိ တာလေနှင့် မိုင်းလင်း မြို့နယ်ခွဲများ၊ ကျကူနီ၊ ဝမ်းဟိုမိန်း၊ ကုန်းသာ၊ ဖကန်၊ ဝမ်ဟ အစရှိသည့် ရွာများတွင် အဆောက်အအုံ များစွာ ပြိုကျ ပျက်စီးကာ တရားဝင်ထုတ်ပြန်သော မှတ်တမ်းများအရ လူ ၇၄ ဦး သေဆုံးခဲ့သည်။