နိုင်ငံရေး အထိမ်းအမှတ်ပွဲများကို အများဆုံး ကျင်းပလေ့ရှိသော ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်နှင့် ခန်းမကို အကြောင်းပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အထိမ်းအမှတ်ပွဲများ၊ သတင်းစာ ရှင်းလင်းပွဲများကို ကျင်းပမည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနသို့ ခွင့်ပြုချက် ၂ ပတ် ကြိုတင် တောင်းခံရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက် ထွက်ပေါ်လာ ခြင်းသည် ဒီမိုကရေစီ အပြောင်းအလဲနှင့် လုံး၀ သင့်လျော်မှုမရှိကြောင်း နိုင်ငံရေး နယ်ပယ်များက ဝေဖန်လိုက်သည်။
တော်ဝင်နှင်းဆီခန်းမတွင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်ရေးကော်မတီ ကိစ္စနှင့် ပက်သက်ပြီး ယာဉ်လုပ်သားများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှ စတင်၍ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူ တွေ့ဆုံ ခဲ့ကြောင်း၊ ထို့နောက် ရန်ကုန်တိုင်းအတွင်းရှိ မည်သည့် နေရာတွင်မဆို ရက်သတ္တပတ် ၂ ပတ် ကြိုတင် ခွင့်ပြုချက် တောင်းခံပြီးမှ ပွဲကျင်းပရမည်ဆိုသည့် အမိန့် ထွက်ပေါ်လာကြောင်း တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွန့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကို စခေါ်တွေ့တုန်းက တော်ဝင်နှင်းဆီ တခုတည်းပုံစံမျိုး။ နောက်တော့ ဗဟန်းမြို့နယ်၊ နောက်ဆုံး ရန်ကုန်တိုင်း တတိုင်းလုံးမှာ ဘယ်ပွဲမဆို ဒီလို ခွင့်ပြုချက် တောင်းရမယ်ဆိုပြီး ကြားတာပဲ။ ပြည်သူလူထု ခက်နေတာနဲ့ အစိုးရ အဖွဲ့ လုပ်တာနဲ့ ဘယ်လိုလဲတော့ မသိဘူး။ လုံးဝ သဘာ၀ မကျဘူး။ ဒီမိုကရေစီ စနစ်ကို ချီတက်နေပါတယ်ဆိုတဲ့ ဟာနဲ့ ဖီလာ ဆန့်ကျင်သလို ဖြစ်နေတယ်။ ကျနော်တို့က အပေါ်က သမ္မတကြီးတို့၊ ဥက္ကဋ္ဌကြီးတို့ ဒီမိုကရေစီလို့ အော်နေတာတွေကို ယုံပြီး ပျော်နေတာ၊ ကြက်သီးမွေးညင်းတွေ ထနေတာ၊ အောက်က ခြေထောက် ရိုက်လိုက်တော့ ဘိုင်းကနဲ လဲတော့မှ ငါတို့ အိပ်မက် မက်နေပါလားဆိုတာ သိရတယ်” ဟု ၎င်းက ဆိုသည်။
တော်ဝင်နှင်းဆီသို့ ပေးပို့သည့် အမိန့်ထုတ်ပြန်စာတွင် ဟိုတယ်၊ မော်တယ်၊ ခန်းမ၊ စာသင်ကျောင်းများ၊ သာသနာရေး အဆောက်အဦး များနှင့် မည်သည့် နေရာတွင်မဆို ခွင့်ပြုမိန့်မရှိဘဲ ကျင်းပလျှင် အရေးယူခံရမည်ဖြစ်ကြောင်း ပါရှိသည်။
တချို့သော ကိစ္စရပ်များတွင် ၂ ပတ်ကြိုတင် ခွင့်ပြုချက်တင်ရန် အဆင်ပြေသော်လည်း တချို့ကိစ္စများတွင် ထိုသို့ မဖြစ်နိုင် ကြောင်း၊ မိမိတို့ ရုံးခန်းတွင် သတင်းစာရှင်းလင်း ပွဲများကို ကျင်းပခဲ့ကြသော်လည်း ထိုကဲ့သို့ အကြောင်းကြားစာမျိုး ရောက်မလာသေးကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ၁ ဦးအောင်သူရက ဧရာဝတီသို့ ပြောသည်။
“ဥပမာဆိုရင် အိမ်တွေဖယ်ပေးရမယ့် ဟာကို အစိုးရက တပတ်ကြိုပြီး အကြောင်းကြားတာကို နှစ်ပတ်စောင့်ပြီးမှ သတင်းစာ ရှင်းလင်းပွဲ လုပ်ရမယ်ဆို ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ နောက် အဲဒီလိုမျိုးပဲ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ နှစ်ပတ် ကြိုတင်ရတာက တော်တော် မလွယ်တဲ့ကိစ္စ ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းသည် နိုင်ငံရေး လှုပ်ရှားမှုများကို ကန့်သတ်သည့် သဘောမျိုး သက်ရောက်ကြောင်း၊ ခန်းမများတွင် စုဝေး လုပ်ဆောင်ခြင်းက တိုင်းပြည်ပျက်စီးစေရန် လုပ်ဆောင်နေကြခြင်း မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးပြုံးချိုက ပြောသည်။
“ကျနော်တို့မှ မဟုတ်ဘူး၊ ဘယ်သူမဆို ဒီလိုလုပ်ကြတယ်ဆိုတာ တိုင်းပြည်တည်ငြိမ်မှုကို ပျက်စီးဖို့မဟုတ်ဘဲ တိုင်းပြည် ကောင်းလာဖို့အတွက်ပဲ လုပ်နေကြတာ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယခုကဲ့သို့သော အမိန့်ထုတ်ပြန်မှုမျိုးသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ နိုင်ငံသားများအပေါ် ပေးခဲ့သော အခွင့်အရေးကို ချိုးဖောက်သကဲ့သို့ ဖြစ်နေကြောင်း ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးကြည်မြင့်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီကို ရှေ့ဆက်သွားနေသည်ဟု ပြောဆိုနေသော်ငြားလည်း ယခုကဲ့သို့သော ပိတ်ပင်မှုမျိုးက အဓိပ္ပာယ် မရှိကြောင်း ၎င်းက ဆက်ပြောသည်။
သို့ရာတွင် အဆိုပါအမိန့်သည် ယခင်ကတည်းက ရှိပြီးသား အမိန့်ဖြစ်ကြောင်း၊ အစကတည်းက ညွှန်ကြားချက်များကို လိုက်နာခဲ့ခြင်း မရှိကြောင်း၊ အဆိုပါ စည်းကမ်းအမိန့်များမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး လက်စွဲစာအုပ်တွင်လည်း ပါရှိပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။
“ပွဲလုပ်မယ်ဆိုရင် အုပ်ချုပ်ရေးကို အသိပေးရတယ်။ အုပ်ချုပ်ရေးက လိုအပ်တာကို စီစဉ်ပေးတယ်။ ဒါက အစကတည်းက ညွှန်ကြားချက်ပါ။ မလိုက်နာတော့ သူတို့အချင်းချင်း ပြဿနာပေါ်တယ်။ တဖွဲ့က လုပ်တယ်၊ တဖွဲ့က ကန့်ကွက်တယ်။ ကျနော်တို့က လုပ်ထုံးလုပ်နည်းကို ပြန်ပြောပြတာ။ သီးခြားကြေညာချက်တော့ မရှိဘူး။ သူတို့က တင်လေ့တင်ထမရှိဘဲ ကျနော်တို့က မတင်လို့ ခေါ်ပြောတဲ့ အခါကျတော့ ခက်ကုန်တာ” ဟု ၎င်းက ဆိုသည်။