စစ်အစိုးရ လက်ထက် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် စီမံကိန်းများ အကြောင်းပြပြီး မြေကွက်များကို လှည့်ဖြား သိမ်းယူ ရောင်းစားမှုများ အများအပြား တွေ့ရှိရကြောင်း ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်က စုံစမ်းဖော်ထုတ် အစီရင်ခံလိုက်သည်။
လွှတ်တော် မြေယာ ကော်မရှင်က မြေယာသိမ်းဆည်းမှု များကို စုံစမ်းဖော်ထုတ်ထားသော အစီရင်ခံစာတရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ သြဂုတ်လ ၁၃ ရက်နေ့က တင်သွင်းလိုက်ပြီး ယင်းအစီရင်ခံစာတွင် ပုဂ္ဂလိကုမ္ပဏီများ သည် ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး စီမံကိန်းအကြောင်းပြ မြေသိမ်းယူကြောင်း၊ သိမ်းယူထားသော မြေများပေါ်တွင် စီမံကိန်းများ လုပ်ဆောင်ခြင်း မရှိဘဲ ပြန်လည်ရောင်းစားမှုများရှိသည်ဟု လွှတ်တော်ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၃ တွင် ဖော်ပြထားသည်။
စစ်အစိုးရက စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီများသို့ မြေနေရာ ချထား ပေးရာတွင် တောင်သူလယ်သမားများ လက်ရှိ လုပ်ကိုင်နေသည့် လယ်မြေများ သိမ်းယူ ပါရှိသွားကြောင်း၊ နိုင်ငံတော် စီမံကိန်း ဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊ လေယာဉ်ကွင်းများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းကြောင်းနှင့် နိုင်ငံပိုင် စက်ရုံအလုပ်ရုံများ တည်ဆောက်ရေးအတွက် မြေယာသိမ်းဆည်းမှု အများအပြားရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရ ဝန်ကြီးဌာနများနှင့် ပူးပေါင်း မြေသိမ်းယူ ရောင်းစားသည့် ပုဂ္ဂလိက ကုမ္ပဏီများတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ မြန်မာ့ စီးပွားရေး နှင့် ဦးပိုင်လီမိတက်၊ အေရှားဝေါ ၊ ဒဂုံအင်တာနေရှင်နယ် ၊ SI Group ၊ Billion Group ၊ ရွှေသံလွင်၊ ထွန်းမြင့်အောင်၊ စူပါဝမ်း၊ အောင်ပြည့်ဖြိုး၊ မြန်မာနိုင် ၊ တော်ဝင် ၊ ရွှေပုလဲ ၊ Ever Green ၊ မြန်မာ့သြဘာ ၊ တောင်ပိုင်းရွှေရောင် အလင်းတန်း၊ အော့ချက်ဒ် ကုမ္ပဏီ၊ ဧရာရွှေဝါ ၊ လွင်နှင့်စွမ်း ကုမ္ပဏီ၊ MGS ကုမ္ပဏီ၊ ရွှေစီးပွားကုမ္ပဏီ၊ မီမီထွန်း ကုမ္ပဏီ ၊ ကေအန် ၊ ဂရိတ်ဝေါ ၊ စတီးစတုန်းကုမ္ပဏီ၊ ဝါဝါ၀င်း ၊ ပန်းသပြေ ၊ ဖိုးလမင်း၊ မြန်မာဂိုးဒင်း ၊ ရွှေဝါရတနာ၊ ဇင်းဘောင် ၊ မြန်မာ့အောင်တံခွန် ၊ မြစိမ်းရောင် အပါအဝင် ကုမ္ပဏီပေါင်းများစွာ ပါဝင် နေကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော်ကော်မရှင်က ပြည်သူများထံမှ မတရားသိမ်းယူထားသော မြေများကို မူလပိုင်ရှင် ပြည်သူများထံ ပြန်လည်ပေးအပ်ရန် တိုက်တွန်းထားကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစုံစမ်းရေး ကော်မရှင် ဥက္ကဌ ဦးလှဆွေက ဧရာဝတီသို့ ပြောသည်။
”လွှတ်တော်က အတည်ပြုပါတယ်လို့ ပြောရင် ကတိကဝတ် ဖြစ်သွားတဲ့အတွက် အစိုးရက လိုက်ကိုလိုက်နာရမှာ။ ဒီက အကြံပြုချက်တွေ အားလုံးကို အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း အစိုးရက လုပ်ကိုလုပ်ပေးရမှာ။ လယ်မြေကိစ္စကို မဲခွဲ ဆုံးဖြတ်ရင် ကန့်ကွက်သူ ရှိမှာမဟုတ်ဘူး။ ဘယ်ကုမ္ပဏီက ဘယ်အချိန်မှာ ဘယ်လိုသိမ်းတာဆိုတာ အတိအကျ တိုင်တော့ ကျနော်တို့ကလည်း အသေးစိတ်စစ်တာ။ အဲတော့ ကုမ္ပဏီနာမည်တွေပါ ထည့်ပြောရတာပေါ့။ အစိုးရပိုင်းကလည်း ဝန်ကြီးဌာနပေါင်းစုံပါတယ်။ သူတို့ မြေသိမ်းထားတာတွေ ရှိတဲ့အတွက် သူတို့ ပြန်ပေး ရမယ်”ဟု ဦးလှဆွေက ပြောသည်။
ယခင် စစ်အစိုးရက ကြက်ဆူပင် စိုက်ပျိုးရေး စီမံကိန်းကြီးများ အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူများမြေများ သိမ်းယူခဲ့ကြောင်း၊ ယင်းမြေကွက်များသည် ပုဂ ကုမ္ပဏီကြီးများလက်သို့ ရောက်ရှိသွားပြီး ယင်းကုမ္ပဏီကြီးများကလည်း အမှန်တကယ် ဝင်ရောက် စိုက်ပျိုးခြင်း မရှိဘဲ ပြန်လည် ရောင်းစား ခြင်း၊ တောင်သူများကို သီးစားပြန်ချပေးခြင်းများ ပြုလုပ်မှုများ ရှိသည်ဟု ကော်မရှင်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပုဂ္ဂလိကကုမ္ပဏီတခုဖြစ်သော ရွှေသံလွင်ကုမ္ပဏီသည် ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ဒေသခံ တောင်သူများထံမှ စိုက်ပျိုးမြေပေါင်းများစွာ ရယူထားပြီး ကိုယ်တိုင်မလုပ်ကိုင်နိုင်သောကြောင့် တောင်သူများကို သီးစားပြန်ချထားကြောင်း၊ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် တောင်သူများကို နစ်နာကြေးလျော်ကြေးပေးသင့်သည်ဟု ကော်မရှင်က ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်တွင်လည်း ကုမ္ပဏီပေါင်း ၂၂ ခုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန် သိမ်းယူထားသော မြေဧရိယာ ဧကပေါင်း ၉၀၈၁၅ ပေါ်တွင် ၃၆၁၆၈ ဧကသာ လုပ်နိုင်ပြီး ကျန်မြေများကို သီးစားချထားခြင်း၊ တောင်သူများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း ကော်မရှင် ၏ အစီရင်ခံစာအရ သိရှိရသည်။
အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများပူပေါင်း မြေသိမ်းယူမှုများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာၤရီတိုင်းဒေသကြီး တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။