တိုင်းရင်းသားများ အားလုံးပါဝင်သည့် အမျိုးသား ညီလာခံတရပ်ကို ၂၀၁၄ ခုနှစ်တွင် ကျင်းပနိုင်ရန်အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့က ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
တိုင်းရင်းသား အားလုံးပါဝင်သည့် အမျိုးသား ညီလာခံ တရပ်ဖြစ်ပေါ်လာစေရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် တိုင်းရင်းသား လူမျိုးများ မဟာမိတ်မှ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် ရေးဆွဲကာ အမျိုးသား ညီလာခံတွင် တင်ပြဆွေးနွေး သွားရန်လည်း ရှိကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီ အခြေခံနဲ့ မကိုက်ညီဘူး။ ဒါကြောင့် ပြင်စရာတွေက များလို့ အသစ်ပဲ ရေးဆွဲမှာပါ။ ရေးဆွဲ ရင်တော့ ဒီမိုကရေစီ အင်အားစု ပါတီတွေ၊ အမျိုးသမီးအဖွဲ့တွေ၊ လူငယ်အဖွဲ့တွေ၊ ပညာရှင်တွေ ပါသင့်ပါထိုက် သူတွေ အားလုံး ပါဝင်ရေးဆွဲပြီး အမျိုးသား ညီလာခံ တရပ်မှာ တင်ပြဆွေးနွေးသွားမှာပါ” ဟု ဦးအေးသာအောင်က ပြောသည်။
အမျိုးသား ညီလာခံ တရပ် ဖြစ်လာရန်လည်း တိုင်းရင်းသား လူမျိုးများအားလုံး ပါဝင်သင့်ကြောင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးမျာ မဟာမိတ် အဖွဲ့ (UNA) မှလည်း ကိုင်ဆွဲထားသည့် မူများကို ကျန်တိုင်းရင်းသားများအား ရှင်းပြပြီး အဖွဲ့ဝင်သစ်များကို လက်ခံခဲ့ကြောင်း ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရန် အတွက် လွှတ်တော်အတွင်းထက် လွှတ်တော်ပြင်ပ ဖြစ်သည့် အမျိုးသား ညီလာခံတရပ် ဖြစ်လာစေရန် အလေးအနက် ထားကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ တိုင်းရင်းသားပါတီ အဖွဲ့တွေ အနေနဲ့ လည်း အမျိုးသား ညီလာခံတရပ် အမြန်ဖြစ်လာအောင် အကောင်အထည် ဖော် လုပ်ဆောင်နေသလို၊ ကျန် ပါတီများအနေနဲ့လည်း တဘက်တလမ်းက လုပ်ဆောင်နေကြပါတယ်။ အခုဆိုရင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကို တိုင်းရင်းသားတွေ ဝင်ရောက်လာတာတွေ ရှိတယ်” ဟု ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဧရာဝတီသို့ ပြောသည်။
UNA အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် နှစ်ဦးနှစ်ဘက် အကြားတွင် အပြန်အလှန် ယုံကြည်မှု တည်ဆောင်ခြင်း၊ ငြိမ်းချမ်းရေး သဘောတူညီချက်များ အပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိသော ငြိမ်းချမ်းရေး တည်ဆောင်မှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်ခြင်း စသည်ဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ တိုင်းပြည်အတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ခြင်း မှသည် ခိုင်မာသည့် အကျိုးရလဒ်များကို ရရှိနိုင်ရန် ရည်ရွယ်သည်ကို ၂၀၁၂ ခုနစ် အောက်တိုဘာ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျနော်တို့ UNA အနေနဲ့ကတော့ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်း လုပ်ဆောင်နေပါတယ်။ UNA အနေနဲ့ ပါတီဘယ်တော့မှ မထောင်ဘူး။ မဟာမိတ်အနေနဲ့ပဲ ရပ်တည်သွားမှာပါ” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဧရာဝတီသို့ ပြောသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီတခု ဖြစ်သည့် ကယန်းအမျိုးသား မဟာမိတ်အဖွဲ့ (KNP) သည်လည်း ယခုနှစ် သြဂုတ်လအတွင်း ညီညွတ်သော တိုင်းရင်းသာ လူမျိုးများ မဟာမိတ်အဖွဲ့ဝင် ဖြစ်ခဲ့ကြောင်း၊ လက်ရှိ မှတ်ပုံတင်ဆဲ ဖြစ်သည့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ကရက် သည်လည်း UNA အဖွဲ့ဝင်ဖြစ်လာမည် ဖြစ်ကြောင်း၊ UNA အဖွဲ့ဝင် ပါတီများမှာ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ မွန်ဒီမိုကရေစီ ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ပြီး ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသား လူမျိုးစုများ အရေးအတွက် စည်းလုံးညီညွတ်စွာ လက်တွဲ သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁ ရက်နေ့ အထိ ကျင်းပသည့် UNFC ညီလာခံ တွင်လည်း ဖက်ဒရယ်ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တခုကို လွှတ်တော်ပြင်ပရှိ အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ ပါဝင် ရေးဆွဲ သွားမည် ဖြစ်ကြောင်း၊ ထိုဥပဒေ၌ ဖက်ဒရယ်ကို အခြေခံသည့် တပ်မတော် ဖွဲ့စည်းရေးလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံတွင် ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ ပြည်တွင်းမှ တိုင်းရင်းသား ခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ တိုင်းရင်းသား အရေး တက်ကြွစွာ လှှုပ်ရှား ဆောင်ရွက်သူများနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) စသည့် အဖွဲ့အစည်း အသီးသီးမှ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
UNFC ကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ခု ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်