အီဂျစ်မှာ သွေးချောင်းစီးနေပြီ။ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ရဲ့ အဆို လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲတဲ့နေရာမှာ သမ္မတမော်စီကို ထောက်ခံ ဆန္ဒပြသူ နှှစ်ထောင်လောက် သေပြီလို့ ဆိုတယ်။ ဒီစာရေးနေချိန် နောက်ဆုံးဝင်တဲ့ ကမ္ဘာ့သတင်းတွေကတော့ သေဆုံးသူ ၄၂၀ ကျော်လာပြီလို့ ဆိုတယ်။ အခု နိုင်ငံအနှံ့ အရေးပေါ် အခြေအနေ၊ ညမထွက်ရ အမိန့်တွေကို ထုတ်ပြန်ထားရတယ်။
အီဂျစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အခုလောက် သွေးထွက်သံယို ဖြစ်သွားတဲ့ ကိစ္စမှာ နံပါတ်တစ် အပြစ်တင်ရမှာကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ သမ္မတကို ဖြုတ်ချခဲ့တဲ့ အီဂျစ်စစ်တပ်ပါပဲ။ ဒုတိယ အပြစ်တင်ရမှာကတော့ ဘာသာရေးကို နိုင်ငံရေးထဲကို ဆွဲသွင်းခဲ့တဲ့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ပါ။ တတိယ အပြစ်တင်ရမှာကတော့ အီဂျစ်မှာ အာဏာသိမ်းတာကို အာဏာသိမ်းတယ်လို့တောင် ရဲရဲ မခေါ်ဘဲ ကြားနေခဲ့တဲ့ အမေရိကန်နဲ့ ဒီမိုကရေစီ နိုင်ငံတွေပါ။ စစ်တပ်နဲ့ အစ္စလာမ္မစ် အုပ်စုတွေ အားပြိုင်တဲ့ပွဲမှာ စစ်တပ်ဘက်ကို မသိမသာ လိုက်ခဲ့တဲ့ ကိစ္စပါ။ အခုနောက်ဆုံး ခြေလွန်လက်လွန်တွေ ဖြစ်ကုန်မှပဲ ဝေဖန်လာကြတယ်။
တကယ်တော့ ဒီမိုကရေစီဆိုတာ the only game in town “မြို့ပြင် မထွက်တမ်း ကစားပွဲ”ပါ။ နိုင်ငံရေးအင်အားစုတစ်ခုက တောခိုပြီး သူပုန်ထတဲ့ အခြေအနေအထိ မရောက်အောင် နိုင်ငံရေးလမ်းကြောင်းတွေကို ဖွင့်ပေးထားရတာပါပဲ။ ဒီနေရာမှာ သေနတ်ကိုင်ထားတဲ့ စစ်တပ်ဟာ ဒီမိုကရေစီကစားပွဲကို ဖျက်စီးနိုင်တဲ့ အဓိက အန္တရာယ်ဖြစ်ပါတယ်။ စစ်တပ်က လက်နက်အားကိုးနဲ့ တိုင်းပြည် အာဏာကို အတင်းအကျပ် ယူထားရင် သို့မဟုတ် စစ်တပ်နဲ့ မဟာမိတ် လုပ်ထားတဲ့ နိုင်ငံရေး အုပ်စုက တရားမဝင်တဲ့ နည်းလမ်းနဲ့ အာဏာကို သိမ်းပိုက်တဲ့အခါ “မြို့ပြင် မထွက်တမ်း ကစားပွဲ” ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ပျက်ပါတယ်။
နိုင်ငံရေးထဲကို စစ်တပ်ဝင်တာနဲ့ ဒီမိုကရေစီ ကစားပွဲပျက်တဲ့ လောဂျစ်က (ယုတ္တိ) က ရိုးရိုးလေးပါပဲ။ ကမ္ဘာ့နိုင်ငံတွေရဲ့ သမိုင်းကို ကြည်ပါ။ စစ်တပ်နဲ့ နီးစပ်တဲ့ ပါတီတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ ဘယ်တော့မှ အနိုင်မရတတ်ပါဘူး။ နှိပ်ကွပ်တာကို ခံရတဲ့ ပါတီတွေကိုပဲ ပြည်သူတွေ မဲဆန္ဒရှင်တွေက စာနာတဲ့ သဘောရှိပါတယ်။ ရွေးကောက်ပွဲတွေမှာ မဲပေးလေ့ရှိပါတယ်။ ထိုင်း၊ တူရကီ၊ အီဂျစ် တို့မှာ ဒီသဘော တွေ့ရပါတယ်။ မြန်မာပြည်နိုင်ငံရေး သမိုင်းကို ကြည့်ရင်လည်း ဒီသဘောပါပဲ။ အဲဒီ အရှိတရားကို စစ်တပ်က လက်မခံတဲ့အခါ မတရားတဲ့နည်းတွေ၊ အင်အားသုံးတာတွေ ဖြစ်လာတယ်။ ဒီအခါမှာ ရွေးကောက်ပွဲ မကျင်းပတာ၊ ကျင်းပရင်လည်း လွတ်လပ်မျှတတဲ့ အခြေအနေမျိုးမဖြစ်အောင် မတရားတဲ့ ဥပဒေတွေ ပြဌာန်းတဲ့နည်း၊ အင်အားသုံး အကျပ်ကိုင်တဲ့နည်းလမ်းတွေကို အသုံးပြုပါတယ်။ ဒီအခါမှာ ဒီမိုကရေစီကစားပွဲ ပျက်ပါတယ်။
အဆိုးဆုံး အခြေအနေမှာ သည်းမခံနိုင်တော့တဲ့ နိုင်ငံရေး အင်အားစုက တောခိုတာဖြစ်ဖြစ်၊ နိုင်ငံခြား အကူအညီကို ယူတဲ့နည်းလမ်းဖြစ်ဖြစ် တရားနည်းလမ်းမကျတဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားလာနိုင်ပါတယ်။ မြန်မာပြည်မှာ ဒီအတိုင်းဖြစ်ခဲ့ပါတယ်၊ အခုလက်ရှိ အီဂျစ်နိုင်ငံ အခြေအနေက ဒီလမ်းကြောင်းကို ဦးတည်နေပါတယ်။ ဒီလို အန္တရာယ်ကြောင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ နိဒါန်းမှာ အခုလို အတိအလင်း ပြဌာန်းထားတာကို တွေ့နိုင်ပါတယ်။ …… it is essential, if man is not to be compelled to have recourse, as a last resort, to rebellion against tyranny and oppression, that human rights should be protected by the rule of law . …. ဖိနှိပ်အနိုင်ကျင့်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ သူပုန်ထတဲ့ အခြေအနေကို မရောက်အောင် တရားဥပဒေစိုးမိုးမှုနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးထားဖို့ မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
အီဂျစ်ကို ကြည့်ကြည်၊ မြန်မာပြည်ကို ကြည့်ကြည့်၊ ထိုင်းနိုင်ငံကို ကြည့်ကြည့် နိုင်ငံရေးထဲကို စစ်တပ်က ဝင်စွက်လာရင်၊ ဝင်စွက်ဖို့ ကြိုးစားရင်၊ စေတနာနဲ့ ဖြစ်ပါစေဦး အကျိုးထက် အဆိုးပဲ များတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့် စစ်တပ်ဆိုရင် ဘယ်စစ်တပ်ဖြစ်ဖြစ် နိုင်ငံရေးနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲလို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ စစ်တပ်ရဲ့ အဓိက တာဝန်ဟာ ပြည်ပရန်ကာကွယ်ဖို့ ဖြစ်ပါတယ်။ ပြည်တွင်းက တရားဥပဒေစိုးမိုးရေးတောင် တကယ်တမ်း ရဲတပ်ဖွဲ့နဲ့ပဲ အဓိက ဆိုင်ပါတယ်။
အီဂျစ်ကနေ ပေးတဲ့ နောက်ထပ် သင်ခန်းစာတရပ်ကတော့ ဘာသာရေးကို နိုင်ငံရေးထဲ ဆွဲသွင်းရင် ပြဿနာတွေ ပေါ်ပေါက်တယ်ဆိုတာပါပဲ။ လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်နေရေးအတွက် ဘာသာရေးက ဆောင်ရွက်စရာတွေ အမြောက်အမြား ရှိပါတယ်။ ဘာသာရေးကို နိုင်ငံရေးထဲကို ဆွဲသွင်းတာကြောင့် ပဋိပက္ခတွေ ကြီးထွားလာတာ သေချာသလောက်မို့ ဒါဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးဆိုတဲ့ ဘာသာရေးရဲ့ အခြေခံ တန်ဖိုးတွေကိုလည်း ဆန့်ကျင်ရာ ရောက်ပါတယ်။
နောက်ဆုံးတချက်ကတော့ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ရဲ့ ရပ်တည်ချက်ပါ၊ ဇူလိုင် ၃ ရက် အာဏာသိမ်းမှု မတိုင်ခင်ကတည်းက မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ ခေါင်းဆောင်တွေဟာ ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းကို စိတ်ဝင်စားမှု မပြဘဲ တဇွတ်ထိုး လမ်းကြောင်းကိုပဲ ရွေးချယ်ခဲ့တယ်။ အီဂျစ်နိုင်ငံကို နိုင်ငံရေး အယူအဆမျိုးစုံ၊ ဘာသာရေး ယုံကြည်မှု မျိုးစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ရှင်သန်တဲ့ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ဖို့အတွက် စိတ်ဝင်စားမှု မပြတာပါ။
အခု နောက်ဆုံး ထုတ်ပြန်ချက်အရ “အကြမ်းမဖက်နည်းလမ်း” သုံးပြီး အာဏာသိမ်းအစိုးရကို ဖြုတ်ချမယ်လို့ ဆိုပေမယ့် မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့မှာ လက်နက်ကိုင် တိုက်ခဲ့တဲ့ သမိုင်းကြောင်း ရှိပါတယ်။ အကယ်၍ စစ်တပ်က နှိပ်ကွပ်တာကို မခံနိုင်တဲ့အဆုံး လက်နက်ကိုင်လာရင် ဆီးရီးယား အခြေအနေမျိုးနဲ့ သွေးထွက်သံယိုတွေ ပိုဆိုးသွားနိုင်ပါတယ်။ စစ်တပ်က အာဏာကို ဆက်ကိုင်ထားဖို့ အကြောင်းပြချက် ဖြစ်သွားနိုင်ပါတယ်။
လောလောဆယ် အီဂျစ်နိုင်ငံရေး အကျပ်အတည်းမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းဖြုတ်ချခဲ့တာဖြစ်လို့ ထိုင်းနိုင်ငံမှာ ကြုံခဲ့ရတဲ့ အကျပ်အတည်းနဲ့ အတော်လေး ဆင်တူပါတယ်။ ထိုင်းနိုင်ငံရဲ့ ဖြေရှင်းနည်းကတော့ စစ်တပ်က နိုင်ငံရေးက မြန်မြန်ပြန်ထွက်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပဲတွေကို ကျင်းပ၊ အနိုင်ရတဲ့ ပါတီကို အာဏာအပ်၊ အာဏာရတဲ့ အုပ်စုဘက်ကလည်း သဘောထား ပျော့ပျောင်းကြောင်း ပြသတဲ့နည်းပါပဲ။ ဒီလိုနည်းနဲ့ ထိုင်းနိုင်ငံမှာ မစ္စတာ သက်ဆင်ရဲ့ နှမ ဖြစ်သူ ယင်းလပ် ရှင်နဝပ် ဝန်ကြီးချုပ်ဟာ ပြည်တွင်းစစ် ဖြစ်မယ့်ဘေးကနေ ရှောင်ရှားနိုင်ပြီး နိုင်ငံရေးတည်ငြိမ်မှု ပြန်ရအောင် လုပ်နိုင်ခဲ့ပါတယ်။
ဒီမိုကရေစီကို အုတ်မြစ်ချတယ်ဆိုတာ နိုင်ငံရေး အရ အရေးပါတဲ့ လူမှုအုပ်စုတွေရဲ့ လုပ်ပုံကိုင်ပုံ၊ စိတ်နေစိတ်ထား၊ စည်းမျဉ်းစည်းကမ်းတွေကို ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ အသားကျအောင် လုပ်တာပါပဲ။ ဒီမိုကရေစီဆိုတာ မတူညီမှုတွေကို တတ်နိုင်သမျှ ညီအောင် စုစည်းရတာမို့ ညှိနှိုင်းရတာ၊ စေ့စပ်ရတာ၊ အပေးအယူလုပ်ရမှာတွေ ရှိပါတယ်။ နိုင်ငံရေး ပြဿနာတွေကို ဒီမိုကရေစီ ဘောင်ထဲမှာ ညှိနှိုင်းစေ့စပ် အပေးအယူလုပ်ရတာက စစ်တပ်ဝင်လာတာထက်တော့ သာပါတယ်။ အရင်းအနှီးနည်းပါတယ်။ အီဂျစ်မှာ အခု ဖြစ်နေတာတွေကို ကြည့်ရင် မြန်မာပြည်အတွက် သင်ခန်းစာယူစရာတွေ ရှိကြောင်းပါ။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)