အာရပ်နွေဦး စတင်ချိန်မှစ၍ သွေးထွက်သံယို အများဆုံးသော အဖြစ်တခု ယမန်နေ့က အီဂျစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ဖြုတ်ချခံလိုက်ရသော အစ္စလာမ်ဝါဒီသမ္မတကို ထောက်ခံ ဆန္ဒပြသူများ၏ စခန်းနှစ်ခုကို အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် လူ ၄၀၀ ကျော် သေဆုံးခဲ့သည်။ ဒေါသတကြီး ဖြစ်နေသည့် လမ်းများပေါ်မှ အကြမ်းဖက်မှုများကြောင့် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသော ကြားဖြတ်အစိုးရ ခေါင်းဆောင်များက အရေးပေါ်အခြေအနေနှင့် ညမထွက်ရ အမိန့်ထုတ်ပြန် ကြေညာခဲ့ရသည်။
ထိုကဲ့သို့ တိုက်ခိုက်ဖြိုခွင်းခဲ့ခြင်းကို မွတ်စလင်ကမ္ဘာ၊ အနောက်နိုင်ငံများနှင့် အမေရိကန်တို့က ကန့်ကွက်အပြစ်တင်ခဲ့ကြသည်။ ကြားဖြတ်အစိုးရ၏ ဒုတိယသမ္မတ ဖြစ်သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်လ် ဘာရာဒီလည်း ယုံကြည် လက်ခံနိုင်သော ခေါင်းဆောင်မှုအသစ်အတွက် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို အားပေးသည့် အနေဖြင့် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ မွတ်ဆလင်ညီအကိုများ အဖွဲ့ ခေါင်းဆောင်များကမူ အစုအပြုံလိုက် သတ်ဖြတ်ခြင်းဟု သတ်မှတ်ခဲ့ကြသည်။
သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၇နာရီအချိန်တွင် အီဂျစ်လုံခြုံရေးတပ်ဖွဲ့များက မြို့တော် ကိုင်ရိုရှိ အကြီးဆုံး ထိုင်သပိတ်စခန်း နှစ်ခုကို ဖြိုခွဲခဲ့ကြသည်။ ကိုင်ရိုတက္ကသိုလ်အနီးမှ စခန်းကို အလျှင်အမြန်ချေမှုန်း နိုင်ခဲ့သော်လည်း Nasr City ခရိုင် ရှိ Rabaa al-Adawiya ဗလီတဝိုက်မှ စခန်းမှာ ပို၍ ကြီးမားသဖြင့် နေ့လည်ခင်းအထိ အချိန်ယူခဲ့ရသည်။ အထဲတွင် သမ္မတဟောင်း မော်စီကို ထောက်ခံသူ ထောင်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး အားအင်ကုန်ခမ်းနေသူများနှင့် ထိခိုက်ဒဏ်ရာရသူများ ပြည့်နှက်နေခဲ့သည်။
မတည်ငြိမ်မှုများက ကိုင်ရို၏ အခြားနေရာများနှင့် ဝေးလံသောဒေသများသို့ပါ ပျံ့နှံ့သွားကာ သမ္မတဟောင်းမော်စီ ကို ထောက်ခံသူများက လက်စားချေသည့် အနေဖြင့် ရဲစခန်းများ၊ အစိုးရ အဆောက်အဦးများ၊ ခရစ်ယာန်ဘုရားကျောင်းများ နှင့် ခရစ်ယာန်ဘာသာဝင်များ၏ ပိုင်ဆိုင်မှုများကိုပါ တိုက်ခိုက်ခဲ့ကြသည်။ မီးရထား ခရီးစဉ်များကိုလည်း တနိုင်ငံလုံးတွင် ဆိုင်းငံ့ထားလိုက်ရပြီး အဓိက လမ်းမကြီးများလည်း ပြတ်တောက်သွားရသည်။ ကိုင်ရိုစတော့အိတ်ချိန်းကိုလည်း အချိန်စော၍ ပိတ်လိုက်ရသည့်အတွက် အမေရိကန် ဒေါ်လာ ၄.၆ ဘီလီယံခန့် ဆုံးရှုံးခဲ့ရသည်ဟုလည်း သိရသည်။
ယခုအချိန်အထိ သေဆုံးသူအရေအတွက် ၄၀၀ ကျော်သွားပြီဖြစ်သည်။ ထိုထက်ပို၍ များပြားနိုင်သည့် အလားအလာများလည်း ရှိနေသည်။ မွတ်ဆလင်ညီအကိုများအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူအချို့က သေဆုံးသူ အရေအတွက် ၆၀၀ ခန့်ရှိသည်ဟု ဆိုကြသလို အီဂျစ်နိုင်ငံပြင်ပရှိ အစ္စလမ် ဘာသာ ရေး အင်တာနက် ဝက်ဆိုက်များကလည်း သေဆုံးသူ ၅၀၀၀ ရှိသည်ဟု စွပ်စွဲဖော်ပြခဲ့ကြသည်။ ပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့သည် လက်နက်များသုံးစွဲခြင်းကို ရှောင်ကျဉ်ခဲ့သည်ဟု ငြင်းဆိုသော်လည်း မျက်မြင်သက်များက နေရာ အနှံအပြားတွင် သေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရမှု အများစုမှာ သေနတ်ဒဏ်ရာကြောင့် ဖြစ်ကြောင်း ပြောကြသည်။ သမ္မတဟောင်းကို ထောက်ခံသူများက ကျောက်ခဲများနှင့် ပြန်လည်ပစ်ပေါက်ခြင်းဖြင့်သာ တုန့်ပြန်ခဲ့သည်ဟု ပြောသော်လည်း ယုံကြည်လောက်သော မျက်မြင်သက်သေများက ၎င်းတို့သည်လည်း သေနတ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့ကြပြီး အချို့က မောင်းပြန် သေနတ်များ ကိုင်စွဲထားကြသည်ဟု ဆိုသည်။
အီဂျစ်နိုင်ငံ၏ လက်ရှိခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဘဒူလ် ဖာတာ အယ်လ် စီစီ၏ နိုင်ငံရေးပါး မဝမှုနှင့် ယခုပြုလုပ်ခဲ့သည့် အကြမ်းဖက်နှိမ်နင်းမှုတို့ကြောင့် လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပြီး လူပေါင်းများစွာ သေကြေပျက်စီးရမည့် ပြည်တွင်းစစ်တခုဆီကို ဦးတည်သွားစေနိုင်ခြင်းက ဖိနှိပ်ကန့်သတ်မှုနှင့် အာဏာရှင် ခေတ်ကာလများကို အဆုံး သတ်နိုင် ခဲ့ပြီဟု မကြာသေးခင်အချိန်တွေအထိ ယုံကြည်နေခဲ့သော အီဂျစ်နိုင်ငံကို ခြိမ်းခြောက်လာသော ကြမ္မာဆိုးဖြစ်သည်။
ယမန်နေ့က စစ်တပ်နှင့် ရဲအဖွဲ့က ရဟတ်ယာဉ်များ၊ လက်ဖြောင့်သေနတ်သမားများ၊ မြေထိုးစက်များ နှင့် မျက်ရည်ယိုဗုံးများ အသုံးပြု၍ ကိုင်ရိုမြို့မှ သပိတ်စခန်းများကို ဖြိုခွဲခဲ့သည်မှာ ရွေးကောက်ခံသမ္မတကို စစ်တပ်က အာဏာသိမ်းကာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးအသစ် ၂၅ ဦးပါဝင်သည့် အသွင်ကူးပြောင်းရေး အစိုးရကို ဖွဲ့စည်းပြီး အရေးပေါ် အခြေအနေ ကြေညာထားမှုအောက်တွင် ဖြစ်သည်။
အသွင်ကူးပြောင်းရေး အစိုးရသည် စစ်အုပ်ချုပ်ရေးထက် အမြင်အရ အနည်းငယ်သာ သာခဲ့သည်။ စစ်တပ်ကို အားပေး ထောက်ခံခဲ့သော လစ်ဘရယ်များနှင့် အလယ်အလတ် လမ်းစဉ်သမားများသည်လည်း အဆိုပါလှည့်ဖျားမှုတွင် ကြံရာပါများဖြစ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ကျော်ကြားသော လစ်ဘရယ်ဒီမိုကရက်တဦး ဖြစ်သည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်လ် ဘာရာဒီ ကြားဖြတ်အစိုးရ၏ ဒုတိယသမ္မတရာထူးမှ ဗုဒ္ဓဟူးနေ့တွင် နှုတ်ထွက်သွားခဲ့သည်။
မွတ်ဆလင်ညီအကိုများ အဖွဲ့လည်း တစိတ်တပိုင်း တာဝန်ရှိသည်။ ဇူလိုင်လ ၃ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူပြီး ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် သမ္မတဟောင်းမော်စီက ပဋိပက္ခကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးဖို့ စိတ်ဝင်စားမှု အနည်းငယ်သာ ပြခဲ့သည်။ စစ်တပ် အာဏာသိမ်းမှု မဖြစ်ပေါ်ခင်ကတည်းက သမ္မတဟောင်းနှင့် မွတ်ဆလင်ညီအကိုများအဖွဲ့မှ ခေါင်းဆောင်များသည် နိုင်ငံရေး နှင့် ဘာသာရေး အယူဝါဒကို ခွဲခြားထားနိုင်သည့် အခြေအနေကိုသွားနိုင်ရန် စိတ်ဝင်စားမှု နည်းပါးခဲ့ကြသည်။
ဒီမိုကရေစီနည်းဖြင့် ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရထံမှ အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီး စီစီလည်း တာဝန်ရှိသည်။ သူက လုံခြုံရေးတပ်ဖွဲ့များကို ထိန်းချုပ်ပြီး နိုင်ငံရေးပြိုင်ဖက်များကို ပြင်းထန်စွာ နှိပ်ကွပ်ခဲ့သည်။ ထို့ပြင် အီဂျစ်နိုင်ငံ၏ ဒီမိုကရေစီနည်းဖြင့် ပထမဆုံးရွေးကောက်တင်မြှောက်ခဲ့သည့် သမ္မတကို ရာထူးမှ ဖယ်ရှားကာ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့်အတွက် နိုင်ငံရေးအရ တရားဝင် ဝေဖန်ကန့်ကွက်ခဲ့ကြသည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သေကြေပျက်စီးသည်အထိ အင်အားသုံးပြီးဖြိုခွင်းရန် အမိန့်များကိုလည်း သူက အတည်ပြုပေးခဲ့သည်။
အာရပ်ကမ္ဘာတွင် တော်လှန်ရေးများပေါ်ပေါက်ခဲ့သည်မှာ ၂ နှစ်ခွဲ ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မည်သည့်နိုင်ငံတခုတွင်မှ တည်ငြိမ်၍ ငြိမ်းချမ်းသော ဒီမိုကရေစီစနစ်တွင် ရောက်ရှိနေပြီဟု သတ်မှတ်၍ မရနိုင်သေးပါ။ တူနီးရှား၊ လစ်ဗျားနှင့် ယီမင် အစရှိသော နိုင်ငံများကို များစွာမျှော်လင့်၍ စောင့်ကြည့်ခဲ့ကြသော်လည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရဆဲပင်။ ၎င်းတို့ထဲမှ လူဦးရေ အများဆုံးဖြစ်သော အီဂျစ်နိုင်ငံတွင် ဒီမိုကရေစီနှင့် ပတ်သက်၍ ပရမ်းပတာဖြစ်ခဲ့ရသည်။ ဆီးရီးယား နိုင်ငံသည်လည်း ပြည်တွင်းစစ်ကြောင့် သွေးလွှမ်းနေရသည်။
စင်စစ်အားဖြင့် အာရပ်နွေဦးသည် နိုးထမှုတခုအဖြစ် အမြဲတမ်း သရုပ်ဖော်ခဲ့ကြသည်။ စစ်မှန်သော တော်လှန်ရေးကို လမ်းတွေပေါ်မှာထက် ရင်ထဲမှာပို၍ တွေ့နိုင်ပါသည်။ အင်တာနက်၊ လူမှုရေးမီဒီယာများ၊ ဂြိုလ်တုရုပ်မြင်သံကြား နှင့် တန်းတူရေးအတွက် အာရပ်အမျိုးသမီးများ၏ ပညာရေးငတ်မွတ်မှုတို့သည် အာဏာရှင် စနစ်ဟောင်းနှင့် အတူယှဉ်တွဲ၍ တည်ရှိနိုင်မည် မဟုတ်ပါ။ သို့သော် အီဂျစ်နိုင်ငံသားများက ဒီမိုကရေစီဆိုသည်မှာ ရွေးကောက်ပွဲများအတွက် မေးခွန်းတခု သက်သက်မဟုတ်ဘဲ သန်းနှင့် ချီသော ဆန္ဒပြသူများကို လမ်းပေါ်သို့ခေါ်ယူနိုင်စွမ်းဟု နားလည်ခဲ့ကြပုံပေါ်သည်။ ထိုနည်လမ်းက ရှုပ်ထွေးပွေလီခြင်း နှင့် သွေးထွက်သံယိုဖြစ်ခြင်းများကိုသာ အမြဲဖြစ်စေခဲ့သည်။ ယခုအတိုင်းဆိုလျှင် အာရပ်နွေဦး၏ ဒီမိုကရေစီ ခရီးက ဆယ်စုနှစ်များစွာ ကြာကောင်းကြာသွားနိုင်ပါတော့သည်။
ကိုးကား။ ။ The Economist, The New York Times