သြဂုတ်လအတွင်း ဆရာ မောင်ဝံသပြီးလျှင် ဒုတိယမြောက်အဖြစ် စာရေးဆရာ မင်းလူ ကွယ်လွန်သွားခြင်းသည် စာပေလောကအတွက် အစားထိုးမရသော ဆုံးရှုံးနစ်နာမှုဖြစ်ကြောင်း စာပေအသိုင်းအဝိုင်းက ပြောသည်။
စာရေးဆရာ မင်းလူသည် သြဂုတ်လ ၁၄ ရက်နေ့ည ၁၁ နာရီခွဲတွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ဝိတိုရိယ ဆေးရုံတွင် ကွယ်လွန်သွားခြင်းကြောင့် စာပေနယ်ပယ်တွင် လူနည်းပါးလာချိန်၌ ထပ်မံ ဆုံးရှုံးလိုက်ခြင်း ဖြစ်ကြောင်း စာရေးဆရာ ချစ်ဦးညိုက ဧရာဝတီသို့ ပြောသည်။
“ဟို စကားပုံထဲကလို ‘ရှင်နည်းရာ အဂ္ဂလူထွက်’ ဆိုသလို ဖြစ်နေပြီဗျာ။ လူမရှိတော့ပါဘူးဆိုမှပဲ ဆုံးပါးကုန်ကြတယ်ဆိုတော့ ဝမ်းနည်းကြေကွဲမှုတွေထက် နှမျောတယ်။ အများကြီး အလုပ်လုပ်နိုင်သေးတဲ့ အရွယ်တွေ၊ သူသာ နေကောင်းမယ်ဆိုရင်။ ကိုစိုးသိမ်း (မောင်ဝံသ) တောင် အသည်းအသန် ဖြစ်နေတဲ့ကြားထဲက ပြည်သူ့ခေတ်မှာ သူ ပါးစပ်နဲ့ ရေးနေသေးတာပဲ။ အားသွန်ခွန်စိုက် လုပ်ကြရမယ့် အချိန်မှာ ဒီနှစ်ယောက် တိမ်းပါးသွားတော့ အတော်ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ” ဟု ဆရာ ချစ်ဦးညိုက ဆိုသည်။
စာရေးဆရာ မင်းလူ ကွယ်လွန်သွားခြင်းသည် စာပေပညာရှင်တယောက် ကွယ်လွန်သွားသည်ထက် ပိုကြောင်း၊ မိမိ၏ အားထားရသော ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဘက်တယောက် ကွယ်လွန်သွားခြင်းမျိုး ဖြစ်ကြောင်း ပဲ့တင်သံဂျာနယ်မှ အယ်ဒီတာချုပ် မျိုးမြင့်ညိမ်းက ဧရာဝတီသို့ ပြောသည်။
မိမိ ယခု ထုတ်ဝေလျက်ရှိသော ပဲ့တင်သံဂျာနယ်တွင်လည်း ဆရာ မင်းလူ၏ အကြံဉာဏ်များ များစွာပါကြောင်း ၎င်းက ဆက်ပြောသည်။
“သူက အစားထိုးလို့မရတဲ့ အနုပညာသမားပါ။ သူက ၁၉၇၇ လောက်ထဲက စာပေလောကထဲ ရောက်တာ။ သူက ဘ၀ သရုပ်ဖော်မှုတွေ ရေးတာ။ ဒါပေမယ့် သူ့ရေးသားချက်တွေက ခေတ်ကို သရော်လိုက်တာ။ ဟာသ ဝတ္ထုရေးတာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
စာရေးဆရာ မင်းလူကို ၁၉၅၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓုနှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညိုတို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၄ ဦးထဲတွင် အငယ်ဆုံးဖြစ်ကြောင်း၊ ငယ်အမည်မှာ ဉာဏ်ပေါ် ဖြစ်ကြောင်း သိရသည်။
ဆရာ မင်းလူသည် ဒီမိုကရေစီတိုက်ပွဲ၊ ကျောင်းသား အရေးအခင်းများတွင် ပါဝင်ခဲ့သူဖြစ်ပြီး ထောင် ၂ ကြိမ် ကျခံခဲ့ရကြောင်း၊ ပထမ ထောင်ကျမှုသည် ၁၉၇၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဦးသန့်အရေးအခင်းတွင်ဖြစ်ပြီး ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရကြောင်း၊ ကျောင်းသားဖြစ်သည့်အတွက် ထောင်ထဲတွင် ၇ လဝန်းကျင်သာ နေခဲ့ရကြောင်း၊ ဒုတိယ ထောင်ကျမှုသည် ၁၉၉၀ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင် ၃ နှစ်နေခဲ့ရကြောင်း ဆရာ မင်းလူ၏ သမီးဖြစ်သူ မယုယက ပြောသည်။
စာရေးဆရာ သားကြီး မောင်ဇေယျက “ကျနော်နဲ့သူက ဦးသန့်အရေးအခင်းမှာ ပါခဲ့လို့ ထောင်ကျတော့မှ ထောင်ထဲမှာ စသိကြတာ။ ထောင်ထဲက ပြန်လွတ်လာကြတော့ ရန်ကုန်တက္ကသိုလ်မှာ ကန့်ကော်ရွာ ပန်းချီပြခန်းက နံရံကပ်စာစောင် လုပ်ကြတော့ သူ့ရဲ့ ‘ကမ္ဘာတုန်’ ဆိုတဲ့ ကလောင်နဲ့ရေးတဲ့ ‘ဆံပင်ရှည် ပြသနာ’ ဆိုတဲ့ aဆာင်းပါးကြောင်း အဲဒီ နံံရံကပ်စာစောင်က ပေါက်သွားတယ်။ တခြား တက္ကသိုလ်တွေကပါ အဲဒါကို လာကူးကြ၊ ဖြန့်ကြရတယ်” ဟု ပြောသည်။
ထိုဆောင်းပါးမှ စကားလုံးများကို မှိုင်းရာပြည့်ပွဲတွင် ကိုဝင်းမင်းထွေး၊ ကိုတင်အေးကြူတို့က စကားအဖြစ်ယူပြီး တက်ဟောသည့် အတွက် ပြခန်းတာဝန်ရှိသော မိမိနှင့် ဦးတင်မောင်ကြည်တို့ ထပ်မံ အဖမ်းခံလိုက်ရကြောင်း၊ မိမိက ထောင်ထဲ ဝင်ချိန်တွင် သူက အပြင်ဘက်သို့ ရောက်ရှိပြီး သူက ထောင်ထဲရောက်ချိန်တွင် မိမိက လွတ်သည့်အချိန်များ ဖြစ်ကြရကြောင်း ၎င်းက ဆိုသည်။
၁၉၈၉ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် နဝတ အစိုးရမှ အာဏာလွှဲပြောင်းပေးရန် ရွှေ့ဆိုင်းနေချိန်တွင် ကျောင်းသားများနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ကျွေးကြော်သံအဖြစ် ရောက်ရှိခဲ့သော ဆရာမင်းလူ၏ “ဘာတွေ ဖြစ်ကုန်ကြပြီလဲ” ဆိုသည့် ကဗျာကြောင့် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရပုံကို ဦးမျိုမြင့်ညိမ်းက အမှတ်တရ ပြန်ပြောပြသည်။
“နဝတက အာဏာ လွှဲမပေးဘူးဆိုရင် နိုင်ငံအပြင်ဘက်ထွက်ပြီး စင်ပြိုင်အစိုးရတခု ဖွဲ့ဖို့ကို အနိုင်ရထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပြင်ပထွက်သွားနိုင်အောင် ထောက်လှမ်းရေးတွေကို အာရုံလွှဲကြတယ်။ နိုင်ငံတွင်း မငြိမ်မသက် ဖြစ်အောင် ကျောင်းသားအများစု လုပ်မယ့် လှုံဆော်သံ၊ ကြွေးကြော်သံတွေအတွက် လုပ်တဲ့နေရာမှာ ကိုမင်းလူက သူ့သ ဘောဆန္ဒနဲ့သူ သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ “ဘာတွေဖြစ်ကုန်ကြပြီလဲ” ဆိုတဲ့ သရော်တဲ့ ကဗျာ ၁၊ ၂၊ ၃ ဆိုပြီး လာပေးတယ်။ အဲဒါကို ကျနော်တို့ ထုတ်တဲ့၊ ဝေတဲ့အထဲမှာ ပါခဲ့တယ်” ဟု ၎င်းက ပြောသည်။
၁၉၈၈ လူထုအရေးတော်ပုံတွင် လမ်းပေါ်ထွက် ဆန္ဒပြသည့်အထဲ မပါဝင်ခဲ့သော်လည်း နိုင်ငံရေးနှင့် အနုပညာသည် ခွဲခြား၍မရသည်ကို ဆရာ မင်းလူက သက်သေပြခဲ့ကြောင်း၊ ထိုကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံလိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြရကြောင်း၊ စစ်ကြောရေးတွင်လည်း မိမိတို့က သူမရေးကြောင်း ကာကွယ်ပေးမှုကို ကိုယ်လွတ်မရုန်းခဲ့ကြောင်း ဦးမျိုမြင့်ညိမ်းက ဆိုသည်။
ဆရာ မင်းလူသည် သရော်စာများ ရေးသားရာတွင် မိမိတို့ စာပေအသိုင်းအဝိုင်းမှ ခင်မင်ရသူများကိုပါ မချန်ဘဲ သူ့ဇာတ်ကောင်များအဖြစ် ရေးသားခဲ့ကြောင်း၊ ကိုရီးယားဇာတ်လမ်းတွဲဖြစ်သည့် ပေါင်ချိန်ဇာတ်ကား ခေတ်စားချိန်တွင် ဆရာ ဦးစိန်မျိုးမြင့်ကို ပေါင်ချိန်ဇာတ်ကောင် အဖြစ်လည်းကောင်း၊ မိမိကို ကျန်ကျောင်း ဇာတ်ကောင် အဖြစ်လည်းကောင်း၊ ဆရာ လယ်တွင်းသား စောချစ်ပါ မကျန် ဇာတ်ကောင်များအဖြစ် ဖန်တီးကာ ရေးသားခဲ့ကြောင်း စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က ဧရာဝတီသို့ အမှတ်တရ ပြောပြသည်။
“ဒေါ်သန်းမြင့်အောင်ဆိုရင် ကျနော်တို့အထဲမှာ အင်မတန် ရိုးတယ်။ သူက ဒေါ်သန်းမြင့်အောင် ရိုးပုံကို သူ့ဝတ္ထုမှာ ရေးပုံက ရုပ်ပြောင်ကာတွန်းပုံစံ ဒေါ်သန်းမြင့်အောင်ကို ဆွဲလိုက်တယ်။ ခေါင်းမှာ ဆံထိုးလေး ချထားပြီးတော့ အဲဒီဆံထိုးမှာ သိအောင် သန်းမြင့်အောင်ဆိုပြီး ရေးလိုက်တယ်။ အဲဒီအမျိုးသမီးက ဟစ်တလာ ခါးထောက်ပုံမျိုး ခါးထောက်ပြီးတော့ ရန်တွေ့သလို သူက စကားလုံးတွေနဲ့ ရေးတာ။ အဲဒီမှာ အမျိုးသမီးက `ငါ့များ၊ မအဘူး ထင်နေကြသလား´ လို့ ရေးလိုက်တယ်။ သူက အဲဒီလိုမျိုး ရေးတာ။ သူလုပ်တာတွေက အများကြီးပဲ။ လူစုံသွားတယ်” ဟု ၎င်းက အမှတ်တရ ပြောပြသည်။
ကျောင်းသားဘဝများတွင် ဆရာ မင်းလူ အပေါ် အမြင် မကြည်လင်ခဲ့သော်လည်း နောက်ပိုင်း အသက်အရွယ်နှင့် စာပေနယ်ပယ်တွင် ခင်မင်မှုကြောင့် ထိုသို့ ရင်းနှီးသူများကို ရေးသားခြင်းဟု နားလည်လာကြောင်း၊ ဆရာ မင်းလူသည် ကန့်ကော်ရွာ ပန်းချီပြခန်းကို သံယောဇဉ်ရှိကြောင်း စာရေးဆရာမ ဒေါ်ခင်မြဇင်က ဧရာဝတီသို့ သတိတရ ပြောပြသည်။
“ကျောင်းတုန်းက သူက ကဗျာတွေ တော်တယ်။ မော်ဒန်ဆန်တဲ့ ကဗျာတွေရေးတာ။ စကားလုံး အကြီးကြီးတွေ ထည့်သုံးတော့ နည်းနည်း အမြင်ကပ်မိတယ်။ သိပ်မတည့်ခဲ့ကြဘူး။ သူကလည်း ဆရာကြီးပုံစံမျိုးလို့ ကျမတို့ ထင်ခဲ့ကြတယ်။ ကျောင်းပြီးတဲ့ အခါကျတော့ သူက ကျမကို ဝတ္ထုထဲမှာ ဘဲဥကို ရွံ့သုတ်ထားတဲ့ ရုပ်မျိုးလို့ရေးတော့ တော်တော်ကို ဒေါသဖြစ်ခဲ့သေးရတယ်” ဟု ၎င်းက ပြောသည်။
ဆရာ ချစ်ဦးညိုက မိမိရေးသားခဲ့ပြီး ၃ ကြိမ်တိုင်တိုင် ပြန်လည် ထုတ်ဝေရသော “သမိုင်းမတွင်၊ သမိုင်းတွင်၊ သမိုင်းဝင်တဲ့ စကားများ” ဆိုသော စာအုပ်သည် ဆရာမင်းလူ၏ တိုက်တွန်းခဲ့မှုကြောင့် ရေးသားဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မကြာမီ ထုတ်ဝေတော့မည့် ဆရာ မင်းလူ အဖတ်ချင်ဆုံးဖြစ်သော မိမိရေးသည့် သမိုင်းနောက်ခံဝတ္ထု အသစ်ကို မဖတ်သွားနိုင်သည့် အတွက် အလွန်စိတ်မကောင်း ဖြစ်ရကြောင်း ပြောသည်။
“ဟိုတုန်းက စာပေဟောပြောပွဲတွေ အတူထွက်ခဲ့ကြတယ်။ အဲဒီမှာ အမှတ်ရတာက သူ့ခေါင်းစဉ်က ‘ကျနော်မပြောချင်ဘူး’ တဲ့။ အဲဒီခေတ်က နဝတ ခေတ်ပေါ့။ ကျနော်မပြောချင်ဘူး ဆိုပြီးတော့ အဲဒီအချိန် ပေါက်ကရတွေ ဖြစ်နေတာကို စောင်းပါးရိပ်ခြေ ဟာသနှောပြီး တခုပြောပြီးတိုင်း ‘ဒါ့ကြောင့် ပြောတာပေါ့။ ကျနော် မပြောချင်ဘူးလို့’ လုပ်ပြီး နောက်တခု ကမောက်ကမ ဖြစ်ရပ်တွေကို ပြောလိုက် ‘ကျနော်မပြောချင်ဘူး’ ပြောလိုက်နဲ့ အဲဒီလိုတွေ ဟောပြောခဲ့တာ” ဟု ဆရာ ချစ်ဦးညိုက ပြောပြသည်။
ဆရာ မင်းလူ ကွယ်လွန်ချိန်တွင် အသက် ၆၀ နှစ်ရှိပြီး ဆရာ၏ သင်္ဂြိုဟ်ဈာပနကို ရေဝေးသုဿန်တွင် သြဂုတ်လ ၁၈ ရက်နေ့၊ ညနေ ၄ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆရာ မင်းလူ၏ သမီးဖြစ်သူ မယုယက ပြောသည်။
ထို့အပြင် မိမိဖခင်၏ ဆန္ဒအရ ဈာပန အခမ်းအနားကို ကြီးကျယ်စွာ မပြုလုပ်ချင်ကြောင်း၊ ဈာပန အခမ်းအနားအတွက် သင်္ဃန်းကျွန်း၊ ဇဝနရပ်ကွက်၊ သီရိဇေယျာလမ်း နေအိမ်မှ ရေဝေးသုသာန်သို့ နေ့လည် ၂ နာရီတွင် ကားများ စတင်ထွက်ခွာမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
၁၉၇၇ ခုနှစ်တွင် မင်းလူ ကလောင်ဖြင့် ပထမဆုံး လုံးချင်းဝတ္ထု `ပန်းကျောင်း´ ထွက်ခဲ့ပြီး ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်များ၊ လုံးချင်းဝတ္ထုများ၊ ကဗျာများကို ရေးသားခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် တက္ကသိုလ် စာကြည့်တိုက်ဝန်ထမ်း ဒေါ်စန်းစန်းအောင် နှင့် လက်ထပ်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ်ညွှန်းများကို စတင်ရေးသားခဲ့ပြီး သူရေးသားခဲ့သော ဝတ္ထုအများအပြား ရုပ်ရှင် ရိုက်ကူးခြင်းခံရသည်။ အများစုကို သူကိုယ်တိုင် ဇာတ်ညွှန်းရေးသားခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့သည်။