စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် အဖွဲ့ခေါင်းဆောင် ဒေါ်နော်အုံးလှ ကို ပုဒ်မ ၂ ခု တပ်ပြီး တရားစွဲ လိုက်တယ်လို့ သိရပါတယ်။
ဒေါ်နော်အုံးလှက ဒီလ ၁၃ ရက်နေ့က မုံရွာ မြို့ပေါ်မှာ ၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းရေး၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး၊ လုပ်ငန်း ဖော်ဆောင်ရေး ဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို နှိပ်စက်ညှဉ်းပန်းသော ရဲ များကို အရေးယူပေးရေး စတာတွေကို တောင်းဆို ဆန္ဒပြမှုတွေ လုပ်ခဲ့တယ်လို့ ရဲ တပ်ဖွဲ့နဲ့ မျက်မြင်တွေက ပြောပါတယ်။
ဆန္ဒဖော်ထုတ်နေစဉ်မှာပဲ ရဲတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်ပြီး မုံရွာ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြူအင်း က တရားလိုအဖြစ် ပြုလုပ် ပြီး တော့ အေးချမ်းတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် သွေးထိုး လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ သက်ဆိုင်ရာ က ခွင့်ပြုချက် မရရှိဘဲ ဆန္ဒဖော်ထုတ်မှု ပုဒ်မ ၁၈ စတာတွေနဲ့ မုံရွာ ခရိုင် တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်တယ် လို့ သိရပါတယ်။
မုံရွာ အမှတ် (၁) ရဲစခန်း ရဲအရာရှိ တဦးက “ကျနော်တို့ အသေးစိတ်တော့ ပြောခွင့်မရှိပါဘူး၊ ဒေါ်နော်အုံးလှကို တရားစွဲထားတာ က ခရိုင် တရားရုံးမှာပါ၊ လောလောဆယ်တော့ အချုပ်ထဲမှာပဲ”လို့ ဧရာဝတီကို ပြောပါတယ်။ ဒီလ ၂၇ ရက်နေ့မှာ ရုံးချိန်း ဖြစ် တယ် လို့လည်း ဆိုပါတယ်။
ဒေါ်နော်အုံးလှကို ရဲတွေက ဖမ်းဆီးတဲ့အချိန်မှာ မဖမ်းဖို့ တားဆီး ကန့်ကွက်ခဲ့တဲ့ ဒေသခံ အမျိုးသမီးတွေထဲက ၉ ဦးကိုလည်း တချိန် တည်းမှာပဲ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို အဲဒီ ညနေပိုင်းမှာပဲ ဝန်ခံလက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ ပေမယ့် ဒေါ်နော် အုံးလှကိုတော့ ဆက်ပြီး ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
လွတ်မြောက်လာတဲ့ အမျိုးသမီး ၉ ဦးဟာ ဆည်တဲရွာက ၇ ဦး၊ တုံအလယ်ရွာက ၁ ဦးနဲ့ မိုးကြိုးပြင်အလယ်ရွာက ၁ ဦးတို့ ဖြစ်ပြီး သူတို့ ၉ ဦးကိုလည်း ခွင့်ပြုချက်မရရှိဘဲ ဆန္ဒဖော်ထုတ်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲထားတယ်လို့ လွတ်မြောက်လာသူ တုံအလယ် ရွာသူ မယဉ်နွဲ့ က ပြောပါတယ်။
“အန်တီနော်အုံးလှကို ကားပေါ်ကနေ မတရားစွဲချပြီးတော့ ထောင်ထဲကိုပို့တယ်၊ ကျမတို့ ၉ ယောက်ကို အမှတ် (၁) ရဲစခန်းကို ပြန်ပြီးတော့ ပို့တယ်၊ စခန်းမှူး ဦးကျော်ကျော်မြင့်ရဲ့ ရုံးခန်းထဲမှာ ဝန်ခံလက်မှတ် ထိုးခိုင်းတယ်၊ ကျမတို့ကို ပုဒ်မ ၁၈ နဲ့တရားစွဲ တာလို့ သူတို့က ပြောတယ်၊ ဒီလက်မှတ်ကိုမထိုးရင် ဘာဖြစ်မှာလဲလို့မေးတော့ ထောင်ထဲပို့မှာလို့ ပြောတယ်၊ ကျမတို့လည်း ကြောက်တာ နဲ့ လက်မှတ်ထိုးခဲ့တယ်၊ ရုံးချိန်းရက်ကိုတော့ စာဆင့်ခေါ်မယ်ပြောတယ်”လို့ မယဉ်နွဲ့ က ဧရာဝတီကို ပြောပါတယ်။
ဆန္ဒထုတ်ဖော်သူတွေဘက်က တောင်းဆိုချက်တွေကို တရားဝင်ပြုလုပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို အကြိမ်ကြိမ် တရားဝင် စာတင် တောင်းဆိုခဲ့ကြပေမယ့် ခွင့်ပြုချက်ချမပေးတဲ့အတွက် အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလ ၁၃ ရက်နေ့က ဆန္ဒပြနေသူတွေကို ရာနဲ့ချီတဲ့ လုံခြုံရေးအင်အားတွေနဲ့ အတူ မြို့နယ် ရဲမှူး ဦးကြူအင်း၊ အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုး တို့က တားမြစ်ခဲ့ပေမယ့် ဆန္ဒပြသူတွေက လက်မခံခဲ့ဘဲ ဒေါ်နော်အုံးလှကို မဖမ်းဆီးနိုင်ရန် ဒေသခံတွေက ကာကွယ် ပေးခဲ့ကြ တဲ့ အတွက် စစ်ကိုင်းတိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင် ရောက်ရှိလာပြီး ကာကွယ်ပေးနေသူတွေကိုပါ ဖမ်းမိန့် ပေးခဲ့ တယ် လို့ ဆိုပါတယ်။
ဒီလို ဖမ်းဆီးတဲ့ အခါမှာလည်း အမျိုးသမီးတွေကို လုံခြုံရေး ရဲ နဲ့ ရဲမေတွေက အကြမ်းဖက် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
“ရဲတွေက ဒေါ်နော်အုံးလှကို အတင်းဝိုင်းဆွဲနေတာ မကြည့်ရက်လို့ ကျမတို့က ဝင်ဆွဲတယ်၊ ဒေါ်နော်အုံးလှကို ကူဆွဲတဲ့ကျမတို့ အဖွဲ့တွေကို ဖမ်းပြီးတော့ ကားပေါ်ကို ခွေးတွေ၊ ဝက်တွေ တင်သလို တင်တယ်၊ အဲဒီအချိန် ကျမတောင်မှ ဖိနပ်တဖက်လည်း ကျွတ်တယ်၊ ထဘီတွေလည်း လန်တယ်”လို့ မယဉ်နွဲ့ ကပြောပါတယ်။
အစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ ကာလ၊ အပြောင်းအလဲ တွေ လုပ်ဆောင်နေတဲ့ ကာလမှာ ဖမ်းဆီးတာတွေ၊ အကြမ်းဖက်မှုတွေကို လျှော့ချဖို့လိုအပ်ကြောင်း တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် စုစည်းထားသော အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ(WLB) ကလည်း ယနေ့ပြောဆိုလိုက်ပါတယ်။
WLB ရဲ့ ထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က “ဆန္ဒပြခွင့် ခွင့်ပြုချက်တောင်းပြီးတော့မှ မပေးလို့ရှိရင် သူတို့က ဆက်လုပ် မှာပဲ၊ ခွင့်ပြုချက်တောင်းတယ် ဆိုတာကလည်းပဲ လုပ်နည်းလုပ်ဟန်အတိုင်း လုပ်တာဖြစ်တယ်၊ သူတို့ဆန္ဒပြတယ်ဆိုတာ ကလည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာဖြစ်တယ်၊ အဲဒါကို အကြမ်းဖက်နှိမ်နင်းတာဟာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုသွားနေတဲ့ အနေ အထား မှာ မြန်မာပြည်သူတွေ အတွက်ရော၊ နိုင်ငံတကာ အတွက်ရော သံသယတွေ ဝင်လာမယ့် အနေအထားတွေရှိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ဒီလ ၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာထဲမှာပါတဲ့ ဇီးတောရွာက စမ်းမြဝတီ ဘုန်းကြီးကျောင်းကို လုံခြုံရေးရဲတွေက ဝင်ရောက်စီးနင်းခဲ့သလို ဧပြီလပိုင်းကလည်း ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာတွေက ယာခင်း တွေကို ဝင်ရောက်ထွန်ယက်တဲ့ ကာယကံရှင် လယ်သမားတွေကို ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် အယောက် ၂၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် ၃ နာရီခန့်ကလည်း လယ်ယာမြေတွေပြန်လည်ရရှိရေး တောင်းဆိုနေတဲ့ ဒေသခံ တောင်သူ လယ်သမားတွေနဲ့ ရဟန်းသံဃာတွေကို လုံထိန်းရဲတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် ရဟန်းသံဃာများ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ကျော် ရှိခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့ တပ်မတော်ပိုင် မြန်မာ ဦးပိုင် လီမိတက်နဲ့ တရုတ်နိုင်ငံ က ဝမ်ပါင် ကုမ္ပဏီတို့က ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။