တက္ကစီများသို့ ရောင်းချပေးနေသည့် CNG ဓာတ်ငွေ့ ဈေးနှုန်းကို ပြောင်းလဲနိုင်ရန် နည်းပညာ စိစစ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
CNGသုံး တက္ကစီများအတွက် CNG ဈေးနှုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ထက် သက်သာသော ဈေးနှုန်းဖြင့် ကာလရှည် ရောင်းချပေးနေခဲ့ပြီး လက်ရှိတွင် ဈေးနှုန်း အပြောင်းအလဲ လုပ်နိုင်ရန် လွှတ်တော်တွင်လည်း တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။
“ဈေးနှုန်း ပြောင်းဖြစ်ရင်တော့ ကြိုပြောမယ်။ အခုတော့ နည်းပညာ စိစစ်နေတယ်။ နောက်ဆက်တွဲ ဖြစ်နိုင်မယ့် အကျိူးဆက်တွေ အတွက်ကိုလည်း စဉ်းစားနေတယ်” ဟု ဒု ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
စက်သုံးဆီဈေးနှုန်းများ တဂါလန်လျှင် ၁၅၀၀ ကျပ်မှ လက်ရှိ ၃၈၀၀ ကျပ်အထိ တိုးမြင့်လာသည့်တိုင် စက်သုံးဆီ တဂါလန်ဈေးနှင့် ညီမျှသော CNG ၁၆၅ ကုဗပေလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့်သာ လက်ရှိအချိန်အထိ ဖြန့်ဖြူးလျက်ရှိသော်လည်း သင့်တင့်မျှတသော ဈေးနှုန်းသို့ တိုးမြှင့်ရန် နည်းပညာဆိုင်ရာ စိစစ်နေကြောင်း၊ ဈေးနှုန်းမြှင့်တင် လိုက်ပါက ပြည်သူများသို့ ကြိုတင် အသိပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။
CNG ဓာတ်ငွေ့ကို အရှုံးခံ ဖြန့်ဖြူးပေးနေခြင်း ဖြစ်ကြောင်း၊ စက်သုံးဆီများထက် ဈေးနှုန်း လျှော့ချ ရောင်းပေးနေသော်လည်း CNG တက္ကစီများသည် ခရီးသည်များအပေါ် ဈေးလျှော့ပေးခြင်း မရှိဘဲ တခြား တက္ကစီများနည်းတူ ဈေးတောင်းလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အကျိုးခံစားခွင့် မရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ဆိုသည်။
CNG တက္ကစီ အငှားယာဉ်မောင်း တဦးဖြစ် ဦးကျော်အောင်ကမူ “CNGကား အငှားယူမောင်းတာ၊ စပေါ်က တင်ရသေးတယ်။ တရက်ကို ၁၅၀၀၀ ကျပ် အုံနာအပ်ရတယ်။ CNG ဈေးသာ တက်မယ်ဆိုရင် ကျနော်တို့ စားဝတ်နေရေးက ပြဿနာ ရှိလာမှာပေါ့။ စက်သုံးဆီကားတွေထက် သက်သာပေမယ့် ကျနော်တို့မှာက အုံနာကြေး ၅၀၀၀ ကျပ်လောက် ပိုပေးရတာလေ။ ဒါကိုတော့ သူတို့မသိကြဘူး။ ကျနော်တို့ လမ်းပေါ်ထွက် ဆိုင်းဘုတ်ကိုင် ဆန္ဒပြချင်တယ် ဆိုတာထက် အစိုးရဘက်က ပြည်သူတွေဖြစ်နေတဲ့ အခက်အခဲကို ကြည့်ပေးစေချင်တာ” ဟု ပြောသည်။
ထို့အပြင် မြို့တွင်း လမ်းပိတ်ခြင်း၊ ကားကြပ်ခြင်း၊ တက္ကစီပြေးဆွဲမှု များပြားလာခြင်း၊ ခရီးသည်အများစုမှာ အထူးယာဉ်များကိုသာ အားပြုစီးနင်းလာခြင်းများကြောင့် အုံနာအပ်ရန်ငွေနှင့် မိသားစု အသုံးစရိတ် လောက်ငအောင် လမ်းကြိုလမ်းကြားမကျန် ပတ်မောင်းနေရသည်ဟုလည်း သူက ဆိုသည်။
တခြား CNG ယာဉ်မောင်း တဦးဖြစ်သူ ဦးဘမောင်ကလည်း “CNG ဈေး တက်လာမယ်ဆိုရင်တော့ ကျနော်တို့ ကားမောင်းတာ ဘာအမြတ်ကျန်တော့မလဲ။ ဆီကား မောင်းတာ ကိုယ့်အတွက် မကျန်လို့ဆိုပြီး CNGကား မောင်းတယ်၊ ဒါက ဈေးထပ်တက်မယ်ဆိုတော့ ကျနော်တို့က အုံနာကိုလုပ်ကျွေး၊ ဆီဆိုင်ကိုလုပ်ကျွေး၊ ကျနော်တို့ရဲ့ စားဝတ်နေရေးကတော့ ဖြစ်သလိုပေါ့ဗျာ။ ဈေးတက်လို့ဆိုပြီး ကားမမောင်းလို့ကလည်း မရပြန်ဘူး၊ ကိုယ်တတ်ကျွမ်းတာက ဒီအလုပ်ဆိုတော့ စားဝတ်နေရေး ဖြေရှင်းဖို့ပဲ ပိုပြီး ရုန်းကန်ရတော့မှာပေါ့” ဟု ပြောသည်။
CNG အငှားယာဉ်တစီးလျှင် စပေါ်ငွေ ၃ သိန်းနှင့် တနေ့လျှင် အုံနာကြေး ၁၅၀၀၀ ကျပ်ခန့် ပေးရကြောင်း၊ မြို့တွင်း ပြေးဆဲွဲရန် ပျှမ်းမျှ တနေ့လျှင် ဓာတ်ငွေ့ ၃၀၀၀ ကျပ်ဖိုးခန့် ဖြည့်ရသည့်အတွက် အရင်းစိုက်ရသည်က ၂၀၀၀၀ ကျပ် နီးပါးရှိနေကြောင်း၊ ခရီးသည် ရှာနိုင်မှသာ စရိတ်ကိုက်ပြီး ဂိတ်ထိုးထားမည်ဆိုပါက အိတ်စိုက်ရမည့် အခြေအနေများ ဖြစ်နေကြောင်း ဦးဘမောင်က ဆိုသည်။
CNG ဈေးနှုန်းများ မြင့်တက်သွားမည်ဆိုလျှင် ခရီးသွားများ၊ ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များ အားလုံးအတွက် အဆင်မပြေမှုများ ကြုံတွေ့လာမည် ဖြစ်သည့်အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ကြရန်အထိ စဉ်းစားထားကြကြောင်း ပြီးခဲ့သည့် ဇွန်လအစောပိုင်းတွင် CNG ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းတချို့က ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
ရန်ကုန်မြို့တွင်းရှိ CNG အရောင်းဆိုင်များ၌ ဓာတ်ငွေ့ရောင်းချရာတွင် သတ်မှတ်ချက်များ မရှိသော်လည်း ကားသေးများအတွက် တနေ့ ပျှမ်းမျှ ၅ ကြိမ်နှင့် ကားကြီးများအတွက် ၂ ကြိမ် ပုံမှန် ရောင်းချပေးလျက်ရှိသည်။