ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးနေအိမ်မှ ကာလပေါက်ဈေး ကျပ် ၁၂၄ သိန်း တန်ဖိုးရှိ လက်ဝတ်ရတနာ ပစ္စည်းများ ပျောက်ဆုံးမှု တရားခံ ပေါ်ပေါက်ရေးအတွက် ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းက အပူတပြင်း စုံစမ်းနေကြောင်း သတင်းရရှိသည်။
တိုင်းလွှတ်တော်ဥက္ကဋ္ဌ၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိလေးက ၎င်း၏ လက်ဝတ်ရတနာ ပစ္စည်းများအား သြဂုတ်လ ၁၁ ရက်နေ့က ပြန်လည် စစ်ဆေးကြည့်ရာ မရှိတော့ဘဲ ပျောက်ဆုံးနေကြောင်း၊ အမှတ် (၂) ရဲစခန်းတွင် သြဂုတ်လ ၁၂ ရက်နေ့က အမှုဖွင့်ခဲ့ပြီး ပစ္စည်းပျောက်မှုနှင့် ပတ်သက်၍ အိမ်အကူအဖြစ် လုပ်ကိုင်နေသူအား ရဲက သံသယ တရားခံအဖြစ် စခန်းတွင် ချုပ်နှောင် စစ်ဆေးနေကြောင်း သိရသည်။
“အမှုနဲ့ပတ်သက်လို့ အမြန်ဆုံး ပေါ်ပေါက်ဖို့အတွက် အမှုစစ်အဖွဲ့တွေ၊ အထူးအဖွဲ့တွေနဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။ အမှုစစ် အထူးအဖွဲ့ပေါ့နော်။ အမှုကိုတော့ လောလောဆယ် စစ်ဆေးဆဲပါပဲ။ သူ့ကိုလည်း သံသယ တရားခံအဖြစ်ပဲ ထားရှိတာပါ။ တိတိကျကျ သတ်မှတ်ထားတာ မဟုတ်ပါဘူး။ သက်သေခံပစ္စည်းတွေ ဖမ်းမိနိုင်ရေးအတွက် ပုသိမ်အပြင်၊ ရန်ကုန်၊ မန္တလေးက တပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက် လှုပ်ရှားနေပါတယ်” ဟု အမှတ် – ၂ ရဲစခန်းမှ စခန်းမှူး ရဲအုပ် စိန်လင်းက ဧရာဝတီသို့ ပြောသည်။
တိုင်းလွှတ်တော်ဥက္ကဋ္ဌ နေအိမ်သည် ပုသိမ်မြို့ပြင်တွင် တည်ဆောက်ထားသည့် ဝန်ကြီးများ အိမ်ရာဝင်းအတွင်း တည်ရှိပြီး ၂၄ နာရီ လုံခြုံရေး အစောင့်အရှောက် ထားရှိသည့်နေရာဖြစ်ကြောင်း သိရသည်။
နေအိမ်အတွင်း ဝင်ထွက်သွားလာ နေထိုင်သူများမှာလည်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ ဇနီးဖြစ်သူ ဒေါ်ခင်မိမိလေး၊ လွှတ်တော်ဥက္ကဋ္ဌ၏ သမီးနှင့် အိမ်အကူတို့ ၄ ဦးသာ ဖြစ်သည်ဟု ရဲက ဆိုသည်။
“အိမ်ရဲ့ လုံခြုံရေး အတိုင်းအတာတွေအရ တင်းတင်းကြပ်ကြပ် ဆောင်ရွက်တယ်။ အပြင်လူ ဝင်ဖို့ခက်တဲ့ အခြေအနေမှာ ဖောက်ထွင်းခံထားရခြင်းလည်း မရှိဘူး။ ဆိုလိုတာက ပစ္စည်းပျောက်မှုသာ ဖြစ်တယ်။ ဖောက်ထွင်းမှု မဟုတ်ဘူး” ဟု အမှတ် (၂) စခန်းမှူး ရဲအုပ် စိန်လင်းက ပြောသည်။
အိမ်အကူ အမျိုးသမီးသည် သြဂုတ်လ ၁၁ ရက် နံနက် ၅ နာရီခန့်က လွှတ်တော်ဥက္ကဋ္ဌ နေအိမ်ခြံဝင်းအတွင်းမှ အိမ်အပြင်ဘက်သို့ အထုပ်တထုပ် လွှင့်ပစ်ခဲ့ရာ အိမ်၏ စိုက်ပျိုးရေးဝန်ထမ်းက တွေ့ရှိပြီး ဒေါ်ခင်မိမိလေးထံ အကြောင်းကြားခဲ့ကြောင်း၊ လုံခြုံရေးဝန်ထမ်းများဖြင့် ၎င်းအထုပ်အား စစ်ဆေးကြည့်ရာ ဒေါ်ခင်မိမိလေး၏ ပါတိတ်ဝမ်းဆက်တစုံ ဖြစ်ကြောင်း သိရှိရသည်။
ဒေါ်ခင်မိမိလေးမှ မသင်္ကာသဖြင့် နေအိမ်အခန်းအတွင်းမှ လက်ဝတ်ရတနာများကို စစ်ဆေးကြည့်ရာ ပစ္စည်းများအားလုံး ပျောက်ဆုံးနေပြီး ပျောက်ဆုံးသည့် ရတနာပစ္စည်း စုစုပေါင်း ၁၇ မျိုးဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းပျောက်ဆုံးမှုအား အမှတ် (၂) စခန်းတွင် ပြစ်မှုနံပါတ် (၁၂၇/၂၀၁၃) ပုဒ်မ ၁၈၁ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း ရဲစခန်းထံမှ သိရသည်။
သံသယရှိသူ အမျိုးသမီးမှာ လွှတ်တော် ဥက္ကဋ္ဌအိမ်တွင် အိမ်အကူအဖြစ် ဟင်္သာတမြို့မှ လာရောက် အလုပ်လုပ်နေသူ ဖြစ်ပြီး အလုပ်ဝင်သည်မှာ ၂ လခန့်သာ ရှိသေးကြောင်း၊ မိတ်ဆွေ အဆက်အသွယ် များမှတဆင့် ချိတ်ဆက်၍ အိမ်အကူ ခန့်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အိမ်အကူအား ၁၂ ရက်နေ့မှ စတင်ကာ အမှတ် (၂) ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့တွင် ပုသိမ်ခရိုင်ရဲမှူးနှင့် မြို့နယ်မှူးတို့ကလည်း စစ်ချက်များ ရယူနေကြောင်း သိရသည်။
“ကောင်မလေးကို အချုပ်ထဲ စထည့်တုန်းက ၂ ရက်လောက် ညလုံးပေါက် မနားတမ်း စစ်ခဲ့တာရှိတယ်။ သူကတော့ လုံး၀ မဝန်ခံဘူး” ဟု အမှတ် (၂) ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။
ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသူ သီရိပျံချီဘွဲ့ရ ဦးတင်စိုးမှာ ဗိုလ်ချုပ်ဟောင်း တဦးဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ မဖြစ်မီ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။