ယခင် စစ်အစိုးရ လက်ထက်က လယ်ယာမြေသိမ်း ကိစ္စများကို လွှတ်တော်တွင် တပ်သိမ်းမြေ ကိစ္စအဖြစ် အကြိမ်ကြိမ် ဆွေးနွေးမှုမှာ တပ်မတော်နှင့် ပြည်သူအကြား သွေးခွဲသည့်သဘော ဖြစ်နေသောကြောင့် ကန့်ကွက်သည်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တဦး၏ ပြောကြားချက်ကို လယ်ယာမြေအရေး လှုပ်ရှားသူများက ဝေဖန်လိုက်ကြသည်။
သြဂုတ် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) ကို ဆွေးနွေးစဉ် အရပ်သား လွှတ်တော်ကိုယ်စားလှယ်များက တပ်သိမ်းမြေကိစ္စများ အကြိမ်ကြိမ် ထည့်သွင်းဆွေးနွေးခြင်းကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်လွင်ဦးက ကန့်ကွက် ဆွေးနွေးခဲ့သည်။
စစ်တပ်အနေဖြင့် လယ်မြေသိမ်းကိစ္စတွင် ဝေဖန်ခံရခြင်းမှာ စစ်တပ်ကိုယ်တိုင် လယ်သိမ်းခဲ့သောကြောင့် ဖြစ်ကြောင်း၊ လယ်မြေပြန်ပေးမည်ဟု ကတိပြုသော်လည်း လယ်သမားများ လယ်မြေ ပြန်မရသေးသည့်အပြင် စစ်တပ်အနေဖြင့် လယ်မြေပြန်ပေးရန် ရှင်းလင်းတိကျသော မူဝါဒမျိုး မထုတ်ပြန်သေးကြောင်းနှင့် စစ်တပ်သိမ်းလယ်များကို မှတ်ပုံတင်ခွင့် မရသေးကြောင်း လယ်ယာမြေအရေး လှုပ်ရှားသူများက ဧရာဝတီသို့ ပြောသည်။
နိုင်ငံတဝန်းတွင် စစ်တပ်က သိမ်းထားသော လယ်မြေများ ပြန်ပေးရန် ရှင်းလင်းတိကျသော မူဝါဒ မရှိသေးဘဲ ယခင် သီးစားချထားသော မြေများကို သီးစာခ မယူသော်လည်း ယင်းမြေများကို လယ်မြေပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ရာတွင် လယ်သမားများအနေဖြင့် မှတ်ပုံတင်ခွင့် မရရှိသေးကြောင်း လယ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဦးဟန်ရှင်ဝင်းက ဧရာဝတီသို့ ပြောသည်။
“ပြန်ပေးမယ်လို့ ပြောတာပဲ ရှိတယ်။ လယ်သမားတွေ လက်ထဲကို လက်တွေ့ မရောက်ပါဘူး။ မှတ်ပုံတင်လို့ မရတာရှိတယ်။ ဘာမှ ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာမျိုးမှ မရှိတာ” ဟု သူကဆိုသည်။
မြေယာဖွံ့ဖြိုးရေး ပညာရှင် ဦးဝင်းမျိုးသူကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်း မရှိစေရဟု ပြဌာန်းထားသော်လည်း ယခင်အစိုးရ၏ လယ်မြေသိမ်း ကိစ္စရပ်များကို ယခုအစိုးရက ဖြေရှင်းပေးရန် လိုအပ်ပြီး မြေယာပဋိပက္ခကို ဖြေရှင်းနိုင်မှသာလျှင် တိုင်းပြည်စီးပွားရေး တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊
တောင်အာဖရိကနိုင်ငံတွင် ကျင့်သုံးသကဲ့သို့ အမှန်တရားနှင့် အမျိုးသား ရင်ကြားစေ့ရေး ပုံစံမျိုး မြန်မာနိုင်ငံတွင်လည်း လုပ်ဆောင်သင့်ကြောင်း အကြံပြု ပြောဆိုသည်။
“စစ်တပ်ကို ဒီအချိန်မှာ ဝေဖန်ဖို့က မလွယ်ဘူး။ သူ့ကိုပြောမနေဘဲနဲ့ အစိုးရအနေနဲ့ လုပ်သင့်တာက လယ်မြေသိမ်းခံ ထားရသူတွေကို ပြန်ပေးဖို့ တိကျတဲ့မူဝါဒတွေနဲ့ ဘယ်လို ပြန်ပေးမလဲ ဆိုတာမျိုးတွေ လုပ်သင့်နေပြီ။ အခုစစ်တပ်က သိမ်းတယ်ဆိုတဲ့ မြေတွေက အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ လက်ထဲရောက်နေတယ် ဆိုတာမျိုးတွေက ကြားသိနေရတယ်။ အဲဒါတွေကို အစိုးရက ဘယ်လိုလုပ်မှာလဲ” ဟု ပြောသည်။
သံတွဲမြို့နယ် ဆီးဖြူကုန်းရွာအနီးတွင် လယ်ဧကတချို့ကို စစ်တပ်က လျော်ကြေးအနည်းငယ်ပေး သိမ်းယူပြီး တဧကလျှင် ကျပ်သိန်း ၆၀ မှ ၇၀ ရယူကာ ပြန်ငှားစားနေသောကြောင့် မူလပိုင်ရှင်များ နစ်နာနေရကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဆွေးနွေးနေစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်လွင်ဦးက ယင်းကဲ့သို့ တပ်မတော်အပေါ် အကြိမ်ကြိမ် ပြောဆိုနေခြင်းသည် တပ်မတော်နှင့် ပြည်သူအကြား သွေးခွဲသည့် သဘောမျိုး သက်ရောက်သည့်အတွက် ကန့်ကွက်ကြောင်းနှင့် ယင်းဆွေးနွေးမှုများအပေါ် လွှတ်တော်နာယကကြီးက တားမြစ်ပေးပါရန် ပြောဆိုခဲ့သည်။
“စစ်တပ်က ပြည်သူတွေကို နစ်နာအောင်လုပ်လို့ ပြောတာပေါ့။ သူတို့မလုပ်ဘူး ဆိုရင် ဘာပြောစရာရှိလဲ။ သူတို့က ကြောက်ပြီးတော့ ပြောတာပါ။ လွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်ထဲလာပြီး စစ်တပ်ကို ကန့်ကွက်တယ်လို့ ထင်ရင်မှားမှာပေါ့” ဟု လွှတ်တော် မြေယာကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သူ ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်လွင်ဦးက တပ်မြေသိမ်းကိစ္စသည် ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၁) တွင် ဆွေးနွေးပြီး ဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း ပြည်သူများနစ်နာမှု မရှိစေရန် ဖြေရှင်းဆောင်ရွက် ပေးနေကြောင်း၊ သို့သော် လွှတ်တော် ကိုယ်စားလှယ်များသည် မြေသိမ်းကိစ္စ ဆွေးနွေးသည့် အခါတိုင်းတွင် တပ်မတော်အပေါ် အကြိမ်ကြိမ် ပြောဆိုမှုများ ရှိလာသောကြောင့် စစ်တပ်ကို ပြည်သူလူထုအနေဖြင့် အထင်အမြင်လွဲနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း လယ်မြေသိမ်း ကိစ္စရပ်များတွင် တပ်မတော်နှင့် ဆိုင်သည့်အပိုင်းကို ဆက်လက် ဆွေးနွေးခြင်း မပြုတော့ဘဲ အခြားကျန်ရှိသော အပိုင်းများကိုသာ ဆက်လက်ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။ လွှတ်တော်နာယကကြီး၏ တပ်လယ်သိမ်းကိစ္စ ဆက်မနွေးရန် ညွှန်ကြားချက်ကို နားလည်ကြောင်း၊ အခြား အဖွဲ့အစည်းတခုက မပြောစေချင်သော အကြောင်းအရာကို ဆက်လက် ဆွေးနွေးစေပါက နာယကကြီးအနေဖြင့် လူကြီးပီသတော့မည် မဟုတ်ကြောင်း လွှတ်တော်တွင် စစ်တပ်ကို ဝေဖန်ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု လွှတ်တော် နည်းဥပဒေများတွင် အဆိုနှင့် မသက်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးခွင့် ပြုမထားကြောင်း၊ တပ်မတော် အနေဖြင့်လည်း ရယူထားသည့် မြေများကို စည်းကမ်းသတ်မှတ်ချက် နည်းဥပဒေများနှင့် အညီ ပြန်ပေးရန် မူဝါဒများ ရှိပြီးဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဌေးနိုင်က ဧရာဝတီသို့ ပြောသည်။
တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော တပ်သိမ်းမြေ ဧကပေါင်း ၃ သိန်းခန့် ရှိသော်လည်း သိမ်းယူထားသော မြေများအနက်မှ ၁၆ ပုံတပုံဖြစ်သည့် ဧက ၁ သောင်း ၈ ထောင်ကျော်ကိုသာ ပြန်ပေးနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က ကော်မရှင်အစီရင်ခံစာ အပိုင်း (၁) တင်သွင်းစဉ်က လွှတ်တော်တွင်
ဖြေကြားခဲ့သည်။
လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များအရ စစ်တပ်မြေ သိမ်းမှုများတွင် အမိန့်ညွှန်ကြားချက်နှင့် မညီသော ကိစ္စရပ်များ ပါဝင်နေခြင်း၊ လိုအပ်သည်ထက်ပို၍ သိမ်းဆည်းထားခြင်း၊ ပိုမို သိမ်းဆည်းထားသော စိုက်ပျိုးမြေပေါ်တွင် မူလလယ်လုပ်ပိုင်ခွင့်ရ တောင်သူကို သီးစားခရယူ အငှားချထားပြီး တပ်ရင်းတပ်ဖွဲ့မှ ကိုယ်တိုင်စိုက်ပျိုးမှု မရှိခြင်း၊ မြေယာလျော်ကြေး သီးနှံလျော်ကြေးများကို သိမ်းဆည်းစဉ်က ကာလတန်ဖိုး ပေါက်ဈေးနှင့် ညီညွတ်မျှတစွာ ပေးလျော်မှုမရှိခြင်း တို့ ပါဝင်သည်။
ထို့အပြင် ကြက်ဆူပင် စိုက်ပျိုးရေးကို အကြောင်းပြု၍ မြေယာများ သိမ်းဆည်းထားပြီး စီမံကိန်းပျက်ပြယ် သွားသော်လည်း မြေများကို စွန့်လွှတ်ခြင်းမပြုဘဲ သီးစားချထားခြင်း၊ မြေနုကျွန်းများကို စိုက်ပျိုးခွင့်လျှောက်၍ တောင်သူများကို သီးစားချခြင်း၊ လယ်ယာမြေလျော်ကြေး၊ အိမ်ပြောင်းရွှေ့စရိတ်နှင့် သီးနှံလျော်ကြေးများ ပေးရာတွင် တပ်ရင်းတပ်ဖွဲ့ တခုနှင့်တခု မတူညီဘဲ နှုန်းထားအမျိုးမျိုး ဖြစ်နေခြင်း၊ စည်းကမ်း သတ်မှတ်ချက်နှင့်အညီ သိမ်းဆည်းခဲ့သော်လည်း အချိန်ကာလ သတ်မှတ်ချက်နှင့်အညီ လုပ်ငန်းများ ပြီးစီးစေရန် ဆောင်ရွက်မှု မရှိခြင်းနှင့် မြေသိမ်း အမှုတွဲများရှိ မြေသိမ်းခံ ပြည်သူများ၏ ထိုးမြဲလက်မှတ် တချို့သည် အစစ်အမှန် မဟုတ်ကြောင်း တွေ့ရှိရခြင်းတို့ ပါဝင်ကြောင်း သိရသည်။