ယနေ့ နံနက် ၉ နာရီခန့်က ဆားလင်းကြီးမြို့နယ် စံပယ်တောင်နှင့် ကြေးစင်တောင် ဒေသခံများက လက်ပံတောင်းတောင် အစီရင်ခံစာ ဖော်ဆောင်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးမှုများကြောင့် ဆန္ဒ ထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
“ဟိုးအရင် စံပယ်တောင်နဲ့ ကြေးစင်တောင်တို့မှာ စီမံကိန်း လာလုပ်ကတည်းက စွန့်ပစ်ထားတဲ့ မြေစာတွေကို ကျနော်တို့ လယ်ယာလုပ်ငန်း ပြန်လုပ်ကိုင်လို့ရအောင် ရှင်းလင်းပေးစေချင်တယ်။ မြေယာလျော်ကြေးတွေ ပေးမယ်ဆိုတာလည်း အခုချိန်အထိ မရသေးဘူး။ ကျနော်တို့ ဒေသခံတွေက အရင်ကတည်းက တောင်းဆိုထားတဲ့ အချက် ၈ ချက်ကို အခုချိန်အထိ ဘာမှ လုပ်မပေးသေးဘူး။ အဲဒါတွေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးစေချင်တယ်” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် ဒုံးတောကျေးရွာ ဒေသခံ ကိုမိုးမင်းဦးက ဧရာဝတီသို့ ပြောသည်။
ဒေသခံများသည် လယ်ယာမြေများအတွင်း ယခင် စီမံကိန်းကာလက စွန့်ပစ်ထားသော မြေစာများကို ဖယ်ရှားပေးရန်၊ သိမ်းဆည်းထားသော မြေယာများအတွက် လျော်ကြေးငွေ ပေးရန်၊ လူနေအိမ်များနှင့် အလွန်နီးကပ်စွာ ရှိနေသော အက်စစ် စက်ရုံကို ရွှေ့ပြောင်းပေးရန် စသည်တို့ကို အဓိက တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြမှုတွင် အများဆုံး ပါဝင်ခဲ့သည့် ကံကုန်းရွာမှ တောင်းဆိုထားသော အချက် ၈ ချက်မှာ အစီရင်ခံစာတွင် ပါခဲ့သော စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကာလတွင် သိမ်းယူထားသည့် မြေယာများအတွက် လျော်ကြေးငွေကို ကာလ တန်ဖိုးအတိုင်း အမြန်ဆုံး ပေးအပ်ပေးရန်၊ စီမံကိန်းကြောင့် ပျက်စီးခဲ့သော မြေအောက်ရေများသည် နိုင်ငံတကာစံနှုန်းထက် များစွာ နိမ့်ကျခဲ့သည့်အတွက် သောက်သုံးရေကို လုံလောက်စွာ ဖြန့်ဝေပေးရန်၊ စွန့်ပစ်ထားခဲ့သည့် မြေများ ဖုံးလွှမ်းနေမှုကို အစီရင်ခံစာတွင် ပါဝင်ခဲ့သည့်အတိုင်း စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ပေးရန်တို့ ဖြစ်ကြောင်း ကံကုန်းရွာသား ကိုတင့်အောင်စိုးက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ဒေသခံများ နေထိုင်ရာနေရာနှင့် အက်ဆစ်စက်ရုံကို ဝေးကွာသော နေရာသို့ ရွှေ့ပြောင်းပေရန်၊ ဒေသခံများ၏ လူမှုဘ၀ စစ်တမ်းကောက်ယူရာတွင် စေလွှတ်လိုက်သော ပညာရှင်များ သက်သက်သာ မဟုတ်ဘဲ ဒေသခံများပါ ပူးပေါင်း ပါဝင်ခွင့်ပေးရန်၊ အက်ဆစ်ဓာတ်များကြောင့် လေထုညစ်ညမ်း နေမှုကို သက်သာစေရန်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ
ရေးအတွက် သစ်ပင်များကို အမြန်ဆုံး ပြန်လည်စိုက်ပျိုးပေးရန်တို့ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ ဒီဒေသတဝိုက်မှာ နေထိုင်ကြတဲ့ လူဦးရေက ၈ ထောင်နီးပါးရှိတယ်။ အဲဒါကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် တိုက်နယ်ဆေးရုံလို တခုရှိဖို့ လိုအပ်ပါတယ်။ နောက်ပြီး စီမံကိန်းတွေကြောင့် ဒေသခံတွေရဲ့ ဘ၀ ရပ်တည်ရေး အခွင့်အလမ်း ဆုံးရှုံးမှုတွေကိုလည်း ပြန်ရအောင် အကောင်အထည် ဖော်ပေးစေချင်တယ်။ ဒါက အစီရင်ခံစာမှာ ပါတဲ့အတိုင်း ဒေသခံတွေ အတွက် ပြုလုပ်ပေးရမယ့် အချက်တွေပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် ဥပဒေကြောင်းအရ ယခုလအတွင်း ၂ ကြိမ်တိုင်တိုင် လျှောက်ထားပြီမှ ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်ကြောင်း၊ သို့အတွက် ဆားလင်းကြီးဒေသခံ ရဲတပ်ဖွဲ့မှ လုံခြုံရေးအရ လိုက်ပါ ဆောင်ရွက်ပေးခဲ့သော်လည်း ဆန္ဒပြသူများအပေါ် မည်သို့မျှ တုံ့ပြန်ခြင်း မပြုလုပ်ကြောင်း ကိုမိုးမင်းဦးက ဆိုသည်။
“ရဲတွေက ကျနော်တို့ ဆန္ဒပြတာမှာ ဘာမှ ပြုလုပ်တာမျိုး၊ ဖမ်းဆီးတာမျိုး မရှိပါဘူး။ ကျနော်တို့ကလည်း တရားဝင်ဖြစ်အောင် သူတို့ ခွင့်ပြုပေးထားတဲ့ အချိန်အတွင်း တက်နိုင်သမျှ လုပ်သွားတယ်။ ဒီနေ့မနက် ၉ နာရီကတည်းကနေ ဟောပြောခဲ့ပြီး ၁၀ နာရီ ကျော်တော့ လမ်းလျှောက်သွားကြတယ်။ ၁၂ နာရီ ထိုးကာနီးတော့ လူစုခွဲလိုက်ကြတယ်” ဟု ကိုတင့်အောင်စိုးက ပြောသည်။
ယနေ့ ဆန္ဒထုတ်ဖော်ပွဲကို စံပယ်တောင်၊ ကြေးစင်တောင် ဝန်းကျင်ရှိ ကံကုန်း၊ ကုန်းတော၊ ဒုံးတော၊ ရွာသာ စသော ရွာ ၄ ရွာမှ ဒေသခံအင်အား ၅၀၀ ခန့် စုပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။