ထိုင်းနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး(လဝက)ဆိုင်ရာ မူဝါဒအရ ဗီဇာ သက်တမ်း ၄ နှစ်ပြည့်ပြီးသော ရွှေ့ပြောင်းမြန်မာ အလုပ် သမားများ အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေကြောင်း ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက် (MWRN) က အရေးပေါ်ကြေညာချက် တစောင် ယနေ့ ထုတ်ပြန်လိုက်သည်။
“ထိုင်းနိုင်ငံ တနိုင်ငံလုံးမှာ ရှိတဲ့ ရွှေ့ပြောင်း လုပ်သားတွေအတွက် တအား စိုးရိမ်ရလို့ ကျနော်တို့ ဒီသတင်းကို ထုတ်ပြန်ခြင်းဖြစ် ပါတယ်”ဟု MWRN ဥက္ကဋ္ဌ ဦးအောင်ကျော် က ဧရာဝတီ ကိုပြောသည်။
လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်၊ ၂၀၀၃ ခုနှစ် ကတည်းက ထိုင်းနိုင်ငံတွင်းရှိ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံ တို့မှ တရားမဝင် ရောက် ရှိလာသော အလုပ်သမားများအား တရားဝင်ဖြစ်စေရေး အတွက် သက်ဆိုင်ရာ အစိုးရများနှင့် ထိုင်းအစိုးရတို့ ၂ နိုင်ငံ နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြကြောင်း MWRN ကြေညာချက်၌ ပါရှိသည်။
အဆိုပါ နားလည်မှု စာချွန်လွှာအရ ထိုင်းနိုင်ငံက ဥပဒေ ပြဋ္ဌာန်း၍ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ခွင့် ဗီဇာ သက်တမ်း စုစုပေါင်း ၄ နှစ် အထိ သတ်မှတ်ပြီး သက်တမ်း ၄ နှစ်ပြည့်ပါက မူရင်းနိုင်ငံသို့ ပြန်သွားရမည်ဖြစ်ကြောင်း၊ မူရင်းနိုင်ငံတွင် ၃ နှစ် နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံသို့ ပြန်လည် လာရောက် အလုပ်လုပ်ခွင့် ရှိကြောင်း သိရ သည်။
“ထိုင်းလုပ်ငန်းရှင်တွေက သူတို့ရဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာ ဖြစ်လာနိုင်တာကြောင့် အဲဒီ ဥပဒေကို သဘော မကျခဲ့ဘူး။ ဒါနဲ့ ၄ နှစ်ပြည့်လည်း ပြန်မလွှတ်တော့ဘူး ဆိုပြီး ဒီအတိုင်း လုပ်လာခဲ့တာ။ ဗီဇာ သက်တမ်း ၄ နှစ် ကျော်တဲ့ လူတွေ များလာနေပြီ။ အဲဒီဥပဒေ ပြဋ္ဌာန်းချက်က အခုထိ ရှင်းရှင်းလင်းလင်း ပြင်ဆင်တာ မလုပ်သေးဘူး”ဟု ဦးအောင်ကျော်က ဆိုသည်။
ထိုင်း-မြန်မာ၂ နိုင်ငံ သဘောတူညီမှုဖြင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာ အလုပ်သမားများကို နယ်စပ် ဒေသတလျှောက် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးများ ဖွင့်လှစ်၍ နိုင်ငံသား စိစစ်ခြင်းများ လုပ်ဆောင်ပြီး ဗီဇာသက်တမ်း ၂ နှစ်ရှိ ယာယီ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးသည်။ နောက်ထပ် ဗီဇာသက်တမ်း ၂ နှစ် ထပ်မံ တိုးခွင့် ရှိသည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သည် ထိုင်းဥပဒေပါ ဗီဇာသက်တမ်း ၄ နှစ်သာရှိပြီး ၄ နှစ်ပြည့်ပါက နေရပ်ပြရမည် ဆိုသည် ကို အများစုက မသိရှိကြကြောင်း၊ ယာယီနိုင်ငံကူး လက်မှတ် လုပ်ဆောင်ရာတွင် သတ်မှတ်ကုန်ကျငွေ ထိုင်း ဘတ် ၅၅၀ သာ ကုန်ကျမည်ဖြစ်သော်လည်း ပွဲစားများဖြင့် လုပ်ဆောင်ရသည့်အတွက် ဘတ် ၁ သောင်း ခွဲ (ကျပ် ၅ သိန်းခန့်) ပေးနေကြ ရကြောင်း မြန်မာ အလုပ်သမားများ က ဧရာဝတီကို ပြောသည်။
“တချို့ ပတ်စ်ပို့ ရမယ်ဆိုပြီး လိမ်သွားတာတွေလည်း ရှိတယ်”ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ လာရောက် အလုပ်လုပ်ကိုင်နေသည့် ကိုအောင်နေလင်း က ပြောပြသည်။
ထိုင်းနိုင်ငံ၏ ဗီဇာသက်တမ်း ၄ နှစ်အထိသာ ခွင့်ပြုထားသည့် ဥပဒေ ယခုအထိ ရှိနေသေးခြင်းသည် အားနည်းချက် အဖြစ် အခွင့်ကောင်းယူကာ မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ် နည်းမျိုးစုံ ခေါင်းပုံဖြတ်ခြင်းများ ပိုမိုလုပ်ဆောင်နေကြ သောကြောင့် မြန်မာ အလုပ်သမားများ၏ ဘဝနေထိုင် ရပ်တည်ရေးသည် ပိုမိုခက်ခဲလာနေကြောင်း ဦးအောင်ကျော်က ရှင်းပြ သည်။
ထိုအခြေအနေများကြောင့် ဗီဇာ ၄ နှစ်သက်တမ်း ကျော်လွန်နေပြီဖြစ်သော မြန်မာရွှေ့ပြောင်း အလုပ်မားများ၏ အနာဂတ် မသေချာတော့သည့် အတွက် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့က အမြန်ဆုံး ရှင်းလင်းသည့်အခြေအနေတရပ်ကို ဖန်တီးနိုင် ရေး တိုက်တွန်း ခြင်းဖြစ်သည်ဟုလည်း သူက ဆက်ပြောသည်။
MWRN ၏ ထုတ်ပြန်ချက်တွင်လည်း ဗီဇာ သက်တမ်း ၄ နှစ် ပြည့်ပြီးသော ရွှေ့ပြောင်း အလုပ်သမားများအတွက် တိကျသော မူဝါဒ နှင့် ရှေ့လုပ်ငန်းစဉ်များကို အမြန်ဆုံး ထုတ်ပြန် ကြေညာပေးရန်၊ ထိုထုတ်ပြန်ချက်များကို သက်ဆိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလုပ်ရှင်နှင့် အလုပ်သမားများ နားလည် သိရှိနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဖြန့်ဝေပေးရန် တို့ကို တောင်း ဆို ထားသည်။
နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံးရေး ဝန်ကြီးဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူ တဦးက ထိုင်း အစိုးရနှင့် မြန်မာ အစိုးရတို့ကြား အဆိုပါ ကိစ္စ ဆွေးနွေးနေဆဲဖြစ်ကြောင်း ပြန်လည် ဖြေကြား သည်။
“အခု ဒီကိစ္စကို ထိုင်းနိုင်ငံ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာသံအမတ်ကြီးရယ်၊ အလုပ်သမား သံအရာရှိ ဦးနိုင်ထွန်း၊ ဦးကျော်ကျော်လွင် တို့က ဆွေးနွေးနေဆဲပဲ ရှိပါသေးတယ်”ဟု ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ပြောဆိုကြောင်း သူက ဆို သည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး လှုပ်ရှားနေသူများက ခန့်မှန်းထားပြီး တရားဝင် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ပမာဏမှာ ၁၇ သိန်းခန့်သာ ထုတ်ပေးထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အစိုးရ၏ ခွင့်ပြုချက်ဖြင့် အလုပ်သမား ရှာဖွေပို့ဆောင်ပေးသည့် ပုဂ္ဂလိက ဝန်ဆောင်မှုလုပ်ငန်များလည်း ရှိပြီး ယင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၆၅ ခုခန့်ရှိသည်။
MWRN ၏ ထုတ်ပြန်ချက်တွင် လက်ရှိ ထိုင်း လဝက မူဝါဒ အရ တရားဝင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် တရားမဝင် အလုပ်သမားများအဖြစ် သို့ ကျရောက်တော့မည့် အခြေအနေ ဖြစ်နေ၍ စိုးရိမ်ကြောင်း ဖော်ပြ ထားသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ အလုပ်သမားများသည် ထိုင်းလုပ်ငန်းရှင် တချို့၏ မတရား ခေါင်းပုံဖြတ် အနိုင်ကျင့် မှုများ၊ အလုပ်သမား အခွင့်ရေး ချိုးဖောက်နေမှုများကို ခံခဲ့ကြရပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အစိုးရ တာဝန်ရှိသူများ ၏ ပူးပေါင်းဆောင်ရွက်မှု တချို့ ရှိလာသည့်အတွက် တိုးတက်မှု ရှိလာသည်ဟု ဦးအောင်ကျော်က ပြောဆို သည်။