ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ) ခေါင်းဆောင်တွေဟာ အဂတိ လိုက်စားမှုတွေ ရှိနေသလို အာဏာအလွဲသုံးစားလုပ်ပြီး နီးစပ်သူတွေကို နေရာပေးတယ်လို့ ပါတီရဲ့ ရပ်/ကျေး စည်းရုံးရေးမှူး ဟောင်းတွေက အချင်းချင်း ပြန်ပြီးဖော်ထုတ် စွပ်စွဲမှုတွေ ရှိနေပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသာထွန်းအေး နဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့ဟာ မြို့နယ်ကော်မတီဝင် ဖြစ်လိုတဲ့ ရပ်/ကျေး စည်းရုံးရေးမှူးတွေဆီက ကျပ်ငွေ ၃ သိန်းမှ ၇ သိန်းထိ ကောက်ယူမှုတွေ ရှိခဲ့သလို ပိုက်ဆံ ပိုပေးတဲ့လူနဲ့ နီးစပ်သူတွေကို နေရာပေးမှုတွေရှိတယ်လို့ ရပ်/ကျေး စည်းရုံးရေးမှူးဟောင်းတွေက စွပ်စွဲပြောဆိုကြတာပါ။
“ပါတီမှာက မြို့နယ် ကော်မတီဝင်ဖြစ်တာနဲ့ ထောက်ပံ့ကြေးက ၁ သိန်းရမယ်၊ ကော်မတီဝင်ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး ကျနော်တို့ ရပ်/ကျေးတွေဆီကနေပိုက်ဆံကောက်တယ်၊ နာမည် ကျလာတော့၊ ပိုက်ဆံများများပေးတဲ့ လူတွေ ပါလာတယ်၊ ကျနော်ဆို ၃ သိန်းပေးရတယ်၊ ပါမလာဘူး၊ ဒါနဲ့ပတ်သက်ပြီး အဘ ဦးေဋ္ဌးဦးနဲ့ အဘ ဦးလှမောင်တင် တို့ကိုလည်း တိုင်ထား တယ်၊ ဘာမှမထူးဘူး”လို့ ပုဏ္ဏားကျွန်းမြို့ စံပြ ရပ်ကွက် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးဟောင်း ဦးကျော်သိန်း က ဧရာဝတီကို ပြောပါတယ်။
ပိုက်ဆံတွေပေးထားပြီး ရွေးချယ်မခံခဲ့ရတဲ့ ဦးကျော်သိန်း အပါအဝင် ရပ်/ကျေးစည်းရုံးရေးမှူး ၆ ဦးဖြစ်ကြောင်း သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလမှာ ပုဏ္ဏားကျွန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ အောင်နိုင်ရေးအတွက် ပါတီတာဝန်များကို အထူးကြိုးပမ်း လုပ်ဆောင် ခဲ့သူတွေဖြစ်ကြောင်း ရွေးကောက်ပွဲအပြီးကာလမှာ နေရာမရတဲ့ အပြင် စည်းရုံးရေးမှူး တာဝန်တွေ ကပါ ဖယ်ရှားခံခဲ့ရတယ်လို့ ဦးကျော်သိန်း ကပြောပါတယ်။
လာဘ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှန်ကန်မှု မရှိကြောင်း ဦးကျော်သိန်း နဲ့ အဖွဲ့တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ ပါတီတွင်း လျှို့ဝှက်အစည်းအဝေး အချက်အလက် တွေကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ထံ ပေါက်ကြား စေသူတွေဆိုပြီး ရွေးကောက်ပွဲအပြီးမှာ ထုတ်ပယ်လိုက်တာ လို့ ပုဏ္ဏားကျွန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသာထွန်းအေး က ဧရာဝတီကို ပြောပါတယ်။
“ဦးကျော်သိန်းတို့ အဖွဲ့ကို ၂၀၁၀ မှာ ကျနော်တို့ ရှုံးသွားတာနဲ့ ပါတီသန့်ရှင်းရေးဆိုပြီး ဓာတ်ပုံနဲ့ အထောက်အထားနဲ့လုပ်ပြီး လူကြီး တွေနဲ့ တိုင်ပင်ပြီး အကုန် ထုတ်ပြစ်လိုက်တာ၊ အဲဒါကို သူတို့က မကျေနပ်လို့ ဟိုသွားတိုင်၊ ဒီသွားတိုင်နဲ့ ပြည်နယ်ကရော၊ ဌာနချုပ် ကရော အကုန်လုံး စိစစ်ပြီးပါပြီး အဲဒီကိစ္စတွေကို”လို့ ဦးသာထွန်းအေး က ဧရာဝတီကို ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီမှာတော့ မြို့နယ်ကော်မတီအဖွဲ့ဝင် တဦးကို ခရီးစရိတ်အဖြစ် ကျပ်တစ်သိန်းမှ အထက် ထောက်ပံ့ ပေးပြီး ရပ်/ကျေး စည်းရုံးရေးမှူးတွေကိုတော့ တစ်ဦးကို ကျပ် ၅ သောင်း ထောက်ပံ့ပေးပြီး ဥက္ကဋ္ဌ ဖြစ်တဲ့ သူကတော့ တစ်သိန်းနဲ့ ၁ သောင်း ရတယ် လို့ ဦးသာထွန်းအေး က ဆက်ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကာလမှာ ပုဏ္ဏားကျွန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ အနေနဲ့ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အဓိက ပြိုင် ဘက် RNDP ပါတီကို အဆင့်ဆင့်မှာ ရှုံးနိမ့်ခဲ့ပါတယ်။
ဦးကျော်သိန်းနဲ့ အဖွဲ့ဟာ RNDP ပါတီနဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလ ကတည်းက ပတ်သက်မှုမရှိသလို လက်ရှိအချိန်မှာလည်း လုံးဝ ပတ်သက်မှုမရှိကြောင်း RNDP ရဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းမြ က ဧရာဝတီ ကို ပြောပါတယ်။
ဦးအောင်ထွန်းမြ က “အချက်အလက်တွေ ခိုးပေးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး၊ ကြံ့ခိုင်ရေးပါတီက မဲရှှုံးတော့ ရှှုံးမဲ မဲပြီးပြောတာပါ၊ အထုတ် ခံရသူတွေကလည် ဒီနေ့အထိ RNDP ပါတီနဲ့ဘာမှ မပတ်သက်ပါဘူး”လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီမှာ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက ပုဏ္ဏားကျွန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ စည်းရုံးရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမောင်ကျော်နိုင် ကလည်း မြို့နယ်ကော်မတီ အဖွဲ့မှာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် တင်ပြခဲ့ပြီး ကျလာခဲ့ပေမယ့် နာမည်တူ တစ်ဦးကို တာဝန်ရှိသူတွေက တာဝန်ပေးလိုက်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို တိုင်တန်းခဲ့ပေမယ့် ထိရောက်တဲ့ အရေးယူမှုတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။
“ကျနော်က ပါတီမှာ ၂၀၁၀ တုန်းက ပါတီဝင် ထောင်နဲ့ချီရအောင် စည်းရုံးခဲ့တဲ့လူပါ၊ ကော်မတီဝင်ဖြစ်ဖို့ လျှောက်တော့ မောင်ကျော်နိုင် ဆိုပြီး ကျနော့်နာမည်နဲ့ အထက်က ချလာပေးတယ်၊ ဒါပေမယ့် ဦးသာထွန်းအေးတို့က ဦးကျော်နိုင်ဆိုတဲ့ စီးပွားရေး သမား တစ်ဦးကို ကျနော့်နေရာမှာထည့်လိုက်တယ်”လို့ ဦးမောင်ကျော်နိုင် က ဧရာဝတီကိုပြောပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဦးသာထွန်းအေးက “ဦးမောင်ကျော်နိုင်ကို လူကြီးတွေမကြိုက်တာက လူကြီးတွေကို ဟိုသတင်း ဌာန ကိုတိုင်တယ်၊ ဒီသတင်းဌာနကိုတိုင်တယ်၊ မဟုတ်က ဟုတ်ကတွေ၊ ဆူပူမှုတွေလုပ်တယ်၊ အဲဒီဟာနဲ့ လူကြီးတွေက ပယ်လိုက် တဲ့ သဘောပါ၊ ကျလာတာလဲ လူနာမည်ချင်းသာ တူတာ၊ မိဘနာမည်တွေက မတူပါဘူး”လို့ ရှင်းပြပါတယ်။
ကြံ့ခိုင်ရေးပါတီထဲကို အကျိုးစီးပွားအတွက် တွက်ပြီးဝင်လာတဲ့ လူတွေလည်းရှိပြီး အလားတူဖြစ်ရပ်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် မှာတင်မကဘဲ နိုင်ငံအတွင်းမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ နေရာအတော်များများမှာလည်း ဖြစ်နေတာတွေရှိတယ်လို့ ပါတီနဲ့ နီးစပ်သူတွေကလည်း ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း ကြံ့ခိုင်ရေးပါတီနဲ့ RNDP ပါတီတို့ဟာ အဓိက ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပြီး RNDP ပါတီက နေရာအများစုမှာ မဲအပြတ်အသတ်နိုင်ခဲ့ပါတယ်။