ဆက်သွယ်ရေး တင်ဒါအောင်ခဲ့တဲ့ ပြည်ပတယ်လီဖုန်း အော်ပရေတာ Telenor ကုမ္ပဏီနဲ့ Ooredoo ကုမ္ပဏီတို့က အသီးသီး သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပြီး သူတို့ လုပ်ငန်းတွေ ကို မီဒီယာကနေတဆင့် ပြည်သူတွေကို ချပြလာခဲ့ကြပေမယ့် ဘယ်ဈေး တွေနဲ့ ဘယ်လိုဝန်ဆောင်မှု ပေးမလဲဆိုတာကိုတော့ တိတိကျကျ ကြေညာခဲ့ခြင်း မရှိသေးပါဘူး။
ဈေးကွက်ကြောင့် တိတိကျကျ မကြေညာသေးတာ ဖြစ်နိုင်သလို၊ အစိုးရရဲ့ ဆက်သွယ်ရေး ဥပဒေ ထွက်ပေါ်လာခြင်း မရှိသေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်က ဆက်သွယ်ရေး အော်ပရေတာ အနေနဲ့ တင်ဒါလျှောက်ထားတဲ့ ကုမ္ပဏီ ၉၀ ကျော်ကနေ Telenor ကုမ္ပဏီ နဲ့ Ooredoo ကုမ္ပဏီတို့ကို မြန်မာ့ဆက်သွယ်ရေးက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အခု လက်ရှိမှာတော့ ဆက်သွယ်ရေး ဥပဒေက လွှတ်တော် အသီးသီးမှာ ဆွေးနွေးနေပြီး အတည်မပြုနိုင် သေးတာကြောင့် တင်ဒါအောင်တဲ့ ကုမ္ပဏီ ၂ ခုကို လုပ်ငန်းလိုင်စင် ချပေးနိုင်ခြင်း မရှိသေးပါဘူး။
“လိုင်စင်ရပြီးမှ လုပ်ငန်း အသေးစိတ်ကို ပြောပြနိုင်ပါမယ်။ အခုအချိန် မှာတော့ ဘာမှ တိတိကျကျ မပြောနိုင်သေးသလို၊ လိုအပ်တဲ့ အဆောက်အဦး တွေလည်း ဘာမှ စတင်လုပ်ဆောင် နေတာ မရှိပါဘူး” လို့ Ooredoo ကုမ္ပဏီက မစ္စတာ ရောစ်ကိုးမန်းက ဆိုပါတယ်။
အော်ပရေတာ ကုမ္ပဏီ နှစ်ခုရဲ့ ယှဉ်ပြိုင်မှုတွေ ကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဘာကြောင့်လဲ ဆိုရင် Telenor ကုမ္ပဏီက လိုင်စင်ရပြီး ရှစ်လအကြာမှ ဝန်ဆောင်မှု စပေးမယ်လို့ ဆိုထားပြီး Ooredoo ကုမ္ပဏီကတော့ လိုင်စင်ရပြီး ၆ လ အကြာမှာတင် ဝန်ဆောင်မှု စပေးမယ်လို့ ကြေညာ ထားတာကြောင့်ပါ။
“Sim ကတ်ကိုလည်း ၁၅၀၀ ထက် နည်းတဲ့ ငွေကြေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် တမိနစ်ကို ဖုန်းခေါ်ဆိုခ ၂၅ ကျပ် ဖြစ်အောင် အကြမ်းဖျဉ်း သတ်မှတ်ထားတယ်” လို့ Telenor ကုမ္ပဏီက ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ မီဒီယာတွေကနေ တဆင့် ထုတ်ပြန်ခဲ့ပါတယ်။
Ooredoo ကုမ္ပဏီက မစ္စတာ ရောစ်ကိုးမန်းကို ဧရာဝတီက ဈေးနှုန်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ စစ်တမ်းတခုကို သေချာကောက်ယူဖို့ စီစဉ်ထားကြောင်း၊ စစ်တမ်းအပေါ် ကြည့်ပြီးမှသာ လူထု အတွက် အကောင်းဆုံး ဖြစ်တဲ့ ဈေးနဲ့ ပေးသွားမှာ ဖြစ်ကြောင်း ဖြေကြားလာပါတယ်။
“လက်ရှိမှာ ဈေးနှုန်းတခုကို ပြောဖို့ အချိန် စောပါသေးတယ်။ တခု ပြောနိုင်တာကတော့ လူတွေ စိတ်ပျော်ရွှင်ပြီး ရင်ခုန်စေမယ့် ဈေးနဲ့ ရောင်းသွားမှာပါ။ ဆင်းမ်ကတ် ကိုတော့ ၁၅၀၀ နှုန်းနဲ့ ရောင်းပါမယ်” လို့ Ooredoo ကုမ္ပဏီက မစ္စတာ ရောစ်ကိုးမန်း က ဆိုပါတယ်။
Ooredoo ကုမ္ပဏီက သူတို့ရဲ့ ဈေးနှုန်းပြောဖို့ စောသေးတယ် ဆိုပေမယ့် ၁၀ နှစ်အတွင်းမှာ ဒေါ်လာ သန်းပေါင်း တသောင်းခွဲ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တယ်လို့တော့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
မြန်မာ့ ဆက်သွယ်ရေးကတော့ တင်ဒါအောင် ပြည်ပတယ်လီဖုန်း အော်ပရေတာလုပ်ငန်း နှစ်ခုကို လိုင်စင်ပါ ကတိတွေအတိုင်း လုပ်ဆောင်ရမှာဖြစ်တယ်လို့ အော်ပရေတာ ၂ ခုစလုံးကို တရားဝင် အသိပေးထားပါတယ်။ ဒါ့အပြင် အော်ပရေတာ တခုစီဟာ စပေါ်ငွေဒေါ်လာ သန်း ၂၀၀ စီနဲ့ စရံငွေအဖြစ် ဒေါ်လာ ၂၅ သန်းစီ တင်ရမယ်လို့ ပြောထားကြောင်း သိရပါတယ်။
လိုင်စင်ပါ ကတိကဝတ် တခုခုကို မလုပ်ဆောင် နိုင်ခဲ့ဘူးဆိုရင် ဒီစပေါ်ငွေ ထဲကနေ နုတ်ယူသွားမှာ ဖြစ်ပြီး စရံငွေကတော့ တစုံတခုကြောင့် လုပ်ငန်းလုံးဝ မလုပ်တော့ဘူး ဆိုရင် ဆုံးမှာ ဖြစ်ပါတယ်။ စပေါ်ငွေနဲ့ စရံငွေ တင်ပြီးမှသာ လိုင်စင် ထုတ်ပေးမှာ ဖြစ်တယ်လို့လည်း ဆက်သွယ်ရေး သတင်း အချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။
“ဆက်သွယ်ရေး ဥပဒေက အတည်မပြုသေးတော့ အကြမ်းကိုပဲ ဖတ်ရသေးတယ်။ ဘယ်လိုဥပဒေရှိမလဲ မသိရသေးဘူး။ လိုက်လျော ညီထွေရှိမယ့် ဥပဒေဖြစ်မယ် ထင်ပါတယ်” လို့ ရေးဆွဲနေတဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ပတ်သတ်ပြီး Ooredoo ကုမ္ပဏီက မစ္စတာ ရောစ်ကိုးမန်းက ပြောပါတယ်။
ဥပဒေမရှိဘဲ ရင်းနှီးဖို့ လုပ်ဆောင်ရဲတဲ့ သူတို့ ကုမ္ပဏီ နှစ်ခုကို ချီးကျူးရလေမလား မသိပါဘူး။ ၅ နှစ်စီမံကိန်း အတွင်း မြို့ရွာ အန့ှံ မိုဘိုင်း ဆက်သွယ်ရေးကို နိုင်ငံတကာ စံချိန်မီ လုပ်သွားရမှာ ဖြစ်ပါတယ်။ Telenor ကုမ္ပဏီက နိုင်ငံအနှံ့မှာ သူတို့ရဲ့ ဆင်းမ်ကတ်ကို ဝယ်ယူနိုင်မယ့် နေရာပေါင်း ခုနစ်သောင်းနီးပါး၊ ငွေဖြည့်ကတ် ဝယ်ယူနိုင်မယ့် နေရာပေါင်း ကိုးသောင်းကနေ တသိန်းအကြား ထားရှိနိုင်ဖို့ စီစဉ်သွားမယ်လို့ Eleven မီဒီယာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
Ooredoo ကုမ္ပဏီ ဘက်ကတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်ရမယ်။ အီလက်ထရွန်းနစ် စနစ်နဲ့ ငွေဖြည့်နိုင်စေရမယ်လို့ ကတိ ပေးထားပါတယ်။
“ကတ်မလိုဘဲ ငွေဖြည့်နိုင်တယ်။ နေရာမရွေး ဖြည့်နိုင်အောင် နယ်တွေ၊ ကျေးရွာတွေမှာပါ အလွယ်တကူ လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်” လို့ Ooredoo ဘက်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသားရေးစိတ်ဓာတ် အရ နော်ဝေအခြေစိုက် Telenor ကုမ္ပဏီကို မြန်မာ ပြည်သူတွေက ပိုနှစ်သက်နေကြတာကြောင့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီဘက်ကတော့ ဝန်ဆောင်မှုတွေနဲ့ အတော်လေး ဆွဲဆောင်မှုတွေ လုပ်ရမယ်လို့ မြင်သူတွေလည်း ရှိပါတယ်။
၁၀ နှစ်အတွင်း မြန်မာလူမှုစီးပွားရေး အတွက် ကျေးလက်ဒေသတွေ၊ မြို့တွေမှာ အမေရိကန် ဒေါ်လာ သန်း ၆၀ လှူဖို့ အတွက် သူတို့ကုမ္ပဏီရဲ့သံတမန် ကမ္ဘာကျော် ဘောလုံးသမား အာဂျင်တီးနား ငွေကြယ်ပွင့် လိုင်ယွန်နယ် မက်ဆီနဲ့အတူ ဆောင်ရွက်မယ်လို့လည်း Ooredoo ကုမ္ပဏီဘက်က ဆိုထားပါတယ်။
“ပြောတာကတော့ ပြောချင်သလို ပြောလို့ရတယ်။ ဈေးကအဓိကကျသလို၊ ပေးတဲ့ဝန်ဆောင်မှုပေါ့။ အဲဒီ အပေါ်မှာလည်း မူတည်တယ်။ ဈေးနည်းပြီး အရည်အသွေး မကောင်းရင်ကော ဘာလုပ်မလဲ။ အခု ပြောတာတွေ အကုန်လုပ်ပေးမယ် ဆိုတာကိုကော ယုံလို့ရမလား၊ ပြောတိုင်း ယုံလို့မရနိုင်ပါဘူး” လို့ မိုဘိုင်းဖုန်း သုံးစွဲသူ ဦးသန်းဇော်က ပြောပါတယ်။
အော်ပရေတာနှစ်ခုဟာ လာမယ့်နှစ်မှာ လိုင်စင်ရပြီး လုပ်ငန်းစတင်နိုင်မယ်ဆိုတဲ့ သတင်းတွေလည်း ပျံနှံ့နေတာမို့ မြန်မာပြည်သားတွေအနေနဲ့ နိုင်ငံတကာဆင့်မီ ဖုန်းလိုင်းတွေကို ကိုယ်ကြိုက်ရာ ရွေးချယ် သုံးစွဲခွင့် ရတော့မလား၊ မြန်နှုန်းမြင့် အင်တာနက် ဆက်သွယ်ရေး စနစ်တွေကော ရတော့မလား ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို သိရဖို့ မဝေးတော့တဲ့ အနေ အထားမှာ ရှိနေပါပြီ။