အရပ်ဖက် လူ့အဖွဲ့အစည်းများအား ကန့်သတ်ချုပ်ချယ်သည့် ဥပဒေဖြစ်နေသည်ဟု ဆိုကာ နယ်ပယ်အသီးသီးမှ အရပ်ဖက် လူ့အဖွဲ့အစည်းများက ကန့်ကွက်ထားသည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို အသင်းအဖွဲ့များ အားကောင်းစေမည့် ဥပဒေ တရပ်အဖြစ် ပြန်လည်ရေးဆွဲနိုင်ရန် ဆက်လုပ်သွားမည် ဖြစ်ကြောင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ များက ကတိပေးလိုက်သည်။
“ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် တွေကို ယုံကြည်ပါ။ ဥပဒေကြမ်းထဲမှာ ပါတဲ့ ပြစ်ဒဏ်အဖြစ် သတ်မှတ် ထားတာ တွေကို ပြန်ဆွေးနွေးမယ်။ အသင်းအဖွဲ့တွေ အားကောင်းတဲ့ ဥပဒေဖြစ်လာဖို့ ကျနော်တို့ ဆက် ဆောင်ရွက်သွားမှာပါ။ အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မှတ်ပုံတင်ရေးဥပဒေလို့ ပြန်ပြင် ရေးဆွဲနိုင်အောင် ကျနော်တို့ ဆွေးနွေးသွားမယ်” ဟု ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးတင်မောင်ဦးက တက်ရောက်လာသည့် အသင်းအဖွဲ့များအား ကတိပေးခဲ့သည်။
ယမန်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ အနှံ့အပြားမှ အရပ်ဖက် လူ့အဖွဲ့အစည်း ၂၀၀ ကျော် စုပေါင်းဖွဲ့စည်းထားသည့် ကွန်ရက်များ၏ ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ရေးရာ ကော်မတီ ဝင်များ၏ အသင်းအဖွဲ့ ဥပဒေမူကြမ်းနှင့် သက်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အခန်း ၁၀ ခန်းနှင့် အပိုဒ် ၂၆ ပိုဒ် ပါဝင်ပြီး ပြည်သူ့လွှတ်တော်က ပြဌာန်းလိုက်သည့် အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေ မူကြမ်းကို အများပြည်သူ သိရှိလေ့လာ၊ အကြံပြုနိုင်ရန် အစိုးရ သတင်းစာများတွင် ဇူလိုင်လ ၂၇ ရက်နေ့က ဖော်ပြခဲ့သည်။
ယင်းဥပဒေမူကြမ်းကို ရေးဆွဲရာတွင် အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ သဘောထား အကြံဉာဏ်ကို ရယူခြင်း မရှိသဖြင့် လက်တွေ့ အကောင်အထည် ဖော်ရာတွင် လိုက်နာကျင့်သုံးနိုင်မည် မဟုတ်သည့်အပြင် ကောင်းကျိုးထက်၊ ဆိုးကျိုးဘက်သို့ ဦးတည်သွားနိုင်ကြောင်း အရပ်ဖက် လူ့အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
ထို့အပြင် ယခုဥပဒေကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း လွတ်လပ်စွာ သင်းပင်းဖွဲ့စည်း ခွင့်ကို ဆန့်ကျင်ပြီးနိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ချိုးဖောက်သည့်အပြင် နိုင်ငံတော်တည်ဆောက် ရေးနှင့် ဖံ့ွဖြိုးရေးလုပ်ငန်းများကို အထောက် အကူပြုနေသည့် အရပ်ဖက် လူ့အဖွဲ့အစည်းများအား ကန့်သတ် ချုပ်ချယ်သည့် ဥပဒေ ဖြစ်နေကြောင်းလည်း ထောက်ပြထားသည်။
“လက်ရှိဥပဒေကြမ်း အတိုင်း ပြဋ္ဌာန်းလိုက်မယ်ဆိုရင် မူလရှိပြီးသား အဖွဲ့လေးတွေဟာ ဥပဒေ မပြဋ္ဌာန်းခင်က ဘာမှ မဖြစ်ဘဲ၊ ပြဋ္ဌာန်းလိုက်ပြီးမှ ဥပဒေချိုးဖောက်သူတွေ အဖြစ်ကို ရောက်သွားစေနိုင်ပါတယ်။ မှတ်ပုံမတင်ရင် ဘယ်လို ပြစ်ဒဏ်တွေ ပေးမယ်ဆိုတာထက်၊ မှတ်ပုံတင်ရင်တော့ဖြင့် ဘယ်လို အခွင့်အလမ်းတွေ ရစေမယ်ဆိုတဲ့ မက်လုံးမျိုးလေးတွေနဲ့ စည်းရုံးဆွဲဆောင်သင့်တယ်။ ဒါမှ သူ့အလိုလို မှတ်ပုံတင်လာမယ်” ဟု ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက သြဂုတ် ၁၅ ရက်နေ့က ကျင်းပသည့် အခမ်းအနားတွင် အကြံပြု ဆွေးနွေးခဲ့သည်။
ယင်းအခမ်းအနားသို့ လွှတ်တော်ရေးရာ ကော်မတီများ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ဆွေးနွေးခဲ့သည်။
ထို့ပြင် သြဂုတ် ၁၆ ရက်နေ့ နေ့လယ်တွင်လည်း အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဥပဒေပြုရေး ကော်မတီတို့ ထပ်မံ တွေ့ဆုံ ဆွေးနွေးခဲ့ရာ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ ပြုပြင်ပေးစေလိုသည့် အချက်များ၊ ထည့်သွင်းလိုသည်များကို ထပ်မံဖြည့်စွက် ဆွေးနွေးပေးသွားရန် ကော်မတီမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဗိုလ်မှူးကြီးေဋ္ဌးနိုင်က ကတိပေးခဲ့သည်။
သို့သော် ယင်းပြုပြင်ချက်များကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့် ထပ်မံညှိနှိုင်း ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ကော်မတီ လေ့လာသူအဖြစ် တက်ရောက်လာသည့် ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးငွေစိုးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့တွင် အစိုးရပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည့် ဥပဒေမူကြမ်းပါ အချက်များကို အရပ်ဖက် လူ့အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ပြီး လွှတ်တော်ရေးရာ ကော်မတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များအား ဆွေးနွေး ခဲ့သည့် အချက်များကို ပြန်လည် ထည့်သွင်းပေးရန် ဥပဒေပြုရေး ကော်မတီကလည်း သဘောတူခဲ့ကြောင်း၊ ယင်း ပြုပြင်လိုက်သည့် အချက်များကို နိုင်ငံပိုင် သတင်းစာများမှတဆင့် ဒုတိယမူကြမ်းအဖြစ် ဖော်ပြပေးသွားမည် ဖြစ်ကြောင်း၊ ထို့နောက် ထပ်မံဆွေးနွေးခွင့် ရှိသေးကြောင်းလည်း ပြောကြားခဲ့သည်။
သို့သော် လူမှုအဖွဲ့အစည်းများက တောင်းဆိုထားသည့် ဥပဒေပြုရေးအတွက် အချိန်ဆိုင်းငံ့ပေးရန် တောင်းဆိုချက်နှင့် ပတ်သက်၍ တစုံတရာ ပြောကြားခဲ့ခြင်း မရှိပေ။