တက္ကသိုလ်ကျောင်းသား နိုင်ငံရေး အကျဉ်းသားဟောင်း တချို့အား မူလ တက္ကသိုလ်၊ အထူးပြု ဘာသာရပ်များကို ပြန်လည် တက်ရောက် သင်ကြားခွင့် ပေးလိုက်ကြောင်း သိရသည်။
“ကျနော်နဲ့အတူ ကိုရဲမြတ်ဟိန်း၊ ကိုဇင်လင်းအောင်တို့ ၃ ဦးကို မူလ တက္ကသိုလ်၊ အဓိက ဘာသာတွေမှာ ဆက်လက် ပညာ သင်ကြားခွင့် ပေးလိုက်တာပါ”ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ကိုဒီငြိမ်းလင်းက ဧရာဝတီကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်း၊ ပညာရေး ဒုဝန်ကြီး ဒေါက်တာ ဦးမျိုးမြင့်၊ အဆင့်မြင့် ပညာ ဦးစီး ဌာနမှ ဦးဇော်ေဋ္ဌး၊ သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခများ၊ ကျောင်းသား မိဘများ အပါအဝင် ယမန်နေ့က ရန်ကုန်ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာတွင် ညှိနှိုင်းဆွေးနွေးမှုအပြီး ယခုကဲ့သို့ ကျောင်းပြန်တက်ခွင့် ရကြောင်း အသိပေးပြောကြားခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။
ကိုဒီငြိမ်းလင်းသည် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်တွင် ဘူမိဗေဒ ဘာသာ အဓိကဖြင့် တတိယနှစ် သင်တန်း တက်ရောက် သင်ကြားခွင့်၊ ကိုရဲမြတ်ဟိန်းက ပထမနှစ် သချၤာမှ ပထမနှစ် သမိုင်း ဘာသာရပ်ပြောင်းလဲ သင်ကြားခွင့်၊ ကိုဇင်လင်းအောင် က စီးပွားရေး တက္ကသိုလ် ဒုတိယနှစ် သင်တန်းများကို တက်ရောက်သင်ကြားခွင့် ရခြင်း ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ကျောင်းသား ၃ ဦးသည် ကျောင်းသား သမဂ ္ဂပေါ်ပေါက်ရေး ကြိုးပမ်းရင်း ၂၀၀၇ ခုနှစ်က ရွှေဝါရောင်လှုပ်ရှားမှု အတွင်း ပါဝင်ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် အသီးသီး ချမှတ်ခံခဲ့ရကာ ကိုဒီငြိမ်းလင်းသည် ၁၅ နှစ်ခွဲ၊ ကို ရဲမြတ် ဟိန်းက ၁၃ နှစ်ခွဲ၊ ကိုဇင်လင်းအောင်က ၆ နှစ်ခွဲ အသီးသီး အပြစ်ပေး ခံခဲ့ရသည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီး ကျောင်းပြန်လည် တက်ခွင့်ရရေး အဆင့်ဆင့် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။
ကျောင်းပြန်လည် တက်ခွင့်ရသည့်အတွက် ဝမ်းမြောက်သော်လည်း လုပ်ဖော်ကိုင်ဖက် ကိုစည်သူမောင် အပါအဝင် တက္ကသိုလ် ကျောင်းသား အနည်းဆုံး ၁ ဒါဇင်ကျော်မှာ ကျောင်းပြန် တက်ခွင့်မရသေး၍ ၎င်းတို့ ကျောင်း ပြန်လည်တက်ရောက်ခွင့် ရရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ကိုဒီငြိမ်းလင်းက ပြောဆိုသည်။
ရန်ကုန်စီးပွားရေး တက္ကသိုလ် တတိယနှစ် စာရင်းအင်းပညာ တက်ရောက်ခဲ့သူ ကိုစည်သူမောင်က ကိုဒီငြိမ်းလင်းနှင့် သူငယ် ချင်းများ ယခုကဲ့သို့ တက္ကသိုလ် ကျောင်း ပြန်လည် တက်ခွင့်ရသည့်အပေါ် ဝမ်းမြောက်ကြောင်း၊ သို့သော် အတူတကွ စာတင် ခဲ့သော်လည်း သူ့အနေဖြင့် မည်သည့်အတွက် ကျောင်းတက်ခွင့် မရသည်ကို နားမလည်ကြောင်း သူ၏ ဖေ့စ်ဘုတ်စာမျက်နှာ တွင် ဖော်ပြထားသည်။
“ကျနော်တို့ လူချင်းတွေ့ဆုံပြီး စကားပြောခဲ့သည့်တိုင် ပြန်တက်ခွင့် ရဖို့ စာတင်ပါ ဆိုလို့စာတင်တော့ ၄ ယောက် တင်တာ ၃ ယောက်ပဲ တက်ခွင့်ရပြီး ကျနော်က တက်ခွင့်မပါဘူး ဆိုတော့ ကျနော် က ဘာများ ကွာခြားနေလို့ပါလိမ့်”ဟု ကိုစည်သူမောင် က ဆိုသည်။
လွန်ခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က နေပြည်တော်တွင် ကျင်းပသည့် အဆင့်မြင့်ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲ ပြင်ပတွင် တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံစဉ် တက္ကသိုလ်၊ ကောလိပ်များ ပြန်လည်တက်ခွင့်ရရေး တင်ပြဆွေးနွေးခဲ့ကြောင်းလည်း ကိုဒီငြိမ်းလင်းက ပြောပြသည်။
“ကျနော်တို့ ကျောင်းပြန်တက်ခွင့် မရသေးတာကို ဒေါ်အောင်ဆန်းစုကြည်က သိသွားတယ်။ ဒါနဲ့ သူ့ဆီကိုလည်း စာ တင်ပါဆိုလို့ ကျနော်တို့ စာတင်ခဲ့တယ်”ဟု ၎င်းက ပြောသည်။
သို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ ပညာရေး ဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တို့ကို ကျောင်း ပြန်တက်ခွင့် ရရေး စာတင်ခဲ့သော်လည်း မထူးခြား ခဲ့ကြောင်း၊ ယခု နောက်ဆုံး သြဂုတ်လ ၈ ရက်နေ့က စာတင်ခဲ့ပြီးနောက် ယမန်နေ့ က ခွင့်ပြုချက် ရခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုဒီငြိမ်းလင်း က ဆက်ရှင်းပြသည်။
ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားဟောင်း တက္ကသိုလ် ကျောင်းသားတချို့ ကျောင်းပြန်တက်ခွင့်ရသည့် အတွက် မိဘတဦး အနေဖြင့် ဝမ်းမြောက်ကြောင်း ကိုဒီငြိမ်းလင်း ၏ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းက ပြောသည်။
“ကျောင်းသားနဲ့ ကျောင်းဆိုတာ ဒွန်တွဲနေတာဖြစ်လို့ ခွဲခြားလို့မရပါဘူး”ဟု သူက ဆိုသည်။
တက္ကသိုလ်ကျောင်းသား ၃ ဦး၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်၍ တက္ကသိုလ်ပြန်လည် တက်ခွင့်ရလိုက်ခြင်းမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း တတိယ အကြိမ်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်လွန်ကာလက စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်ဒင်၊ ဆေး တက္ကသိုလ်ကျောင်းသား ကိုရန်မျိုးသိန်းအပါအဝင် တက္ကသိုလ်ကျောင်းသားတချို့ တက္ကသိုလ် ပြန်လည်တက်ခွင့် ရခဲ့သည်။
ထို့နောက်ပိုင်း ၂၀၀၀ ပြည့်နှစ်တွင်လည်း တက္ကသိုလ်ကျောင်းသား တချို့ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်ပြီး မူလ စက်မှု တက္ကသိုလ် အပါအဝင် တချို့တက္ကသိုလ်များသို့ ပြန်လည် တက်ရောက်သင်ကြားခွင့် ရခဲ့သည်။
ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်မှုကြောင့် အကျဉ်းကျပြီး ပြန် လည်လွတ်မြောက်လာသူ တက္ကသိုလ်ကျောင်းသား အများစုမှာ မူလ တက္ကသိုလ်၊ ကောလိပ်များသို့ ပြန်လည် တက်ရောက် သင်ကြားခွင့် မရတော့ဘဲ ထိုစဉ်က စာပေးစာယူ ပညာရေးစနစ်ဖြင့်သာ သင်ကြားခွင့် ရခဲ့သည်။
ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားဟောင်း တက္ကသိုလ်ကျောင်းသား ၃ ဦးကို တက္ကသိုလ်ကျောင်း ပြန်လည်တက်ခွင့် ပေး လိုက် သည့်အတွက် ယေဘုယျအားဖြင့် ကောင်းမွန်ကြောင်း၊ သို့သော် ထိုအခွင့်အရေးများသည် မျှတရန် လိုကြောင်း ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
“ဒီလူရရင် နောက်လူလည်း ရသင့်တယ်။ ဒီလူတွေကိုတော့ ပေးတယ်။ ကျန်တဲ့ လူတွေကိုတော့ မပေးဘူး၊ အဲဒီလို ခွဲခြား ခွဲခြား လုပ်တာကတော့ မကောင်းဘူးပေါ့။ အခွင့်အရေးတွေက မျှတဖို့လိုတယ်။ မဟုတ်ဘူး ဆိုရင် သွေးခွဲ အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးတဲ့ ပုံစံမျိုးဖြစ်နေလိမ့်မယ်”ဟု သူက ဆိုသည်။
ထိုပုံစံမျိုးဖြစ်နေပါက ကျောင်းသား အချင်းချင်းအကြား စိတ်ဝမ်းကွဲမှုများဖြစ်စေပြီး ပြဿနာများကို ပိုမိုဖန်တီးသည့် ပုံစံမျိုးဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။