သမ္မတဦးသိန်းစိန် အစိုးရက နိုင်ငံတွင်း အကောင်အထည် ဖော်နေသည့် ဆင်းရဲတိုက်ဖျက်ရေးနှင့် ပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး သမဝါယမ လုပ်ငန်းများ အတွက် တရုတ် ပို့ကုန်သွင်းကုန် ဘဏ် (Exim Bank of China)ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငှား ရယူ ထားကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်က ကျေးလက်နေပြည်သူများနှင့် မြို့ပြနေ အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး သမဝါယမအသင်းများနှင့် အသင်းသားများအတွက် လိုအပ်သည့် မတည် ရင်းနှီး ငွေများ ပိုမို ထုတ်ချေးပေးနိုင်ရန် သမဝါယမဝန်ကြီးဌာနသည် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးငှားရယူလိုကြောင်း၊ ချေးငွေများကို ၁၀ နှစ်အတွင်း ပြန်လည် ပေးဆပ်မည်ဖြစ်ပြီး အတိုးနှုန်း မှာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄.၅ သန်း ကျသင့်မည်ဖြစ်ကြောင်း သြဂုတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
ယနေ့ မနက်ပိုင်း နေပြည်တော်တွင် သမဝါယဝန်ကြီးဌာန၏ ချေးငွေထုတ်ပေးခြင်းနှင့် သမဝါယအသင်းသား များ နှင့်တွေ့ဆုံပွဲတရပ် ကျင်းပ ခဲ့ပြီး သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိ သူများ ၊လွှတ်တော် ကိုယ်စား လှယ်များ၊ သမဝါယ အသင်းသားများ တက်ရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်က နိုင်ငံတွင်း အကောင် အထည် ဖော်နေ သည့် ဆင်းရဲမှုတိုက်ဖျက်ရေး သမဝါယမ လုပ်ငန်းများ အတွက် နိုင်ငံတကာ အကူအညီနှင့် ချေးငွေ များ ရရှိစေရေး ကြိုးပမ်းသွားမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“သမ္မတဦးသိန်းစိန်က သူတို့ တရုတ်ဘဏ်ကနေ သမဝါယမ လုပ်ငန်းတွေအတွက် ဒေါ်လာ သန်း ၁၀၀ ချေးထားတာကို ပြောတယ်။ နောက်ထပ် နိုင်ငံတကာအကူအညီတွေ ချေးငွေ ရအောင် သူ့အနေနဲ့ ကြိုးပမ်းမယ်ဆိုတာလည်း ထည့်ပြောတယ်။ တနိုင်ငံလုံး သမဝါယမ လုပ်ငန်း တွေအတွက် ဘီလျံ ၆၀၀ ကနေ ၃၀၀၀ အထိ လိုမယ်လို့ ပြောတယ်” ဟု နေပြည်တော် သမဝါယမအသင်းသားများနှင့် သမ္မတတွေ့ဆုံပွဲ တက်ရောက် ခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ပြောသည်။
နေပြည်တော်သမဝါယမ ဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူးက တရုတ်နိုင်ငံမှ ရယူထားသော ချေးငွေ ဒေါ်လာ သန်း ၁၀၀ သည် အသေးစားချေးငွေလုပ်ငန်း များအတွက် အဓိက အသုံးပြု သွားမည်ဖြစ်ပြီး အဓိကအားဖြင့် တောင်သူ လယ်သမားများကို ချေးငှားသွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“တရုတ်က ချေးလိုက်တဲ့ ပိုက်ဆံက အသေးစားချေးငွေလုပ်ငန်းမှာသုံးမယ်။ အဓိက တောင်သူလယ်သမား တွေကို ချေးပေးချင်လို့။ လောလောဆယ်မှာ သမဝါယမအသင်းတွေရဲ့ပိုင်ဆိုင်တဲ့ ငွေကျပ် ဘီလျံ ၅၀ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး တွေ လုပ်နေပါတယ်။ လူမှု စီးပွား ဖွံ့ဖြိုးု တိုးတက်ရေး ဆိုတာက ကျေးလက်နေ ပြည်သူ တွေနဲ့ မြို့ပြ အခြေခံစား လူတန်းစား တွေအတွက် ရည်ရွယ်လုပ်တာပါ “ဟု သမဝါယမဝန်ကြီးဌာန ရုံးအဖွဲ့မှူးက ဆိုသည်။
အစိုးရက အကောင်အထည် ဖော်နေသည့် ဆင်းရဲမှု တိုက်ဖျက်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမ လုပ်ငန်းများသည် အောင်မြင်မှု ရရှိနိုင်ခြေ နည်းပါးကြောင်း၊ အကျင့်ပျက်ခြစားမှုနှင့် ဆေးမြီးတို ဆန်သော ငွေချေးငှားသည့်စနစ်ပုံစံတို့ကြောင့် သမဝါယမ လုပ်ငန်းများသည် ပြည်သူ လူထုအားလုံးကို ခြုံငုံ အကျိုး မဖြစ်ထွန်းနိုင်ဟု စီးပွားရေး ပညာရှင် အချို့နှင့် လွှတ်တော် ကိုယ်စားလှယ် အချို့က သုံးသပ် ပြောဆိုသည်။
ရန်ကုန် အဝေးသင် တက္ကသိုလ်၊ ဘောဂဗေဒဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက “မြန်မာ နိုင်ငံရဲ့ သမိုင်းမှာ သမဝါယမ စနစ်အောင်မြင်ခဲ့တယ်ဆိုတာမရှိဘူး။ သမဝါယမ ရဲ့ ဘဘာဝကို ဆိုရှယ်လစ် သဘောတရားထဲဝင်တယ်။ တကယ်တန်းကျတော့ သမဝါယမရဲ့သဘောက Social Welfare နဲ့ သွားတယ်ဆိုတော့ Market Economy မှာ သမဝါယမအခန်းကဏ္ဍကို ဘဝင်မကျလှဘူး။ သမဝါယမသည် ဗဟိုဦးစီးစနစ်အောက်မှာရှိတယ်၊ စုပေါင်းလယ်ယာ၊ စုပေါင်း လုပ်ငန်းတွေကို ဝိုင်းကြီးချုပ်စနစ်နဲ့သွားတဲ့ လုပ်ငန်းမျိုးတွေ။ အဲဒီသဘာဝကိုက စုပေါင်း လုပ်၊ စုပေါင်းစား၊ ဘုံစနစ် ဆန်နေတယ်။ သမဝါယမစနစ်သည် ဈေးကွက် စီးပွားရေး စနစ်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ နောက်ပြီး သမဝါယမဝန်ကြီးဌာနအနေနဲ့ အခုလုပ်မယ့် လုပ်ငန်းတွေအတွက် ဘယ်လောက် စစ်တမ်းတွေလုပ်ထားလဲ။ ဘယ်လိုတွေလုပ်မှာလဲ။ ဒါမျိုးတွေကို စနစ်တကျ ရည်မှန်းချက်၊ စစ်တမ်းတွေနဲ့လုပ်ထားတာလား” ဟု ပြောသည်။
အသေးစားချေးငွေ ထုတ်ပေးခြင်းဖြင့် ဆင်းရဲမှု တိုက်ဖျက်နိုင်မည် မဟုတ်ဘဲ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် အသေးစား ချေးငွေထုတ်ပေးခြင်းဖြင့် ဆင်းရဲမှုတိုက်ဖျက်နိုင်မည်ဟု လွဲမှားစွာ မယူဆစေလိုကြောင်း၊ အတိုးပါသော ချေးငွေကြောင့် ပိုမို ဆင်းရဲမွဲတေနိုင်ကြောင်း ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
“ငွေချေးတယ် ဆိုတိုင်း ဆင်းရဲမှု တိုက်ဖျက်တာမဟုတ်ဘူး။ ငွေချေးတယ် ဆိုတာက အတိုးပါမယ်။ ငွေချေးစားတဲ့သဘောပဲ။ ဆင်းရဲသားက လိုနေတာက ချေးငွေ (credit) မဟုတ်ဘူး။ ဆင်းရဲသား၊ လယ်သမားတွေ လိုနေတာက အရင်းအနှီး (Capital) လိုနေတာ။ ချေးငွေဆိုတာ အတိုးပေးရမယ်၊ အချိန်တန်ရင် ပြန်မဆပ် လို့မရဘူး။ ဝိုင်းကြီးချုပ် စနစ်နဲ့ ချုပ်ထားတယ်။ တောင်သူက အတိုးပါတဲ့ ချေးငွေကြောင့် ပိုဝန်ပိတယ်။ အရင်းအနှီး ဆိုတာက နှစ် ၃၀၊ နှစ် ၂၀၊ ၁၀ နှစ် တဖြည်းဖြည်း ပြန်ဆပ်ဆိုတဲ့ပုံစံနဲ့ အရင်းအနှီးငွေထုတ် ပေးလိုက်။ အတိုးတွေ ဘာတွေ မယူနဲ့။ နဂိုဆင်းရဲနေတာကို အကြွေးထပ် ပေးပြီးတော့ အတိုးရော၊ အရင်းပါ မဆပ်နိုင်အောင် အပူတွေ ထပ်မပေးပါနဲ့” ဟု ဒေါက်တာမောင်မောင်စိုးက ပြောသည်။
လသာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်က လက်ရှိ အကောင်အထည်ဖော်နေသည့် သမဝါယမ စနစ်သည် နိုင်ငံရေး ရောယှက်နေပြီး ငွေတိုးချေးစားသည့် သဘာ၀ ပါဝင်နေသဖြင့် လုံး၀ အောင်မြင်မည်မဟုတ် ပြောသည်။
“သမဝါယမ ဝန်ကြီးဌာနအနေနဲ့ တရုတ်ဆီက တနှစ်လုံးကို အတိုး ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ငွေချေး ယူထားပြီးတော့ ပြည်သူတွေကိုကျတော့ တလ အတိုး ၂ ရာခိုင်နှုန်း၊ တနှစ်ကို အတိုး ၂၄ ရာခိုင်နှုန်းနဲ့ အတိုးယူပြီး ငွေပြန်ချေးတယ်။ နောက်ပြီး အခုလုပ်နေတဲ့ သမဝါယမ စနစ်မှာ နိုင်ငံရေး ရောယှက်နေတယ်။ နောက်ဆုံးကျတော့ တိုင်တာ၊ တောတာတွေနဲ့ ဒီလိုပဲ လူတစုကောင်းစားရေး ပုံစံနဲ့ပဲ နိဂုံးချုပ်သွားမှာပါ။ တကယ့် သမဝါယမစနစ် ရဲ့ ပုံစံက သမဝါယမအသင်းတွေကိုယ်တိုင်က ငွေထည့်ဝင်ပြီး ကြိုးစားချင် စိတ်ပေါ်မူတည်ပြီး လုပ်ကြ ကိုင်ကြ လုပ်ရတဲ့ စနစ်မျိုး။ အခုက အစိုးရဘက်က ငွေကြေးစိုက် ထုတ်ပေး တော့ လူတိုင်းလိုလို က အခွင့်အရေးလိုချင်တော့ အသင်းဝင်လာပြီး ငွေချေးကြ၊ ရတဲ့ အခွင့်အရေး ယူကြဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်” ဟု ဦးကြည်မြင့်က သုံးသပ်သည်။
လက်ရှိ သမဝါယမ ဝန်ကြီးသည် ယခင်စစ်အစိုးရ လက်ထက်က ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဆန်းဖြစ်သည်။