ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် ရွှေသဘာ၀ ဓာတ်ငွေ့အပါအဝင် ဒေသထွက် သယံဇာတများအား ဒေသခံပြည်သူများ အကျိုး ခံစားခွင့်ရရှိရေး လူထုလှှုပ်ရှားမှု လက်မှတ်ရေးထိုးပွဲကို ရခိုင်တပြည်လုံး၌ပြုလုပ်၍ လက်မှတ်များ စုဆောင်းနေပြီ ဖြစ် ကြောင်း သိရသည်။
လက်မှတ်ရေးထိုး လူထုလှှုပ်ရှားမှု စတင်သည့် အခမ်းအနားကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံးနှင့်ရန် ကုန်မြို့တို့၌ ယမန်နေ့က တပြိုင်တည်း ကျင်းပခဲ့ကြောင်း ရခိုင့်သယံဇာတ အကျိုးခံစားခွင့်ရရှိရေး ကော်မတီအဖွဲ့ ခေါင်းဆောင်နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ဧရာဝတီ ကို ပြောသည်။
“ဒီတောင်းဆိုမှုဟာ ရခိုင်ပြည်သူတွေအတွက် သာမက တခြား တိုင်းရင်းသားတွေကလည်းပဲ ကိုယ့်ဒေသက သယံဇာတ တွေ ကို မိမိတို့ပြည်သူတွေ အကျိုးခံစားခွင့်ရဖို့ ဆောင်ရွက်လာကြအောင် လုပ်ဆောင်တာလဲဖြစ်ပါတယ်”ဟု ၎င်းက ဆို သည်။
ယမန်နေ့ကပင် ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်များမှ မြို့တခုလျှင် လက်မှတ်စောင်ရေ ပျမ်းမျှ ၄၀၀ ကျော်နှင့် ရန်ကုန်မြို့မှ ထောင်ဂဏန်း ရရှိခဲ့ကြောင်း၊ လက်မှတ်များ စုဆောင်းမှုကို ယနေ့မှ စတင်၍ မြို့နယ်၊ ကျေးရွာများတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်၍ ကောက်ခံ စုဆောင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်သူများ အချိုးကျ အကျိုးခံစားခွင့်ရရေး တောင်းဆိုမှုတွင် ရွှေသဘာဝ ဓာတ်ငွေ့အပြင် တောင်ကုတ်မြို့နယ်၊ နေပူ တောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်း၊ သစ်တောထွက် ပစ္စည်းများ၊ ပင်လယ်ထွက် ပစ္စည်းများနှင့် ရခိုင်ပြည်တွင်းမှ ထွက် သည့် သယံဇာတ အားလုံး ပါဝင်သည်။
ထိုသို့ တောင်းဆိုရခြင်းသည် ရခိုင်ဒေသတွင်း စီမံကိန်းများကြောင့် ဒေသခံပြည်သူများ၏ လယ်ယာမြေများ ဆုံးရှှုံးခြင်း၊ အ လုပ်လက်မဲ့ ဖြစ်ပွားခြင်း စသည့်အခက်အခဲများကြောင့် ကိုယ့်ဒေသကို စွန့်ခွာနေကြရကြောင်း၊ ထို့ကြောင့် ရခိုင်ဒေသထွက် သယံဇာတများဖြင့် ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့ အတွက်ကြောင့် ဖြစ်ကြောင်း သယံဇာတ အကျိုးခံစားခွင့် ရရေးကော်မတီ၏ ကြေညာချက်၌ ဖော်ပြထားသည်။
“စီမံကိန်းတွေ မရှိခင်တုန်းကဆိုရင် ကျနော်တို့ဒေသခံတွေရဲ့ လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ တောတောင်တွေ မှာ အေးအေးချမ်းချမ်း ရှာဖွေစားသောက်နိုင်ကြတယ်၊ အခုစီမံကိန်းတွေ ပေါ်လာတော့မှပဲ လူတွေ ဘဝပျက်ကုန်ကြတာပါ”ဟု ကျောက်ဖြူ ဒေသခံတဦး က ဧရာဝတီ ကို ပြောသည်။
ရခိုင့် သယံဇာတ ရခိုင်ပြည်သူများ အကျိုးခံစားခွင့် ရရှိရေး လူထုလှှုပ်ရှားမှု လက်မှတ်ရေးထိုးပွဲကို RNDP ပါတီက ဦးဆောင် ခြင်းဖြစ်ပြီး လက်မှတ်ပေါင်း ၃ သိန်း အထိ စုဆောင်းနိုင်ရန် အချိန် ၂ လ သတ်မှတ်ထားကြောင်း သိရသည်။
လက်မှတ် ၃ သိန်း ရရှိပါက နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ များထံ တင်ပြသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် လွှတ် တော် အသီးသီးရှိ ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ်များထံ ပေးပို့၍ လွှတ်တော်၌ တင်ပြတောင်းဆိုသွားမည်ဟု ဦးခိုင်ပြည်စိုး က ရှင်းပြသည်။
“လက်မှတ် ၃ သိန်း ပြည့်တာနဲ့ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေဆီကို တင်ပြတောင်းဆိုမယ်၊ အဲဒီလို တောင်းဆိုလို့လည်း ဘာ မှ အကျိုးမထူး ဘူးဆိုရင်တော့ ဥပဒေဘောင် အတွင်းက နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ဆောင်ရွက်သွားမှာပါ”ဟု ၎င်း ကဆို သည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်ပြီး ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် အဘက်ဘက်မှ နိမ့်ကျနေကြောင်း၊ ထို့ကြောင့် ရခိုင်ဒေသထွက် သယံဇာတများမှ အချိုးကျ ဝင်ငွေကို ရခိုင်ပြည်နယ်၏ ဘဏ္ဍာရေး ရန်ပုံငွေသို့ ထည့်သွင်း၍ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရန် သယံဇာတ အကျိုးခံစားခွင့် ကော်မတီ၏ ကြေညာချက်၌ ဖော်ပြထားသည်။
ထို့အတူ ရခိုင်ပြည်နယ်သည် လျှပ်စစ်မီး သုံးစွဲခဈေးနှုန်း အမြင့်မားဆုံး ပေးဆောင်နေရသည့် ပြည်နယ် တခုလည်း ဖြစ်ပြီး မီတာ တယူနစ်လျှင် ကျပ် ၄၅၀ မှ ကျပ် ၈၅၀ အထိ နေရာဒေသ အလိုက် ပေးဆောင်နေရသည်။
ထို့ကြောင့် ရွှေသဘာ၀ ဓာတ်ငွေ့မှထွက်ရှိသော ဓာတ်ငွေ့ဖြင့် ရခိုင်တပြည်လုံး လျှပ်စစ်မီးရရှိရေး၊ မီတာနှုန်းထားကို ပြည်မနှင့် တပြေးညီ ဖြစ်ရန် ဆောင်ရွက်ပေးရေးအတွက်လည်း ရခိုင် လူထု အခြေပြု အဖွဲ့အစည်းများက တောင်းဆိုနေကြသည်။