တာမွေမြို့နယ်ထဲက Day Club ဒေးကလပ်တခု ထဲက မှုန်ပျပျ မီးရောင်တွေအောက်မှာ လူငယ်တွေဟာ ဒီဂျေလ်ဘားက ဖွင့်လိုက်တဲ့ မြူးကြွကြွ သီချင်းသံတွေအကြား ဘီယာခွက်၊ ဝိုင်ခွက် တွေကိုင်လို့ အတွဲကိုယ်စီ၊ အဖွဲ့ ကိုယ်စီ နဲ့ စည်းချက်လိုက် ကခုန်နေကြပြီး စိတ်လွတ်ကိုယ်လွတ် ပျော်မြူးနေကြတယ်။
Day Club ဆိုတဲ့အတိုင်း လာရောက်ကြတဲ့သူ အများစုကတော့ အခြေခံပညာကျောင်းနဲ့ တက္ကသိုလ်တက်ဆဲ လို့ ယူဆ ရတဲ့ လူငယ်ပိုင်းတွေများပါတယ်။ ညဘက်ပိုင်း အိမ်ကနေ အပြင်ထွက်ဖို့ ခက်တာ၊ ကျောင်းချိန်မှာ အတန်းမတက်ဘဲ အပြင်သွားချင်တာ၊ သူငယ်ချင်းတွေနဲ့ စုရုံး ပျော်ပါးချင်တဲ့ စိတ်တွေကြောင့် ကျောင်းသားလူငယ်အများစုက Day Club ကို လာတတ်ကြပါတယ်။
တချို့ကလည်း ကလပ်ထဲမှာ ဝတ်ဖို့ အဝတ်အစား သပ်သပ် ယူလာပါတယ်။ ကလပ်ထဲမှာရှိတဲ့ အိမ်သာထဲမှာ ဝင်ပြီး လဲဝတ်ကြတ၊ အလှပြင်နေကြတာတွေ ပါတယ်။ အုပ်စုဖွဲ့လာကြတာ များတော့ ကောင်တာမှာ ဘီယာဝယ်ပြီး နေရာရှာထိုင်ကြတဲ့ သူတွေကို တွေ့ရသလို အသက်ငယ်ငယ် အပျော်မယ်လေးတွေကလည်း သူတို့ရဲ့ စားဝတ်နေရေးအတွက် သားကောင် လာရှာနေကြပါတယ်။
တချို့ကလည်း အပျော်မယ်လေးတွေနဲ့ ဈေးညှိပြီး အဆင်ပြေသွားကြတာတွေကြောင့် ကလပ်ထဲကနေ ခါးချင်းဖက် ထွက် သွားကြသလို တချို့ကလည်း မစားရဝခမန်း ပါးစပ်အရသာခံ စနောက်နေကြတာတွေလည်း တွေ့ရပါတယ်။
လူငယ်အချင်းချင်း ဝိုင်းဖွဲ့ပြီး ဘီယာသောက်ကြ၊ ဒီဂျေလ်တီးလုံး နောက်မှာ လိုက်ပြီး ကခုန်လိုက်ကြ၊ အတွဲရှိသူတွေကလည်း သူတို့အဆင်ပြေတဲ့နေရာရှာပြီး အဆင်ပြေသလို နေထိုင်ကြတာတွေကို မြင်ရတာကတော့ အနောက်နိုင်ငံက ရုပ်ရှင်ကား တကားကို ကြည့်နေရသလိုပါ။
“ ညဘက် အပြင်ထွက်ဖို့ အဆင်မပြေဘူးလေ။ ဒါကြောင့် သူငယ်ချင်းတွေထဲက ပါတီတခုခုလုပ်မယ်လို့ သိရင်ကလပ်ကို လာဖြစ်တယ်။ ကိုယ်က သဘောကျလို့လားတော့ မသိဘူး၊ ကလပ်တက်ရတာ လွတ်လပ်မှုရှိတယ်လို့ ထင်တယ်။ ဒါပေမဲ့ အပျော်မယ်တွေ၊ မိန်းမလျာ တွေများတဲ့ ကလပ်တွေကိုတော့ သိပ်မသွားဖြစ်ဘူး”ဟု အသက် ၂၀အရွယ်ရှိတဲ့ မယမင်းခင်က သူ့ အမြင်ကို ပြောပြပါတယ်။
မယမင်းခင်က ကျန်းမာရေးအခြေအနေနဲ့ ညဘက်အိမ်က ထွက်ဖို့ အဆင်မပြေတာတွေကြောင့် နေ့ခင်းပိုင်းမှာ ရှိတဲ့ ကလပ်တွေကို ပါတီရှိရင်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဆုံချင်လို့ဖြစ်ဖြစ် မကြာခဏ သွားဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ဦးစီးလုပ်တဲ့ ပါတီတွေက ဒေးကလပ်မှာ များတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ဒေးကလပ်အများစုဟာ အသက်အရွယ် ကန့်သတ်ချက်မထားဘဲ ကလပ်ဝင်ကြေး တဦးကို ၄၀၀၀ ကျပ် ကနေ ၅၀၀၀ ကျပ်ထိ ကောက်ခံပြီး မနက် ၁၀နာရီကနေ ညနေ ၅ နာရီ အထိ နေ့စဉ် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်မှတ် ဝယ်ယူမှုများတဲ့ အပေါ် မူတည်ပြီး ပရိုမိုးရှင်းပေးတာမျိုးလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက သက်ဆိုင်ရာရဲ့ ရှောင်တခင် စစ်ဆေး ဖမ်းဆီးတာတွေကြောင့် ဒေးကလပ် အပါအဝင် နိုက်ကလပ် ၊ အနှိပ်ခန်းတွေနဲ့ ကာရာအိုကေ အခန်းအများစု ငုတ်ရှိုးသွားပေမယ့် ဒီနှစ်ပိုင်းမှာ ပြန်ပြီး ခေတ်စားလာပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရဲမှူးဦးတင်ဝင်းကတော့ ဒေးကလပ်တွေကေ ကျာင်းသားကျောင်းသူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့် လုံးဝ ဖွင့်ခွင့် မပြုထားဘူးလို့ ဆိုပါတယ်။ သတင်းရတာနဲ့ တပြိုင်နက် တည်ဆဲဥပဒေတွေ နဲ့အညီ ဖမ်းဆီးအရေးယူတာတွေကိုလည်း ဆောင်ရွက်မှာပါလို့ ဧရာဝတီကို ရှင်းပြပါတယ်။
ကလပ်အများစုကလည်း တရားဝင်ဖွင့်ခွင့် မပေးထားပေမယ့် လူသိရှင်ကြားပဲ သူတို့ရဲ့ ကလပ်မှာ ပါဝင်မယ့် နာမည်ကြီး ဒီဂျေအများစုရဲ့ နာမည်တွေ၊ ကလပ်ကို ပါတီကို စိတ်ဝင်စားအောင် ဆွဲဆောင်တဲ့ ပွဲအစီအစဉ်တွေ ထည့်သွင်းထားတဲ့ ကြော်ငြာ လက်ကမ်း စာစောင်တွေကို လူစည်ကားရာနေရာ အများစုမှာ လိုက်လံဝေငှကြတာ၊ အင်တာနက်
စာမျက်နှာတွေထက်မှာ ကြော်ငြာတာမျိုးတွေနဲ့ လူငယ်အများစု လာချင်အောင် ဆွဲဆောင်လေ့ရှိပါတယ်။ ဒါ့အပြင် အပြိုင် ကလပ်တခုထက် တခု ပိုပြီးတော့
လူအများဆုံး ဝင်အောင်၊ ပါတီလုပ်တယ်ဆိုရင်လည်း လူအလာများအောင်ဆိုပြီး စုံတွဲတွေအတွက် Kissing Time (နမ်းရှုံ့သည့်အစီအစဉ်) ကို ပြိုင်ပွဲသဘောမျိုးထည့်ပြီး စုံတွဲဆုပေးတာမျိုးလည်း ရှိပါတယ်။
တလခြား တခါလောက် ပုံမှန် ဒေးကလပ် တက်လေ့ရှိတဲ့ တက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုမျိုးမြတ်ဟိန်း ကတော့ ကျောင်းသားတွေအတွက် ညဘက် ကလပ်တက်ရတာ အ န္တရာယ်များတာကြောင့် သူငယ်ချင်းတွေနဲ့ အတူ ပျော်ပါးနိုင်အောင် ဒေးကလပ်တက်ဖြစ်တာလို့ဆိုပါတယ်။ တခါတလေ ကျောင်းစာတွေနဲ့ လုံးပန်းရလို့ ပင်ပန်းလာတဲ့ အခါ ကလပ်ထဲမှာ အော်ဟစ် ကခုန်လိုက်တာက စိတ်ဖိစီးမှုကို ပျောက်သွားစေတယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် မိဘတွေဘက်က စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ “ ဒေးကလပ် လုပ်တယ်ဆိုတာက ကျောင်းသားကျောင်းသူအရွယ်ကလေးတွေကို အဓိက ဆွဲဆောင်ချင်တဲ့ သဘောပဲ။ မိဘတွေက သားသမီး တွေကို ပညာတတ်စေချင်လို့ ကျောင်းကို ပို့ထားပေမယ့် ကျောင်းက သူငယ်ချင်းတွေ ခေါ်လို့ အဖော်ကောင်းပြီး ကလပ် ရောက်သွားမှာကို အရမ်းစိုးရိမ်တယ် ”လို့
နည်းပညာတက္ကသိုလ် ကျောင်းသူတဦး မိခင် ဒေါ်ခင်ခင်မြင့်က ပြောပါတယ်။
ကလပ်တွေကို တရားဝင်ဖွင့်ခွင့် မပေးထားပေမယ့် ဖွင့်ခွင့်မရှိဘူးဆိုတဲ့အကြောင်းကိုတော့ သက်ဆိုင်ရာက တရားဝင် သတင်း ထုတ်ပြန်ထားတာ မရှိတာကြောင့် ပွဲစီစဉ်သူတွေအနေနဲ့ အဆင်ပြေသလို လုပ်နေကြတယ်လို့လည်း ရန်ကုန် အင်တာနေရှင်နယ် ဟိုတယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ Pioneer ကလပ်ရဲ့ ဒီဂျေတဦးဖြစ်သူ ကိုလင်းလင်းက ပြောပြပါတယ်။။
“ ကျောင်းသားလူငယ်တွေ အများစု လာကြတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒေးပါတီ လုပ်တယ်ဆိုတာက ကြီးမားတဲ့ပြစ်မှုကြီးကို လုပ်တာမဟုတ်ပါဘူး။ ပျော်ပွဲရွှင်ပွဲလုပ်တာပါ။ မိဘတွေအနေနဲ့လည်း သားသမီးကို ပျက်စီးစေချင်မှာ မဟုတ်ပေမယ့် လူဆိုတာက အသက်ငယ်ငယ်ကြီးကြီး ချင့်ချင့်ချိန်ချိန်လုပ်နိုင်၊ ဆုံးဖြတ်နိုင်ရင် အန္တရာယ် မရှိပါဘူး”လို့ ဒီဂျေ ကိုလင်းလင်းက ဧရာဝတီကို ပြောပါတယ်။
ဒေးကလပ် ပွဲစီစဉ်တဲ့သူတွေအနေနဲ့ အသက်အရွယ် ပိုင်းခြားပြီး ဝင်ခွင့်ပေးတာမျိုး၊ သတ်မှတ်ထားတဲ့ အသက်အောက်အရွယ်ဆို ပေးမဝင်တာမျိုး စသည်ဖြင့် စည်းကမ်း သတ်မှတ်သင့်သလို ကလပ် ဆိုတာက ဖျော်ဖြေရေးလုပ်ငန်း ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာ တန်းဝင်တဲ့ စနစ်မျိုးနဲ့ ခွင့်ပြုသင့်တယ် လို့
ကိုလင်းလင်းက သုံးသပ်ပါတယ်။
“ အသက်အရွယ်ရောက်ပြီး အပန်းဖြေချင်တဲ့ သူတွေအတွက်ကော ဒေးကလပ် မရှိသင့်ဘူးလား ဆိုတာတော့ ကျနော်မပြောတတ်ပါဘူး။ မိဘတွေအနေနဲ့ကလည်း သားသမီး အပေါ် နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြထားမယ်ဆိုရင် ကောင်းတာပေါ့”လို့ သူက ဆိုပါတယ်။
မကြာသေးခင်က နာမည်ကြီး သတင်းစာ က ရန်ကုန်မှာ ဒေးကလပ်တွေ ခေတ်ပြန်ထနေတဲ့ အကြောင်း သတင်းရေးပါတယ်။ နောက် The Voice ဂျာနယ်ရဲ့ အယ်ဒီတာပေးစာ ကဏ္ဏမှာလည်း မိဘတဦးက သူရဲ့ သမီး ဒေးကလပ် သွားတယ် ဆိုတဲ့ သတင်းကို စုံစမ်းရာကနေ ကလပ်တွေ အများကြီးရှိနေတယ်ဆိုတဲ့အကြောင်းနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေ အများဆုံးလာရောက်ကြပြီး နေ့စဉ်ဖွင့်လှစ်နေတဲ့အကြောင်းကို ရေးသားထားပါသေးတယ်။
ရန်ကုန်မြို့မှာတော့ တာမွေမြို့နယ်မှာရှိတဲ့ DJ Club၊ ပုလဲကွန်ဒို၊ မင်္ဂလာတောင်ညွှန့့်မြို့နယ်ရှိ Cloud 9၊ ရန်ကုန် အင်တာနေရှယ်နယ် ဟိုတယ်အတွင်းက Pioneer၊ ကြည့်မြင့်တိုင်မြို့နယ်က Sky World၊ စီးတီးစင်တာရှိ ကလပ်၊ ကုက္ကိုင်းမြို့နယ်တွင်းရှိ ကလပ် စသည်ဖြင့် နေရာအတော်များများမှာ Day Club တွေရှိနေပါတယ်။