သတင်း

၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ ဂုဏ်သိက္ခာရှိတဲ့ မြန်မာပြည်ဖြစ်ဖို့ ဘယ်လို ပြင်ဆင်ကြမလဲ

This article has been converted from Zawgyi One to Unicode

နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်းသစ် ကြီးတွင် ရတနာပုံ ဘောလုံးအသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ကစားကြစဉ် ဖြစ်ပွားခဲ့သည့် ရန်ပွဲနှင့် ပတ်သက်သူများကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် အားကစားပွဲများ၊ ဘောလုံးပွဲများ၌ မကြာခဏ ဖြစ်တတ်သော ရန်ပွဲများကြောင့် မကြာခင် အိမ်ရှင်အဖြစ် ကျင်းပရတော့မည့် ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲများအတွက် စိုးရိမ်စရာ ဖြစ်လာမလားဟု တွေးထင်သူများ ရှိနေကြသည်။

အစွန်းရောက် မျိုးချစ်စိတ်ဓာတ်၊ အားကစားပွဲများ ဘောလုံးပွဲများတွင် မိမိ၏ ပုဂ္ဂလ ပြဿနာ၊ စိတ်တင်းကျပ်မှုများ အားလုံးကို ဖောက်ခွဲလေ့ရှိသော မြန်မာပရိသတ်၏ သွေးဆူလွယ်မှုများကလည်း စိတ်ပူစရာ ဖြစ်နေပြန်သည်။

အသင်းစွဲ၊ ပုဂ္ဂိုလ်စွဲ၊ နိုင်ငံစွဲတို့ဖြင့် အားပေးကြခြင်း မှန်သော်လည်း အားကစားစိတ်ဓာတ်ကို အရင်းမခံသော သွေးဆူမှု၊ မလိုလားအပ်သည့် အကြမ်းဖက်မှု တို့ကြောင့် ဘောလုံးအသင်း နှစ်သင်းစလုံး နစ်နာကြရပြီ။

ပြီးခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ကျင်းပစဉ်ကလည်း အိုမန်အသင်းနှင့် အိမ်ရှင်မြန်မာ အသင်းတို့ ရန်ကုန် အောင်ဆန်း အားကစားကွင်း၌ ဘောလုံး ယှဉ်ပြိုင်ကစားနေစဉ် ပရိသတ်၏ ဆူပူ အကြမ်းဖက်မှုကြောင့် ပွဲပျက်သွားပြီး မြန်မာပြည် ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် ကွင်းထဲဆင်း တားဆီးတောင်းပန် သော်လည်း မရခဲ့သည့် ပွဲ ဖြစ်ခဲ့သည်။

အထက်ပါ အဖြစ်အပျက်များကို ကြည့်လျှင် ရပ်ကွက်နှစ်ခု၊ ကျေးရွာနှစ်ရွာ ဘောလုံးချိန်းကန်ကြပြီး ရန်ဖြစ်၊ ပွဲပျက်သကဲ့သို့ ဖြစ်နေသည်။ မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံအဆင့် ကစားကြသော ပွဲများတွင် ထိုသို့ ဖြစ်သင့်ပါ၏လော။

အားကစား ကလောင်ရှင်ကြီး ခင်မောင်ထွေး (ပျဉ်းမနား) ကတော့ လူများတိုင်း ပွဲမစည်ကြောင်း၊ ကိုယ့်အသင်း ပရိသတ် များစေရန် လက်မှတ်များ အိမ်တိုင်ရာရောက် လိုက်ဝေခြင်း၊ ကုမ္ပဏီ ဝန်ထမ်းများ၊ အလုပ်သမားများအား မကြည့်မနေရ ကြည့်ခိုင်းခြင်း စသည်တို့ကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ရကြောင်း ၎င်း၏ ဆောင်းပါး တပုဒ်တွင် ဝေဖန် ထောက်ပြ ထားသည်။

ဘောလုံးပွဲ၊ အားကစားပွဲများသည် လူထုဆန္ဒ ထောက်ခံပွဲ မဟုတ်ပါ။ စစ်အစိုးရလက်ထက်က လူထုဆန္ဒ ခံယူပွဲများ ကျင်းပသကဲ့သို့ လူများစေရန် ကားကြိုပေးခြင်း၊ လူတဦးကို ငွေဘယ်လောက်ဟူ၍ သတ်မှတ်ပေးခြင်း စသည်ဖြင့် ပြုလုပ်ကာ ဆွဲဆောင် ခေါ်ယူခြင်းများက မလိုလားအပ်သည့် ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေကြောင်း ထင်ရှားသည်။
ဒီမိုကရေစီ စနစ်ဆီသို့ လျှောက်လှမ်းနေသည် ဆိုသည့် ယခုအစိုးရ လက်ထက်တွင် ယခင်အစိုးရခေတ်က အမူအကျင့်များ မရှိသင့်တော့ဟု ထင်ပါသည်။

အားကစားပွဲများတွင် အားပေးသည့် ပရိသတ်ကလည်း ယခင်ထက် တိုးတက်ပွင့်လင်းလာပြီ ဖြစ်သော ခေတ်အခြေအနေနှင့် လိုက်လျော ညီထွေစွာ ကိုယ့် တကိုယ်စာ စည်းကမ်းကို ကိုယ်ကိုယ်တိုင် ထိမ်းသိန်းရတော့မည် ဖြစ်သည်။

ထစ်ခနဲရှိ ရိုက်မည်၊ ရှုံးလျှင် ဆော်မည်၊ နှက်မည် ဆိုသည့် စိတ်ဓာတ်များနှင့် ဒီမိုကရေစီ စနစ်က အံမကျလှကြောင်း ပြည်သူ တယောက်ခြင်းစီ နားလည်ရမည့် အချိန်၊ လာမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအတွက် ကြိုတင် ပြင်ဆင်ရတော့မည့် အချိန် ဖြစ်သည်။ ဆီးဂိမ်းကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် ၄ လခန့်သာ လိုပါတော့သည်။

လာမည့် ဒီဇင်ဘာလတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ဆီးဂိမ်း အားကစား ပြိုင်ပွဲများတွင် ထိုသို့ သွေးဆူသော ရိုင်းပြမှု၊ အကြမ်းဖက်မှုများ ပြုလုပ်လာပါက အာဆီယံ အလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းရမည်မှာ ဧကန်မလွဲပင်။

အားကစား ပြိုင်ပွဲများတွင် အားပေးသည့် ပရိသတ် များသည်၊ နည်းသည်ကို ပဓာန ထားသင့် မထားသင့် ဆိုသည်နှင့် အိမ်ရှင် အနေဖြင့် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲများတွင် အိမ်ရှင်နိုင်ငံ အနေဖြင့် ဂုဏ်သိက္ခာ ရှိရှိ ကျင်းပ ပြီးမြောက်စေရန် အားပေးမည့် ပရိသတ်များ အပါအဝင် အားကစားသမားများက မည်သို့ ပြင်ဆင်ထားသင့်ကြောင်းကို ပါဝင်ဆွေးနွေးကြရန် ဖိတ်ခေါ် လိုပါသည်။

Loading